ရသဆောင်းပါးစုံ မောင်ရင်ငတေ

ရောက်တတ်ရာရာ အတိုအစများ

ဗန်ဂိုးနဲ့ နျူနန်နယ်မှ အာလူးစားသူများ
မောင်ရင်ငတေ
မတ်လ ၁၊ ၂၀၁၄
  De aardappeleters 1885 April (Photo Google)

 

ပန်းချီဆရာ ဗင်းဆင့် ဝီလျှံ ဗန်ဂိုး (၁၈၅၃-၁၈၉၀) ရေးဆွဲခဲ့တဲ့ ပန်းချီကားချပ်တွေထဲမှာ အစောဆုံး အဦးဆုံး နာမည်ကြီး ပန်းချီကားတချပ်ကတော့ အာလူးစားသူများ အမည်ရ De aardappeleters (nl) Les mangeurs de pommes de terre (fr) The Potato Eaters (en) ဆိုတဲ့ ပန်းချီကားပါ၊ ဗန်ဂိုးဟာ နယ်သာလန်နိုင်ငံ Eindhoven မြို့ရဲ့ အရှေ့မြောက်ဘက်မှာ တည်ရှိတဲ့ ရှေးဟောင်းမြို့ တမြို့ဖြစ်တဲ့ Nuenen မြို့ကလေးမှာ ၁၈၈၃ ခုနှစ်က ၁၈၈၅ ခုနှစ်ထိ နေထိုင်ခဲ့ပါတယ်၊ ဗန်ဂိုးဟာ ဒီ အာလူးစားသူများဆိုတဲ့ ပန်းချီကားကို ဒီနျူအန်မြို့မှာနေထိုင်နေစဉ် ၁၈၈၅ ခုနှစ်က ရေးဆွဲခဲ့တာပါ၊ ဗန်ဂိုးက ထူးခြားချက်တွေ များစွာရှိသူတဦးပါ၊ သူ့ရဲ့အထူးခြားဆုံးက ပန်းချီရေးဆွဲခြင်း အနုပညာပါ၊ သူဟာ ၁၆ နှစ်သားအရွယ်ကထဲက သူ့ဦးလေးရဲ့ပန်းချီကားရောင်းဝယ်ရေးဆိုင်မှာ အလုပ်လုပ်ခဲ့ပြီး ပန်းချီအနုပညာနဲ့ နီးစပ်ခဲ့သော်လည်း အသက် ၂၇ နှစ် ၁၈၈၀ ခုနှစ်အထိ ပန်းချီကား အများအပြား မရေးဆွဲ ဖြစ်သေးပါဘူးတဲ့၊ အသက် ၂၇ နှစ် အရွယ်မှာမှ ပန်းချီပညာရပ်ကို လေ့လာနေဆဲ အဆင့် မျှသာ ရှိသေးတယ်လို့ ဆိုကြပါတယ်၊ ဒါပေမယ့် ဗန်ဂိုးဟာ သူပန်းချီ ရေးဆွဲခဲ့တဲ့ ဆယ်နှစ်နီးပါးခန့် သက်တမ်း အတွင်းမှာတော့ မရပ်မနား မနားမနေ ဆိုသလို နေ့ရောညပါ ရေးဆွဲခဲ့ဟန် တူပါတယ်၊ ပန်းချီကားချပ်များနဲ့ Sketch and study ပုံကြမ်းများ စုစုပေါင်း ၂၀၀၀ နီးပါးခန့် ရေးဆွဲသွားခဲ့ပြီး ဒီ အာလူးစားသူများဆိုတဲ့ ပန်းချီကားကတော့ သူရဲ့နာမည်ကြီးဆုံး ပန်းချီကားတွေထဲက အစောဆုံး ဆိုရမယ့် ပန်းချီကား တချပ်ပါ၊ အဲဒီ ပန်းချီကားကို ၁၈၈၅ ခုနှစ် ဧပြီလမှာ ရေးဆွဲခဲ့ပြီး ၁၈၈၆ ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းမှာတော့ ပြင်သစ်ပြည်ပါရီမြို့သို့ ပြောင်းရွှေ့ရောက်ရှိလာပါတယ်၊ ပြင်သစ်သို့ မရောက်မီအထိ ဗန်ဂိုးရေးဆွဲခဲ့သော အာလူးစားသူများ အပါအဝင် ပန်းချီကားအများစုကို Realism လို့သာ သတ်မှတ်ထားတာကို တွေ့ရှိရပြီး Post-Impressionism ပန်းချီကား တချပ်တလေသာ ရှိပါ တယ်တဲ့၊ ပါရီမြို့ကိုရောက်ရှိပြီးနောက် ရေးဆွဲခဲ့တာတွေကတော့ ကိုယ်တိုင်ရေးပုံတူများ အပါအဝင် Post-Impressionism ပန်းချီကားအများအပြားကို ရေးဆွဲခဲ့တာပါ၊ နောက်ပိုင်းတောက်လျှောက် သူ ပြောင်းရွှေ့နေထိုင်ခဲ့ရာ မြို့များဖြစ်ကြတဲ့ Arles, Saint-Rémy-de-Provence, Auvers-sur-Oise မြို့များမှာလည်း ကွယ်လွန်ခဲ့ချိန် နောက်ဆုံးနေ့ရက်တိုင် Post-Impressionism ပန်းချီကားများကို ရေးဆွဲခဲ့တာလို့ ဆိုကြပါတယ်၊

 

ဗန်ဂိုးအမ်စတာဒမ်ပြတိုက် (ဓါတ်ပုံ မရငတ)
အာလူးစားသူများ ပန်းချီကားရဲ့ တန်ဖိုးကတော့ ကမ္ဘာ့ပန်းချီကားများ အရောင်းအဝယ်ဈေးကွက်မှာ ဘယ်သောအခါကမှမတင်ခဲ့ဖူးလို့ တန်ဖိုးဘယ်လောက်ပေါက်တယ် မသိနိုင်ပေမယ့် ခန့်မှန်းခြေဈေးတွက်ဆထားကြတာကတော့ ယူရို သန်းငါးဆယ်နဲ့ တရာအကြားမှာ ရှိမယ်လို့ပါ၊ ဒီလို ရှေးဟောင်း နာမည်ကြီး ပန်းချီကားတွေ အနုပညာ ပစ္စည်းတွေရဲ့ ဈေးကွက်ကလည်း သိမ်းထားစရာ နေရာမရှိ လောက်အောင် ချမ်းသာကြွယ်ဝနေသူတွေရဲ့ အသိုင်းအဝိုင်းကြားမှာ အပျင်းပြေ ဆော့ကစားနေ ကြသလိုပါ၊ ဘယ်လိုဘဲဖြစ်ဖြစ် ဒီ အာလူးစားသူများ ပန်းချီကားကတော့ အမ်စတာဒမ်မြို့က ဗန်ဂိုး ပြတိုက်မှာ ရှိနေတယ် ဆိုတော့ကာ သူဋ္ဌေကြီးများရဲ့ ပရိုက်ဗိတ်ဂိုဒေါင်ထဲမှာ သိမ်းထားတာနဲ့စာရင် မောင်ရင်ငတေတို့လို စိတ်ဝင်စားသူတွေ သွားရောက်ကြည့်ရှုနိုင်တာပေါ့ မဟုတ်ပါလား၊

 

အာလူးစားသူများရဲ့တဲပုတ်လေး ၁၈၈၅ (Photo Google)

 

ရှေ့လာမယ့် မတ်လ ၃၀ ရက်နေ့ဆိုရင် ပန်းချီဆရာကြီး ဗန်ဂိုး မွေးဖွားခဲ့တာ နှစ်ပေါင်း ၁၆၁ နှစ် ပြည့်ပါတော့မယ်၊ နှစ်ပေါင်း ဒီလောက်ကြာခဲ့သော်လည်းဘဲ ပန်းချီဆရာကြီးရဲ့ အမည်ကတော့ သူ ရေးဆွဲခဲ့တဲ့ ပန်းချီကားတွေနဲ့အတူ ပန်းချီလောကသားတွေ အကြားမှာရော မောင်ရင်ငတေတို့လို စိတ်ဝင်စားသူတွေ ကြားမှာရော ဆက်လက်ပြီး ထင်ပေါ်ကျော်ကြား လူသိများနေအုံးမှာတော့ မလွဲ မသွေပါ၊ ဗန်ဂိုးဟာ ဒီအာလူးစားသူများပန်းချီကားကို နေ့ချင်းညချင်း လွယ်လွယ်ကူကူ ရေးဆွဲခဲ့တာမဟုတ်သလို အဲဒီအချိန်က အမှန်တကယ် ရှိခဲ့ဖူးတဲ့ အမှန်တကယ်ဘဲ အာလူးကိုသာ အဓိကထား စားနေရတဲ့ အခြေခံအကျဆုံး လူတန်းစားတွေရဲ့ ဘဝသရုပ်မှန်ကို ဖော်ဆောင်နိုင်ခဲ့တဲ့ Realism သရုပ်မှန်  ပုံကောင်းတပုံအဖြစ် အမြဲထင်ရှားနေမှာကတော့ အသေအချာပါ၊

 

(ဗင်းဆင့်ဗန်ဂိုးဆိုပြီး လူသိများ ထင်ရှားကျော်ကြားလှတဲ့ ကမ္ဘာကျော်ပန်းချီဆရာကြီးရဲ့ အမည်ရင်း Vincent Willem van Gogh စာလုံးပေါင်းရဲ့ အသံထွက် မူရင်း အမှန်ကို နယ်သာလန်မှာ ရောက်ရှိ နေထိုင်နေကြတဲ့ မောင်ရင်ငတေရဲ့ မိတ်ဆွေသူငယ်ချင်း တချို့ကို မေးမြန်းကြည့်ရာမှာတော့ သူတို့ Dutch ဒတ်ခ်ျဘာသာစကား အသံထွက်အရ  အနီးစပ်ဆုံး ဗမာအက္ခရာတွေနဲ့ ရေးချကြည့်လိုက်တဲ့ အခါမှာတော့ {ဖန်ဆန် ဝီလမ် ဖန်ခေါ } လို့သာ အနီးစပ်ဆုံး ရေးနိုင်ခဲ့တာကို တွေ့ရပါတယ်၊)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts