ရသဆောင်းပါးစုံ အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)

ကွန်ကရစ်တောထဲက သားကောင်၊ လှောင်ချိုင့်ထဲက ချိုးငှက် – အပိုင်း (၁၈)

အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း)
ဖေဖော်ဝါရီ ၆၊ ၂၀၁၄

 

ထောင်ထဲကအမှတ်ရစရာတွေကို ပြန်တွေးလျှင်တော့အများကြီးပဲဟုပြောရမည်။ သေသေချာချာ မှတ်မိထားသော်လည်း စာတစ်စောင်ပေတဖွဲ့ အဖြစ် မရေးလောက်သော ကိစ္စများလည်းရှိသည်။ တချို့ကိစ္စများသည် ကိုယ်နှင့် မထိစပ်ခဲ့သောကြောင့် ကျကျနန ဂဃနဏ မသိရှိထားသော်လည်း မှတ်တမ်းတစ်ခုအဖြစ်တော့ တို့ထိခဲ့ ရမည်ဟု လက်ခံထားသည်။ တချို့ပုဂ္ဂိုလ်များက ထည့်မရေးသော်လည်း ကိစ္စမရှိ ။တချှို့ကြပြန်တော့ မြင်သမျှ သိသမျှလောက်လေးကိုတော့ ပြောပြထားခဲ့ဖို့ လိုမည်ထင်ပါသည်။ ထောင်ထဲ ကပြန်ထွက်လာပြီးနောက် ထောင်နှင့်ပတ်သက်သော ပြောစရာ စကားများတွင် အဖြစ်အပျက် များပါဝင်သလို လူပုဂ္ဂိုလ် တစ်ဦးချင်း မျတ်မှတ်ရရ ပြောနေရမည့်သူများအကြောင်းလည်းပါဝင်သည်။ထောင်ထဲက အပြန် ပြောစမှတ်ပြု ပြောရသူတွေထဲမှာ     ကိုယ်နှင့်သက်ဆိုင်သူ တချို့ကိုသာ ပြောကြသော်လည်း တစ်ချို့ကတော့ လူတိုင်းကကို မှတ်မှတ်ရရ ပြောတိုင်း ပါရသူတွေလည်း ရှိနေပါသည်။ 

 

ယခုပြောမည့် အဘက ဦးဇင်းနှင့် ကိုယ်တိုင်နေခဲ့ရသူတော့ မဟုတ်။ အတူမနေခဲ့ရသော်လည်း ဟိုဘက်အဆောင် ဒီဘက်အဆောင်တွေ့နေကြရသည်။ နောက်ဦးဇင်း၏ အမှုတွဲ တစ်ယောက်ဦးထွန်းကျော်နှင့်ပတ်သက်ပြီး သိနေခဲ့ရသည်။ သူနှင့်အိမ်နီးချင်းမို့ ထောင်သို့ စောပြီးရောက်နှင့်နေခဲ့သူ အဘက နောက်မှရောက်လာသူ ဦးထွန်းကျော်ကို ကူညီပေးတာက စပြီးသိလာခဲ့ခြင်းဖြစ်သည်။ လိုအပ်သောစားစရာ ဆေးဝါးနို့မှုန့်ကအစ ပို့ပေးထားသည်။ ဦးထွန်းကျော် အိမ်နှင့်တွေ့ခွင့်ရပြီး နောက်ရက်က စလို့ ကိုယ့်ဘာသာကိုယ်စား ပေးစရာမလိုတော့ဘူးဟု ပြောပြီး ဘာမှမပေးတော့ဟုပြောသည်။  ထောင်အကြောင်း ပြောတိုင်း သူနဲ့အတူတူ နေခဲ့သူတိုင်းက သူ့အကြောင်းပြောစမြဲ။ သူကတော့ တန့်ဆည် မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးကျော်ဆန်းဖြစ်သည်။ အတူနေစဉ်က ဘယ်ကဲ့သို့ ရှိခဲ့သည်မသိ။ ထောင်ကလွတ်ပြီးသူတွေ ပြန်ပြောသည့် စကားသံတိုင်းက လွမ်းမောဘွယ်ရာအဖြစ် သူ့ကို မှတ်မှတ်ရရ ပြောဆိုနေကြသူတွေကို တွေ့နေရသည်။သူနှင့်အတူ နေခဲ့ဘူးသူ ထောင်ထဲကွယ်လွန်သွားသော ထီးလင်းအမတ် ဦးစောဝင်း ဦးဇင်းနှင့်တခန်းတည်းနေစဉ် ဦးစောဝင်းပြောပြောပြနေသည့် အကြောင်းအရာတွေထဲ ဗိုလ်မှူးကျော်ဆန်းအကြောင်းက ထိပ်ဆုံးမှာရှိနေသည်။  ဒီအကြောင်းတွေကြောင့်ပင် သူ့နှင့် အတူမနေခဲ့ရသော်လည်း သူအကြောင်းကို ရေးချင်လာသည်။ လူတွေကသူ့အကြောင်း မပါမဖြစ်ပြောရလောက်အောင် သူ့ဆီမှာသတိတရ ပြောစရာတွေကဘာတွေလဲ။

 

သူ့အကြောင်းရေးမယ်စိတ်ကူးတော့ အတူနေခဲ့သူ တချို့ကို မေးမြန်းဖြစ်သည်။ ကိုယ်သိထားက နဲနဲလေး ။ အခုပြောပြနေတဲ့ ကိုဆွေကိုက  ဦးကျော်ဆန်းအကြောင်းကို ကျကျနနသိနေသူ။

 

“ဦးဇင်းရေ အဘဦးကျော်ဆန်းက စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ကကြက်မင်းကြီးကျေးရွာသား အဘ အဖေနာမည်က ဦးလာမြတဲ့ အဘက ရိုးရိုးတပ်သားဘဝကနေ ဗိုလ်ဖြစ်လာတာ သူ့တပ်ရင်မှူးက အခု အင်အယ်လ်ဒီက အဘဦးတင်းဦး အဘဦးကျော်ဆန်းနဲ့ ရန်ကုန်တိုင်းတိုင်း တိုင်းမှူးဖြစ်သွားတဲ့ ဗိုယ်ချုပ်မျိုညွှန့် နောက် အင်းစိန် စအဖ ဒုတိယဗိုလ်မှူးကြီမြဦး က သူနဲ့အတူတူ ဗိုလ်ဖြစ်လာတဲ့သူတွေ နောက်အဘက မော်လမြိုင်သူ ဒေါ်မေနွယ်နဲ့အိမ်ထောင်ကျတာ ”

 

ဦးကျော်ဆန်းအကြောင်းကို သူက သေချာမှတ်မိနေသည်။ သူ၏ပြောစကားများနှင့် ဦးဇင်းနှင့်တခန်းတည်း နေခဲ့ဘူးသူ ထီးလင်းအမတ် ဦးစောဝင်း တို့ ပြောစကားနှင့်ပင် ဦးကျော်ဆန်းအကြောင်းက တရင်းတနှီး ရှိလှသည်။ လူချင်း စကားတခါလောက်သာ ပြောဘူးသော်လည်း  နရသိန်ပြန်တို့၏ စကားဝိုင်းထဲက မပါမဖြစ် ပုဂ္ဂိုလ်တယောက် မို့ နာမည်က တော်တော် အကျွမ်းတဝင်ရှိလှသည်။

 

“သူထောင်ထဲကိစ္စတွေကတော့ ပြောစရာတွေအများသား ကျန်းမာရေးကိုအထူးလုပ်တယ် ဒိုက်ထိုးတာ ထိုင်ထ လုပ်တာ မပျက်ဘူး သူ့အသက်အရွယ်နဲ့ တနေ့တရာ ဒိုက်ထိုးတယ် ”

 

သူဒီလိုပြောပြတော့ ကျန်းမာရေး အတွက် အားကစားအဝတ်အစား ဝတ်ပြီး လမ်းလျှောက်နေသော မြင်ကွင်းကို ပြန်လည်မြင်ယောင်သည်။

“သူက ကျန်းမာရေး ကိုအထူးဂရုစိုက်သလို သန့်ရှင်းရေးကိုလဲ အရမ်းကြိုက်တယ် သူပုဂံတခါဆေး မပြီးတော့ဘူး သူ့ကို တခါက စောင်လျှော်ပေးဘူးတယ် ဆပ်ပြာစင်အောင် ရေထပ်ခါထပ်ခါဆေး ခိုင်းတာ တခါပြီးတခါ မပြီးနှိုင်တော့ဘူ လက်ကိုအံသေရော သူထောင်ကျတဲ့ကိစ္စကောသိလား”

 

သူပြောပြတော့မည့်ကိစ္စကို စိတ်ဝင်စားလာသည်။ ပြောပြဖို့ သူ့ကိုပြောတော့

 

“ဒေါ်စု နိုဗယ်ဆုရ တုန်းက အဘက စစ်ကိုင်းတိုင်းဥက္ကဌလေ စစ်ကိုင်းတိုင်းကထောက်ခံချီးကျူးမှတ်တမ်းတင်တဲ့စာ ထုတ်တယ် အဲ့ဒီကိစ္စရော နောက် အဖွဲ့ချုပ်က ဒေါ်စုနဲ့ ဦးတင်ဦးကို ပါတီက ထုတ်လိုက်တာ ကန့်ကွက်ကြောင်းစာပါထုတ်သေးတယ် အဲ့ဒီစာတွေကြောင့်အဘထောင်ကျတာနောက်ဦးတင်ဦးဆီ ရေးတဲ့စာတစ်စောင်ရယ်ကြောင့်ကော ၅-ညပုဒ်မ အတပ်ခံရတာ”

 

ထောင်ကျသူအချို့ ကြုံရသော ထောက်လှမ်းရေးက လာရောက် ပြီးသဘောထားမေးမြန်းမှုမျိုးကိုအဘလည်း ကြုံခဲ့ရသည်။၁၁/၉၂ ကြေငြာချက်သည် ထောင်ထဲက အကျဉ်းသားများ လွတ်ရေးနှင့်ဆိုင်သောကြေငြာချက်ဖြစ်သည်။ ထိုကြေငြာချက်ထုတ်စဉ်အခါက အဘ နှင့် အခြားလူတွေကိုမေးမြန်းတီးခေါက်တာ ကြုံခဲ့ရသည်။ အဘနှင့်အတူ ဦးသိန်လွင်၊ဦးကြည်ဆွေ၊ဦးစောဝင်း၊ ဦးသာဘန်း၊ ဦးRPသောင်း၊နိုင်ခင်မောင်တို့ပါသည်ဟု ကိုဆွေကိုကပြောပြသည်။ ထိုစဉ်က အခြားသူများ ဘယ်လိုဖြေကြားခဲ့သည်ကိုတော့ မသိ။ အဘ ပြန်ပြောပြသည်ကိုတော့ ကိုဆွေကိုက သူမှတ်မိနေတာကို သေချာပြောပြသည်။

 

“ဘိန်းစိုက် ရောင်းဝယ်သူတွေကို တောင် အစိုးရက နေရာပေးဆက်ဆံနှိုင်ပြီး ကျုပ်တို့ကို ဘာလို့ နိုင်ငံရေး လုပ်ခွင့်မပေးချင်ရတာလဲ အပြင်ရောက်တာနဲ့ နိုင်ငံရေးဆက်လုပ်မယ် ”

 

ပြတ်ပြတ်သားသား ရပ်တည်ပြောဆိုခဲ့မှုကပင် သူ့ကို (၁၀-က) ဖြင့် ထောင်မှပြန်မလွှတ်ခဲ့ခြင်းဖြစ်သည်။ (၁၀-က) ဆိုသည်က အပြစ်ရှိရှိမရှိ လိုရင်လိုသလို ဖမ်းနှိုင်သော ပုဒ်မ ဖြစ်သည်။ အာဏာရှင်များက ဥပဒေ အရလုပ်သည်ဟုပြောတတ်ကြသည်။ တကယ်က ထိုဥပဒေများသည် ယဉ်ကျေးသော လူ့အဖွဲ့စည်းက လက်သင့်မခံသော ဥပဒေ ဆိုသည်ကို အာဏာရှင်တို့ နားလည်ရဲ့လားမသိ။ လူဆန်တာမဆန်တာကို အာဏာရှင်တို့အတွေးထဲ ထည့်ထားသည်မဟုတ်။ ဆန့်ကျင်လာသူ မှန်သမျှကို နှိပ်ကွက် နှိုင်ခြင်းကသာ သူတို့ လိုအပ်သော ဦးတည်ချက်ဖြစ်သည်။

 

သူ နှင့်အတူ ထောင်ထဲနေရ သဖြင့် သူ၏ ရာထူး အရှိန် ဖြတ်သန်းခဲ့ရသော အခြေနေတွေကြောင့် အာဏာပိုင် ထောင် အုပ်ချုပ်သူတို့ကို သူကရဲရဲပြန်လှန်ပြောဆိုတတ်မှုက အားလုံး၏ အားကိုးရာတစ်ခုတော့ဖြစ်ခဲ့သည်။ စစ်မှုထမ်းစဉ်မှာပင် ခေါင်းမာသည်။ မဟုတ်မခံ ပြန်ပြောတတ်သည်။ စိတ်တိုပြီး စကားပြောစက်ကို ကိုင်ပေါက်ခဲ့မှု တစ်ခုတောင်ဖြစ်ခဲ့ဘူးသည်ဟုကိုဆွေကိုကပြောသည်။ ဦးစောဝင်းပြောပြခဲ့သည့်တစ်ခုတွင်  “ညွှန်မှူးတန်းစီတဲ့နေ့က သူက တင်ပြဖို့လုပ်တယ် ညွှန်မှူးက ကိစ္စရှိတိုတိုပြောလို့လဲ ပြောရော ဦးကျော်ဆန်းက မတင်ဘူးဗျာ မတင်ဘူးဟု ပြောပြီး ထိုင်ချလိုက်တယ်”

 

ဒီလိုပြန်ပြောရဲဖို့ ဆိုသည်က သာမန်အကျဉ်းသားတစ်ယောက်အတွက် အင်မတန် ခက်ခဲသော ကိစ္စဖြစ်သည်။ သို့သော်လည်း သူကတော့ ပြောရဲသည်။ ညွှန်မှူးကသူနှင့် ရာထူးအတူတူ သူ့အကြောင်းသိနေသူဆိုတော့ အပြုံးမပျက် ထွက်သွားသည်။ ကျန်ထောင်မှူးထောင် ပိုင်မှားသာ မျက်စေ့မျက်နှာ မကောင်း ဖြစ်နေသည်။

သူစကားပြောလျှင် တော်တော်နှင့် မပြီးနှိုင်သည်က လူတိုင်း ချစ်စနိုးပြောစရာတစ်ခုဖြစ်သည်။ ထိုအကြောင်းအရာလေးပြောပြီး အဘကို အမှတ်တရ ပြောတတ်ကြသည်။ သူစစ်တပ် ထဲ အရာရှိဘဝ ဘောလုံးပွဲ အဖွင့် အမှာစကားပြောရာ မိန့်ခွန်းရှည်သဖြင့် ဘောလုံးကန်ချိန် မမှီတော့။ ထိုဘောပွဲကိုနောက်နေ့သို့ ပြောင်းလိုက်ရသည့်ကိစ္စ ဖြစ်သည်။ ထိုကိစ္စက အခုထောင်ထဲမှာသာ ပြောနေကြသည်မဟုတ် ။ သူတို့စစ်တပ်အတွင်းမှာလည်း ပြောနေကြမည်ထင်သည်။ ညွှန်မှူးဦးစောငွေက သူ့ကို ထိုကိစ္စရည်ရွယ်ပြီးပြောလိုက်သည်လားမသိ။ ဒီကိစ္စကို လူတွေပြောနေကြခြင်းသည်း ဦးကျော်ဆန်းကို ချစ်စရာ အနေအထားဖြင့် ပြောဆိုနေကြသည်မှာ သိသာပါသည်။

 

လူတွေအမှတ်တရ အဖြစ် ပြောကြားမှု နောက်တစ်ခုက အင်းစိန် သီးသန့် ထောင်မှာဖြစ်ခဲ့သည်။  ထိုနေ့က ထောင်ဖွင့်ောက်ကျနေသည်။ သတ်မှတ်ထားသော အချိန်ကျော်လွန် သော်လည်း လာမဖွင့်ကြသေး။ တညလုံးအခန်းထဲ စွန်ပစ်ပိုလျှံ ပစ္စည်း တိုက လျှံတော့မည်။ အခန်းတိုင်းက လည်တဆန့်ဆန့် မျှော်နေကြသည်။

 

ဦးစောဝင်းစိတ်ထဲ  ဦးကျော်ဆန်းနှင့်ခွဲခွါခဲ့သော်လည်း အမြဲ အမှတ်ရနေဟန်ရှိသည်။ ဒီအကြောင်းပြောတိုင်း လတ်လတ်ဆတ်ဆတ် ရှိနေသလို ခံစားမှုပါနေတတ်သည်။

 

“အချိန်က တော်တော် နောက်ကျနေပြီ တန်းဖွင့်သံချောင်းက မခေါက်သေးဘူး ဒီတော့ညက စွန့်ပစ်ထားတဲ့ ဆီးနဲ့ မိလ္လာတွေ ကို အခန်းရှေ့ကို အကုန်သွန်ပစ်လိုက်တယ် ”

 

ထောင်က အကျဉ်းသားများကို ဖိစီး နှိပ်စက်တာ ထောက်ဘက်က လွန်လာတာ မတရားတာတွေကိုသူ အမြဲဆန့်ကျင် တတ်သည်။ ထိုသို့ ဆန့်ကျင်ခြင်းတွင်လည်း အဖေါ် မလို ။ သူတစ်ယောက်တည်း ဖြစ်ပစေ မမှန်ဘူးထင်လျှင် ချက်ခြင်း တုန့်ပြန်တတ်သည်။ သူအာဏာရှင်စနစ်ကို လုံးဝဆန့်ကျင်တာကို သူရေးဘူးတဲ့ ဧရာဝတီကစာတပုဒ်က စိတ်ထဲ အလိုလိုပြန်လည်ပေါ်လာတော့သည်။

 

“တပ်မတော်ကို မဆန့်ကျင်လို့ ကျနော်နဲ့ မဆက်ဆံချင်လည်း နေ။ အာဏာရှင်စနစ်ကို ဆန့်ကျင်တာ။ အာဏာရှင်ဆိုတာ တပ်မတော်မှ မဟုတ်ဘူး တပါတီပဲ လုပ်လုပ်၊ ပုဂ္ဂိုလ်တဦးပဲ လုပ် လုပ် အာဏာရှင် စနစ်ကို ကျနော် သဘောမတူဘူး။ တပ်ဟာ အာဏာ လုဖက် မဖြစ်စေချင်ဘူး။ တပ်က ကိုယ်တိုင်နိုင်ငံရေးပါတီ ထူထောင်တာလည်း ကျနော် သဘောမတူပါဘူး။”

 

အဘ ဦးကျော်ဆန်းအပေါ်အလေးထားမိတဲ့ နောက်စကားတခွန်းကတော့ သိပ်အာဏာ လိုချင်တယ်ဆိုရင် သေနတ်စွန့်၊ ယူနီဖောင်းချွတ်၊ ကြိုက်တဲ့ နိုင်ငံရေးပါတီ ထူထောင်၊ အဲဒါ ကျနော် လက်ခုပ် တီးပေးမယ်၊ လက်ဆွဲနှုတ်ဆက်မယ်၊ ပြောရရင် ကျနော်တို့ကလည်း လွတ်လပ်ခြင်း၊ တရားမျှတခြင်း ဆိုတာတွေကို မလွဲမသွေ ရိုသေတဲ့သူတွေပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts