ရသဆောင်းပါးစုံ အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)

ကွန်ကရစ်တောထဲက သားကောင်၊ လှောင်ချိုင့်ထဲက ချိုးငှက် – အခန်း(၂၅)

အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)
ဖေဖော်ဝါရီ ၂၆၊ ၂၀၁၄

 

သမုဒ္ဒရာအောက်တွင် ရေပူစီးကြောင်းရှိသည်။  ထိုအပူထဲတွင် ငါးများ အသက်ရှင်သန် နှိုင်ကြသည်ဟုဆိုသည်။ ယမမင်းတိုင်းပြည်၌ အသက်ရှင်သန်ုပုံမျိုးဖြစ်လေမလားမသိ ။ ထိုသမုဒ္ဒရာရေပူ နှင့် ယမမင်းတိုင်းပြည်ထဲ ဘယ်လို ရှင်သန်ကြသည်တော့မသိ။ လောက ငရဲ အတွင်း တနေ့တာ ရှင်သန်ရေး ရှာကြံဖန်တီး ရခြင်း နှင့် အခက်အခဲကြားက ကိုယ့်လိုအပ်ချက်ကို ရှာကြံဖန်တီးရတာတွေပင် လူဆိုတာ ဒီလို ဖြတ်ကျော်တည်ဆောက်ခဲ့ရတာဟု ပြောကြတာဖြစ်မည်။ အိမ်နှင့်ဝေး ထောင်ဝင်စာ ပုံမှန်မလာနှိုင်ကြသေးမှီ ရက် ပိုင်းအတွင်းက ဖြစ်ရပ်လေးများသည် တကယ်တော့ အသေးအဖွဲ့လေးဟု ဆိုသော်ရမည်ဖြစ်သော်လည်း ကြံဖန်ဖန်တီးမှု ဟုတော့ဆိုရမည်။

 

ထောင်မှာနေ့လည် တန်းပိတ်ချိန်ဆိုတာ ရှိသည်။ ထို အချိန်အတွင်း တာဝန်ကျဝန်ထမ်း အပြင်ကိုပြန်ထွက်သွားသည်။ သူ့အစား ဝန်ထမ်းတယောက်ယောက်က အစားဝင်ပြီးလာစောင့်သည်။ သီးသန့်၂တိုက်ပေါင်းမှ ဝန်ထမ်းတယောက်ပဲ တာဝန်ကျသည်။ အခန်းအားလုံးပိတ်ထားလို့ ဘယ်ဝန်ထမ်းမှ တိုက်မှာမနေ။ တာဝန်ကျသော်လည်း နီးရာတနေရာရာ သွားနေတတ်သည်။ နေ့နှစ်နာရီ တန်းပြန်ဖွင့်တော့ တာဝန်ကျဝန်ထမ်း တိုက်ထဲပြန်ဝင်လာသည်။ တာဝန်ကျ ဝန်ထမ်း ရှိမနေသော်လည်း တိုက်တွင်း ဝေယျာဝစ္စ -ထမင်းထမ်း သန့်ရှင်းလုပ်ရန်ထားသော သာမန် ရိုးရိုး အကျဉ်းသာများထိုသူများက ၅ညတွေ လုပ်သမျှ ထောင်ကိုသတင်းပို့ရသည်။ အင်းစိန်ထောင်တုန်းက သီးသန့်တိုက်မှာနေခဲ့ရလို့ထင်သည် ကိုယ်တွေလုပ်သမျှ သတင်းပို့ခံသည်ဟု မကြားဘူးခဲ့။ ခုသာယာဝတီကို စရောက်ရောက်ချင်း ထောင်ပိုင်က ခြိမ်းခြောက်စကားနှင့်ဆီးကြိုတာကိုပထမဦးဆုံးရင်ဆိုင်ရပြီး တိုက်တာဝန်ကျ တပ်ကြပ်ကြီးက တခါထပ်ပြောတာခံရပြန်သေးသည်။ သူပြောတာက တခန်းနှင့်တခန်း ပေါ်ပေါ်ထင်ထင် ထောင်ကို ဆန့်ကျင်သောစကား မပြောရ။ အထာနှင့် စကားပြောလျှင်ပင်တောင် အရေးယူခံရမည်ဟု ပြောထားသည်။ တိုက်မှာ လုပ်သမျှ သူမသိ မရှိဟု ဆိုသေးသည်။ နေ့လည်ဘက် တန်းပိတ်ချိန် အခန်းတခန်းမှ ဟင်းနံ့ထွက်လာသည်။ ဆရာဒေါက်တာထွန်းသူ အခန်းမှဖြစ်သည်။ တာဝန်ကျ တပ်ကြပ်ကြီး ပြောထားသလို ဒေါက်တာထွန်းသူလုပ်သမျှ ချက်ခြင်း တပ်ကြပ်ကြီး သိပါသည်။ ထောင်ပိုင်ရုံးသတင်းပို့မည်ဟု ပြင်သည်။ အားလုံးကဝိုင်းမေတ္တာရပ်ခံကြသည်။ ဒီတော့လည်းသူက သဘောထားကြီးသလိုလို အမှတ်ယူအထက်စီးမှပြောပြန်ပါသည်။ ရောက်စမို့ အာဏာပိုင်၏ အထာကို အကဲခတ်စ ဘယ်သို့ဘယ်ပုံ ပြန်လည်တုန့်ပြန်ရမည်ကို စူးစမ်းစအချိန်မို့ ကိုယ့်ဘက်က ဘယ်လိုမှ ထပ်ဆင့်မတက်ပဲပြီးသွားခဲ့သည်။

 

တကယ်က ဒေါက်တာထွန်းသူ သည် သံလျှင် ဗုံးခွဲမှုဖြင့် ထောင်အချခံရသူဖြစ်သည်။ ထောင်အချခံရသူဟု ဆိုသဖြင့် တမင် လုပ်ကြံခံ တာကို ဆိုလိုရင်းဖြစ်သည်။ဆရာထွန်းသူတို့ အမှုအကြောင်းကို တထောင်လုံး သိရှိကြသည် ။ ထိုစဉ် သံလျှင် ရေနံချက်စက်ရုံ ဗုံပေါက်ကွဲစဉ်က သတင်းတွေပြန်အမှတ်ရသေးတော့သည်။ သတင်းစာထဲမှာ ထောက်လှမ်းရေး အရာရှိရှိကြီးက သူတို့ ထောက်လှမ်းရေး၏ စွမ်းဆောင်နှိုင်မှုတွေကို ကြွားဝါရင်း လက်သည်တရားခံကို မိပြီဟုသတင်းစာရှင်းလင်းပွဲတွေလုပ်သည်။ အခုအတူတူနေရတော့မှ သူတို့ အကြောင်း ခရေစေ့တွင်းကျသိရတော့သည်။ အမှုတခုလုံးသည် ဘယ်လိုမှ အမှုနှင့်ပတ်သက်ခြင်းမရှိပဲ နှစ်ရှည်ထောင်ဒဏ်များ အချခံရခြင်းဖြစ်သည်။

 

ဒေါက်တာထွန်းသူတို့လို ဆရာဝန်တယောက် အကျဉ်းအကျပ်ထဲ ရုန်းကန်ရခြင်းသည် ကိုယ့်လိုပဲ ဖြစ်မည်ဟုတွေးမိသည်။ ဘုန်းကြီးတပါး ထောင်ထဲစရောက်ထဲက ထိုအရပ်ဒေသနှင့် လိုက်လျှောညီထွေဖြစ်မည့်နည်းလမ်းများကို ပြင်ဆင်ရသည်က အချိန်တိုင်း ၊နေရာတိုင်း မဟုတ်လား။  အခက်အခဲကြားက အခွင့်အရေးကို ရသလောက်ချဲ့ယူခြင်း၊ လိုအပ်သည့်အခွင့်အရေး အတွက် တွန်းတွန်းတိုက်တိုက် လုပ်ယူရခြင်းတွေကမရှိမဟုတ် ရှိခဲ့သည်။

 

“ဆရာ ဟင်းကိုဘယ်လိုချက်လဲ”

 

တန်းဖွင့်ပြီး တပ်ကြပ်ကြီး နှင့်ပြဿနာအပြီး ဆရာထွန်းသူကို မေးလိုက်သည်။သူက

 

“ဒီလိုပဲ ရှာကြံဖန်တီးရတာပေါ့ပလပ်စတစ်ရှိရင် လောင်စာရပြီ ”

 

အင်းစိန် သီးသန့်ထောင်မှာကတည်းက ကြာဖူးထားသည်။ တချို့ချက်ပြုတ်နေသည်ကိုတွေ့ရသော်လည်းသေချာ မစူးစမ်းမိခဲ့။ ခုကိုထွန်းသူကိုမေးမိသည်။ သူကလည်းကိုယ့်ကိုခင်သည်။ စရောက်ပြီးစက ဒိုက်ဦးကဆိုလို့သူကလာပြီး စတင်မိတ်ဆက်သည်။ နောက်ဒိုက်ဦး က ဖအောင်ဝဲရွာမှာ သူ့သူငယ်ချင်း ဆရာဝန်ရှိကြောင်းပြောပြတော့တအံတသြ ဖြစ်ရသည်။ သူပြောသည့်ရွာက ကိုယ့်မွေးဖွားရာ ဇာတိရွာ။ သူပြောမည့်ဆရာဝန်က ဆုံးရှာပြီ။

 

“ဒေါက်တာကြည်မောင် မဟုတ်လား သူဆုံးပြီ ဆရာသိလား ”

 

ကိုယ့်ရွာက ဆရာဝန်နှင့်သူက ကျောင်းနေဘက် နောက်သူ့ဇာတိက ဝေါမြို့နယ်။ကိုယ်ဇာတိကဒိုက်ဦး ။ ထောင်ထဲမှာ ဒီလို အရပ်ဒေသ အနီးနားရှိသူချင်း စည်းစည်းလုံးလုံး နေကြရသည်။ ထောင်မှာပြောပြောနေသော အပိုင်စား ဆိုသော စကားလုံးကို အစ နားမလည်ခင်က ကြောင်တောင်တောင် ဖြစ်ခဲ့ရသေးသည်။ ခုတော့ ပဲခူး ဒိုက်ဦး ညောင်လေးပင် အဲ့ဒီလောက်အကွာအဝေးကလူများဆို အပိုင်စားလို့ ပြောတတ်နေပေပြီ။ အပိုင်စားဆိုတာကလည်း ထောင်ထဲမှာ ဆွေမျိုးအရင်းဖြစ်သည်။ ဆရာထွန်းသူက ကိုယ့်ထက် ထောင်ကို အရင်ရောက်သူဖြစ်သည်။ ဒီတော့ ကိုထက်စီနီယာများ၏ ပြောစကားကို မှတ်သားရသည်။ သူအင်းစိန်ထောင်မှာ ဟင်းချက် စားတာကို ပြောပြသည်။  ရေနွေးသောက်ချင်တော့ သူလုပ်ပုံတခုကိုပြောပြသေးသည်။ ပလစတစ်အိပ်ထဲရေထည့်သည်။ လဘက်ခြောက်ကိုပါ ထည့်သည် ။ နောက်သွပ်အမိုးပေါ်ပစ်တင်ထားသည်ဟုဆိုသည်။ တကယ့်ရေနွေး မဟုတ်သော်လည်း အာသာပြေ လဘက်ခြောက် ခတ်ထားသော ရေမပူတပူ နွေးနွေးလေးကိုတော့ သောက်ရသည်ဟုဆိုသည်။ ဒီရက်အပိုင်း ရေနွေးသောက်ချင်လျှင် ဆရာထွန်းသူ ပြောသလို ရေကို နေပူခံပြီး သောက်ရသည့်အခြေနေကိုတော့မရာက်လိုက်။ ကျောက်ဆူးဆေးပေါလိပ်- ၂လိပ်လောက် ပေးလိုက်လျှင် အပြင်ဘက်က ဘာယာများက ဆောင်ရွက်ပေးသည်။ သာယာဝတီထောင်မှာ ချဉ်ပေါင်ရွက်တွေပေါသည်။ ချဉ်ပေါင်ရွက်ဟင်းကိုစားချင်သည် ။ မီးဖိုပြီးချက်စားခွင့်မရ ။ လိုလျှင်ကြံဆ နည်းလမ်းက ရလာသည်။ ချဉ်ပေါင်ရွက်တွေကိုခူးသည်။ ပြီး ပလပ်စတစ်အိတ်ထဲ ချဉ်ပေါင်ရွက်တွေကိုထည့်သည်။ ထမင်းထမ်း သွားသော ဘာယာတယောက်ကို ဆေးလိပ်တလိပ် ပေးပြီး ပွက်ပွက်ဆူနေသော တာလပေါ ဟင်းအိုးထဲကိုထည့်ခိုင်းလိုက်သည် ။ နူးအိပြီးရလာသော ချဉ်ပေါင်ကို ဇွန်းနှင့် ကျေအောင်မွှေသည် ဟိုသည်ကပေးကမ်းထာသော ငပိကြော်တဇွန်းလောက်ခတ်သည် ။ ထောင်ငပိသင့်ရုံ ထည့်သည် နောက်တာလပေါအရည် လိုသလောက် ရောလိုက်သည် ။စားရန် အသင့်ဖြစ်သော ချင်ပေါင်းဟင်းကိုရတော့သည်။

 

ထောင်မှာ စားသောက်ရန် အတွက်ကြံဖန် ဖန်တီးရမှုများသည် ရှိတာနှင့် အဆင်ပြေအောင် နေတတ်ဖို့ လေ့ကျင့်ပေးနေသလို ဖြစ်တော့သည်။ ရေနွေးကြမ်းသောက်ပြီးသား လဘက်ခြောက်ဖတ်တွေကို စုထား များတော့ သုတ်စားသည်။ ကိုယ်တွေက စွန့်ပစ်ပစ္စည်း အဖြစ် သုံးနေတာ ကြာလာပြီဆိုတော့ အသုံးဝင်သည်မထင်။ ခု ရှားပါးဒေသတွင် အသုံးဝင်းစားသောက်ဖွယ်ရာတခု ဖြစ်လို့နေပြီ။ အလွယ်ရသော ကန်စွန်းရွက်တို့ကို ရေနွေးဖျော၍တခါ -ချဉ်ဖတ်ထည့်၍တဖုံ လုပ်စားတတ်နေပြီ။ ရလာသမျှ ထန်လျှက် သကြားများသည် သရေစာ ထက် ဟင်းချက်လျှင်သုံးဖို့ အချိုမှုန့်အစားအသုံးဝင် နေပြန်သည်။ ပေါများသော မုံလာ မုံညင်းရွက် ဂေါ်ဖီအထုပ် အပွင့်တို့ကို ပထမကြော်စား ချက်စားတာသာ လုပ်တတ်သည်။ နောက်တော့ ထန်လျှက် ကြံသကာ တို့ကို ညက်အောင် ထောင်းပြီး ရှမ်းချဉ်လို ချဉ်ဖတ် ထည့်တတ်လာပြီဖြစ်သည်။ ချဉ်ဖတ်ကို တို့စရာလိုသာ စာတတ်ခဲ့သူက အခုချဉ်ဖတ်ကို အသုတ်သုပ်စားတတ်လာပြီ ။ နောင်ဆို ချဉ်ဖတ်ကိုအခြောက်လှန်း လိုအပ်သည့်အချိန်မှာ ထိုအခြောက်ကို ရေနွေးနှင့် ရောပြီး ဆွန်တန်လို ဟင်းချိုမျိုးပါ စားနှိုင်ဦး မည်ဟုဆိုသည်။ အင်းစိန်ထောင်တွင် အနေကြာလာခဲ့သူများ၏ ထောင်တွင်း ဟင်းချက်နည်း အသစ်တွေ့ရှိချက်တို့ကို မှတ်သား ခဲ့ရသည်။

 

“ထောင်ထဲမှာက သူဌေးတွေပဲ လိုသလို စားနှိုင်ကြတာ ကိုယ်လို အိမ်ဝေးသူတွေအတွက် သရေစာ စားဖို့ ဟာကိုလဲ ဟင်းအဖြစ် ပြေင်းလွဲ နှိုင်ရမယ်”

 

ဒီစကားကိုပြောသူကတော့ မန္တလေး လွှတ်တော် အမတ် ဦးတင်အောင်အောင် ပဲဖြစ်သည်။ ရွှေကျီးမုန့်ကျွတ် မာရီ ဘီစကွက် တိုကို အမှုန့်ဖြစ်အောင်ကြိတ် အကြော်လိုဟင်းမျိုးချက်လျှင် ကော်ရည်အဖြစ် လုပ်လို့ရသည်ဟု ဆိုသည်။ ကိုယ်က ဒီစကားကို အခန်းထဲတွင်  အထူးအဆန်းလို ပြောပြတော့ ထောင်သက်ရှည်ပြီးကြသူတွေက မထူးဆန်းသလို တွေ့ရသည်။ အခန်းထဲမှ တယောက်က

“ရွှေကျီးမုန့်ကျွတ် မာရီ ဘီစကွက် နဲ့မုန့်ခါးတောင်ချက်စားလို့ရတယ်”

 

ကိုယ်ကပိုစိတ်ဝင်စားလို့ ဘယ်လိုချက်တာဟုမေးတော့

 

“အိမ်က ငါးကြော်ဖြစ်ဖြစ် ငါးနဲ့လုပ်ထားတဲ့ ငပိကြော်ဖြစ်ဖြစ် ကို ထောင်ထဲက စပါးလင်ကြက်သွန်ရောထောင်ပြီး ဆီသတ်ကြော် နောက် မုန့်ကြွတ်ဖြစ်ဖြစ် မာရီ ဘီစကွက်ဖြစ်ဖြစ် အမှုန့်လုပ်ပြီး အရည်ဖျော်ထည့်လိုက် ရွှေချည်နံ့လေးကိုသင်းလို့ နောက် ထညက်ခဲ တခဲနှစ်ခဲလောက်ထည့် လိုက် အပြင်က ဆိုင်မုန့်ဟင်းခါးသည်တွေတောင် အရှုံးပေးသွားရမယ်”

 

နောက်တဖြေးဖြေး လွတ်လပ်မှုကိုတိုးချဲ့ ရလာသောအခါ ဟင်းတွေချက်စားကြသည်။ လောင်စာက ပလပ်စတစ်မဟုတ်တော့ ထမင်းခြောက်ကို လောင်စာ လုပ်ကြသည်။ ဒီလိုထမင်းခြောက်ကိုလောင်စာလုပ် မီးမွှေးသည်ဆိုတာကို အပြင်လောကမှလူများ အံ့သြကြပေလိမ့်မည်။ ထင်းမရှိ မီးသွေးမရှိသော အရပ်ဒေသ တွင် ရှာကြံတွေ့ရှိထားသော တွေ့ရှိချက်သည် တော်တော် အသုံးဝင်လှသည် ။  ခြောက်နေသောထမင်းခြောက်ကိုပုံသည်။ပလပ်စတစ်ကိုမီးရှို့ပြီး ထမင်းခြောက်ပေါ် အစက်ချသည်။ များများလေးကျလာသောအခါ ထမင်ခြောက်ကိုမီးစဆွဲသည်  သံဆူကြိုးလိမ်ကရသော သံချောင်းလေးဖြင့် ထမင်းခြောက် မီးလေးကို အသာယာမတင်ပေးလိုက်လျှင် မီးတောက်ကိုရလာသည် ။ တဖြေးဖြေး အားကောင်းသောမီးတောက် မီးကျီးခဲလိုပါရလာတော့သည်။ ထောင်တွင် ပုံစံလာပေးသော ထမင်းကို ပိုယူထားပြီး အခြောက်လှန်းရသည့် အလုပ် ထောင်မှမသိအောင် ထမင်းခြောက် ဝှက်ရသည့်အလုပ်များ ကို  ထောင်တွင်းနေထိုင်မှုတွင် စာရင်သွင်းရပေတော့မည် ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts