ရသဆောင်းပါးစုံ အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)

ကွန်ကရစ်တောထဲက သားကောင်၊ လှောင်ချိုင့်ထဲက ချိုးငှက် – အပိုင်း (၂၃)

အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)
ဖေဖော်ဝါရီ ၂၃၊ ၂၀၁၄

 

ဘဝ၏အဓိပ္ပါယ်ကို အမျိုးမျိုးဖွင့်ဆိုကြသည်။ ထိုဖွင့်ဆိုချက်တို့သည် ဖွင့်ဆိုသူတို့၏ ကိုယ်တိုင်ဖြတ်သန်းရသော အခြေနေတို့မှ ပေါက်ဖွားလာသည်ဟု မြင်မိသည်။ လူတို့သည်  အမျိုးမျိုးအဖုံဖုံ ဖြတ်ကျော်ခဲ့ကြရသည်။ တယောက်နှင့် တယောက် တထပ် တည်း မကျကြ။ ဒီတော့ အမြင်ကလည်း တယောက်တမျိုးစီဖြစ်လာကြတော့မည်။ အခုအတူတူတခန်းတည်းနေသူတို့ သည်ပင်လျှင် လက်ရှိရင်ဆိုင်နေရသော အနေထားပေါ်တွင် ပြန်လည်တုန့်ပြန်ပုံခြင်း ကွာခြားလှသည်။ ဒီတော့ တိုက်၂ခုအတွင်းနေထိုင်သူတို့ကို ဆန်းစစ်မိသည်။

 

အတူတူထောင်ပြောင်းလာသူတွေထဲ အမှုမျိုးစုံ ပါလာကြသည်။ ၅(ည) နိုင်ငံရေးနှင့်ပတ်သက်တာ ဆို၍လက်ချိုးရေလို့ရသည်။ (၁၁)ခန်းမှာ ကိုဌေးကြွယ် ရှိသည်။ (၁၀)ခန်းမှာ မန္တလေးကအမတ် ဦးတင်အောင်အောင် ။ (၈)ခန်းမှာ ဒေါက်တာထွန်းသူ။ (၅)ခန်းမှာ ပခုက္ကူက ဦးပိုက်ကို ။( ၄)ခန်းမှာ ကျောင်းဆရာရန်နိုင်အောင်။ (၃)ခန်းမှာတော့ မိမိ။ ဒီလောက်ပဲပါသည် ။ ကျန်သူများက အရေးအခင်းမှုများနှင့် လူဆိုးတွေ ။ အရေးအခင်းအမှုထဲတွင်လည်း တကယ့် နိုင်ငံရေးနှင့် ပတ်သက်ခဲ့သူတွေလည်း ပါသည် ။ အရေးအခင်းအပြီး ရပ်တန့်မနေပဲ ဆက်လက်လှုပ်ရှားရင်း ၈၈ ကာလမှ ကိစ္စကို တမင် ဆွဲချိတ်ပြီး ထောင်ကျလာသူတွေလည်း ပါလာသည်။ ထိုသူမျိုးကို ၈၈ အရေး အခင်းကာလ လူထုလှုပ်ရှားမှုအတွင်း စိတ်လှုပ်ရှားမှုကြောင့် ပါလာ သူများ နှင့် ပုံစံခြားမည် ထင်သည် ။ ၈၈အရေးအခင်းကာလ ကိစ္စရပ်ကြောင့် ထောင်ကျလာသူတွေထဲ တကယ့်ဖြူဖြူစင်စင် ရိုးသား သူများလည်းပါသည်။ တကယ့်ရာဇဝင် ထောင်ကိုအိမ်လုပ်နေသော လူဆိုးများလည်း ၈၈အရေး အခင်းနှင့် ရောပါလာတာကို တွေ့ရသည်။

 

ထောင်ပြောင်းလာသူတွေအားလုံးကို သာယာဝတီထောင်၏ သီးသန့် အနောက်တိုက်တွင် ထားသည်။ သီးသန့် အရှေ့တိုက်တွင်တော့ ရောက်နှင့်ပြီးသား ၅(ည)များရှိနေသည်။ နောက်တိုက်တွင်သာ ရာဇဝတ်မှုနှင့်ကျသော ထောင်လူဆိုးများရှိနေသည်။ သူတို့တွေအထဲ ထောင်ထဲ လူသိများသူများပါလာသည်။ ကရင်လေး -သူက ၁၀ခန်းမှာနေသည်။ကိုယ်တွေကတော့ အခုမှ ထောင်ထဲ နာမည်ရှိသူဆိုတာ သိရခြင်းဖြစ်သည်။ ကရင်လေးက ထောင်ထဲ နောက်မှုဖြစ်ပြီး နှစ်ထပ်တိုးခဲ့ဘူးသည်။ နောက်မှုဆိုသည်က လူသတ်မှုဖြစ်သည် ထမင်းထမ်းသော တပိုးဖြင့် ရိုက်သတ်သည်ဟုဆိုသည်။ ထောင်ထဲ အနေကြာလာသူတို့၏ ကိုယ်ပေါ်ကသိသာသော အမှတ်သားကိုပြောပါဆိုလျှင် တက်တူ ဆေးမှင်ကြောင်များတကိုယ်လုံး ပြည့်နှက်နေခြင်းကို ပြောရမည်ထင်သည်။ ကရင်လေးနှင့် ရင်နှီးလာသောအခါ သူပြောစကားအရ သိခဲ့ရသည်များထဲက ထောင်လူဆိုး ဆိုသူများ၏ ထောင်တွင်း ဘဝနေထိုင်မှုတို့ကို သိခဲ့ရတာတွေရှိသည်။ အနေကြာလာသော လူဆိုးတယောက်သည် ထောင်တွင်း၌ အကျင့်စရိုက်များ ပြုပြင်သွားကြသည်မဟုတ်ပဲ နဂို ရှိပြီးသားအကျင့်ဆိုးကို ပိုပိုအရောင်တင် ကြသူများသည်ကိုသာ တွေ့ရသည်။  အရသာ ခြောက်ပါးထဲ ခါးတူး ၊ ချဉ်၊စပ်နေသော အရသာကိုမှ စွဲစွဲမြဲမြဲ ကြိုက်သူများလည်းရှိကြသည်။ တချို့က ရွေးချယ်စရာ တခြားမရှိ၍ ထိုအရသာများကို   ရရာသာ စားသုံးရသော်လည်း တချို့က ထိုအရသာများကိုသာ မရမနေ ရှာဖွေ စားသုံးတတ် ကြသည်လည်းရှိသည် ။ ထောင်ထဲက လူဆိုး ဆိုသူများကို စတင် သတိထားမိတော့ ထိုအမြင်မှန်နေတာကိုတွေ့ရသည်။ လူဆိုးတယောက်သည် ထောင်ထဲ လုပ်လို့ရသော မကောင်းမှုတွေကို ကျူးလွန်ကြမြဲဖြစ်သည်။ မူးယစ်ဆေးစွဲသူထောင်ထဲရောက် မူးယစ်ဆေး ပြတ်ပြီ မထင်လိုက်လေနှင့် ။ တချို့ထောင်ကတင်းကျပ်သော စည်းမျဉ်းများသည် ဘိန်းစားများကြောင့်ဟု ဆိုသည်။ သူတို့က ထောင်ထဲသို့ သူတို့သုံးနေကျ ဆေးဝါးကို မရ ရသည့်နည်းဖြင့်သွင်းကြပုံကို နည်းမျိုးစုံစွာ ကြားသိရသည်။ ယခုနောက်ပိုင်းခေတ် ထောင်ဝန်ထမ်းများသည်လည်း လောက်ငှသော လစာမရရှိခြင်းက ပို၍ သွင်းရလွယ်ကူသော နည်လမ်းဖြစ်လာမည်ထင်သည်။ ထောင်ထဲမှာပင် ဘိန်းတွေ ရောင်းချကြသည်။ ထောင်ထဲရောက်လာသော ခါးပိုက်နှိုက်တယောက်က ဖောက်ထွင်းမှုနှင့်ထောင်ကျသူနှင့် မိတ်ဆွေဖြစ်သည်။ ခိုးမှုက ဓားပြကို အဖော်လုပ်သည်။ လူဆိုးတယောက်အတွက် ထောင်သည် ပို၍ပို၍ ပညာဖြည့်ရန်နေရာ ဖြစ်နေတော့သည်။

 

အတူတူပြောင်းလာသူအထဲ ဘာဘူခေါ်သော လူရွယ်လေးတယောက်လည်းပါသည်။ သူက လုယက်လူသတ်မှုဖြင့် သေဒဏ်ကျခဲ့သူ။ အခုတော့သူသေဒဏ်က ကျွန်းသို့ သူ့ပြစ်ဒဏ်ကပြောင်းသွားပြီ။ ငယ်ငယ်ရွယ်စဉ်က ခလေးထောင်ထဲ ကျခဲ့ဘူးသည်။ခလေးထောင်က တတ်ခဲ့သော အတတ်များက ခိုးဆိုးလုယက် ဖြစ်သည်။ အသက်ငယ်စဉ်ထဲက မကြာခဏ ရောက်ဖူးသည်က ထောင်။ ထိုစဉ်ကတော့ ခလေးထောင်။ အခုကြီးလာတော့ လူကြီးထောင်သို့ရောက်သည်။ နောက်သူတို့ပြောသော စကားဝိုင်း နားထောင်မိတော့ အပြင်ရောက်လျှင် တပွဲလောက်တော့ နွှဲဦးမည်ဆိုတာကို ကြားရတတ်သည်။

 

တခန်းတည်းအတူတူနေသူထဲထွင်ပင် တွံတေးကမြင့်စိုးဆိုလျှင် အရေးအခင်း အမှု ၊သူက မြန်မာ့လက်ဝှေ့သမား လက်ဝှေ့ အကြောင်းကို သူအားရပါးရပြောတတ်သည်။ သူကလက်ဝှေ့သမားဆိုတော့ဂါထာ မန္တာန်တို့ကိုသူယုံသည်။ လူချင်းစရင်နှီးကတည်းက ဘယ်လိုဂါထာတွေရလဲဟု သာမေးတတ်သည်။ သေဒဏ်များသာထားသော ၂တိုက်နေခဲ့ရမို့ အနီးတိုက်များမှ တခြား၅(ည)များကိုသူ ကောင်းကောင်းသိသည်။  နောက်တယောက်က ကိုဝင်းနိုင်-သူက သံတွဲသား အရေးအခင်းအပြီး အင်န်အယ်လ်ဒီ ဌာနချုပ်မှာ တာဝန်တွေထမ်းဆောင်နေသူ ၉၀ရွေးကောက်ပွဲအပြီး ၈၈ ကကိစ္စကို အစဖော် အမှုဖွင့်ပြီးထောင်ကျလာသူ။ နောကတယောက်ကတော့ လူငယ်တဦးဖြစ်သည် ၈၈ကာလက သင်္ကန်းကျွန်းရဲစခန်း ဖျက်ဆီးမှုဖြင့် ထောင်ကျလာသူ။ နောက်တယောက်ကတော့ ထောင်တွင်းနာမည်ကြီး လူဆိုး ခရော့။

 

လူတွေအားလုံး အခန်းကျဉ်းလေးထဲတွင် တနေကုန် ရောက်တတ်ရာ စကားများပြောကြရင်း အချိန်တွေကို ဖြုန်းကြရသည်။ ဖွင့်ချိန်ခဏလေးအတွင်း တခြားအခန်းမှ အတူလာသူများကို မိတ်ဆက်ရသည်။ တယောက်ချင်းစီကို နာမည်နှင့်လူတွဲမိလာကြပြီ။ အထူးသဖြင့် ရှေ့တိုက်မှ လူများကို မှတ်မှတ်သားသားရှိလာခဲ့သည်။ သူတို့နှင့် ကိုယ်တွေ တံခါးဖွင့်ပုံခြင်းမတူ ရောက်နှင့်ပြီးသား သူတို့ကို အားလုံးတပြေးညီ အချိန်အကြာကြီးဖွင့်ပေးထားသော်လည်း ကိုယ်တွေ ထောင်ပြောင်းစ အသစ်များကိုတော့ အခန်းလိုက် မိနစ်ပိုင်းမျှသာ ထွက်ခွင့်ရသည်။ ကိုရန်နိုင်အောင် -(အားလုံးအခေါ် ကျောင်းဆရာ)တယောက်ကတော့ သူ၏ အမှုတွဲတော်တော်များများ အရှေ့တိုက်ကို ရောက်နှင့်ပြီး မို့ လက်ပြနှုတ်ဆက် သူပိုများမည်ထင်သည်။ ကိုယ်ကထောင်ကျတာ လပိုင်းမျှသာရှိသေးတော့ ထောင်အထာ မနပ်သေး။ ထောင်းပါး မဝသေးဟုဆိုရမည်။ ထောင်ထဲကလူ တွေကို ဘယ်သူက ဘာအမှုဆိုတာကို မသိ။ တခန်းထဲ အတူနေသူတွေက ထောင်ကျတာကြာပြီ။ ကိုယ်လို လပိုင်းမျှသာ ထောင်ကျရက်ရှိသေးသူ မဟုတ်ကြ။ ဒီတော့ သူတို့က ရှေ့တိုက်မှသူများကို ဘယ်သူက ဘယ်အမှု အခု လမ်းလျှောက်နေသူက နာမည်ဘယ်သူ စသဖြင့် ပြောပြနှိုင်သည်။ ကိုယ်ကတော့ သူတို့ပြောပြသမျှထဲ ကြားဖူးတာလည်းပါ မကြာဖူးတာလည်းပါ ဖြစ်နေတော့သည်။

 

“ဟို ကုလားအဖိုးကြီးက ပုံမှန်ပဲ ငါတို့ကိုလာအားပေးတယ်နော်”

 

ထောင်ဖွင့်လိုက်ပြီး ရှေ့တိုက် အခန်းတွေဖွင့်လိုက်သည်နှင့် လမ်းလျှောက်ရင်း ကိုယ်တွေနေသော အနောက်တိုက်သို့ လက်မထောင် ပြီး စိတ်ဓာတ်မကျဖို့ သူလာလာ အားပေးသည်။ ထိုသူသည် မြန်မာ အမျိုးသားပုံမပေါက် ။ အိန္ဒိယ အမျိုးသားပုံပေါက်သည်။ သူက ဘယ်သူဆိုတာ မေးကြည့်လိုက်တော့ မင်းလှ အင်န်အလ်ဒီ ဥက္ကဌ ဦးအောင်မေသုဟု သိရသည်။ နောက် ဒီလောက် တက်ကြွစွာ အားပေးနေသူသည် ကိုးကိုးကျွန်းပြန်ဆိုတာ သိလိုက်ရတော့ ထိုသူ၏ မြန်မာ့နိုင်ငံရေးထဲ ပါဝင်ခဲ့မှု ကြီးမားမှုကို မအံ့သြပဲ မနေ နှိုင်တော့ ။ နှုတ်နှင့် ပြောခွင့် ဆိုခွင့်မရသော ကာလတွင် ကိုယ်အမူအယာဖြင့် တခရီးတည်းသွားတို့ အပေါ် ပုံမှန်မပျက် အဝေးမှ လာရောက်အားပေးနေသည်။

 

“ဟို အရပ်ထောင်ထောင်မောင်း ဖောင်ဘီတိုနှင့် ကဘယ်သူလဲ”

 

ပုံမှန် လမ်းလျှောက်ပုတီးစိပ်ရင်း  ထူးထူးခြားခြား မြင်တွေ့မှတ်မိလွယ်သော သဏ္ဍာန်နှင့် သူကို ဘယ်သူလဲဟုမေးလိုက်မိသည်။

 

“အဲ့ဒါ ဒေါက်တာအေးချမ်းပေါ့ သမိုင်းဆရာလေ”

 

အခန်းထဲမှ တယောက်က ပြောပြလိုက်တော့မှ ၁၉၉၀ ရွေးကောက်ပွဲကာလက သတင်းတခုကိုအမှတ်ရနေမိသည်။ ဖမ်းဆီးရန် အလိုရှိနေသူကို ရန်ကုန်သမိုင်းဌာနမှ ဒေါက်အေးချမ်း၏ နေအိမ် တွင် လာရောက်တည်းခို တိမ်းရှောင်နေစဉ် ဖမ်းမိသည်ဟု သတင်တပုဒ်  အမှတ်ရနေမိသည်။ ရှေ့တိုက်ရှိလူများထဲ ဘယ်သူတွေများပါမလဲဟု ကိုယ်နှင့်ပတ်သက်သူ သို့မဟုတ် နာမည်ကြားဖူးသူ တဦးဦး များရှိလေမလားဟု မေးကြည့်သည့်အလုပ်ကို လုပ်နေတတ်သည်။ လူတိုင်းကို မသိတော့ လူတယောက် ကိုယ့်မြင်ကွင်းထဲ ရောက်လာမှ သူကဘယ်သူလဲဟု မေးရသည်။ ရှေ့တိုက်မှ လူအများထဲ ကြားဖူးထားသူ တွေ ပေါ်လာသည့်အထဲ တယောက်က ဦးနေမင်းဖြစ်သည်။ သူက ၈၈ ကာလ အတွင်း အထင်ရှားဆုံးသော သတင်းသမားတယောက်နှင့်ဆက်စပ်ပြီး သိရှိနေခြင်းဖြစ်သည်။ ထိုသတင်းထောက်က ၈၈သမိုင်းပြောလျှင် မဖြစ်မနေပါရမည့်သူ။ ဒီတော့ လည်း ထိုသတင်းထောက်နှက် ပတ်သက်ခဲ့သူသည်လည်း တဆက်တည်း အတူတူထားမှတ်မိနေခြင်းဖြစ်သည်။ ခရစ်(စ်)တိုဖာဂါးနက် ဆိုလျှင် ၈၈ ဖြတ်သန်းခဲ့သူတို့ သတိရမည်ထင်သည်။ ခရစ်(စ်)တိုဖာဂါးနက် အလုပ်တွေ အများကြီးလုပ်နှိုင်ဖို့ ခရစ်(စ်)တိုဖာ ဂါးနက်ကြီး နာမည်ကျော်သတင်းများပေးပို့နှိုင်ဖို့ အဓိက အထောက်အပံ့သည် ဦးနေမင်းဟု ဆိုလျှင် မှားမည်မဟုတ်။ ထိုကြောင့်ပင် ထောင်ထဲမှာ ဦးနေမင်းကို ဘီဘီစီ (ဦး)နေမင်းဟု အားလုံးက ခေါ်ဝေါ်ကြခြင်းဖြစ်မည်။ နောက်တယောက်ကတော့ အဘ ဦးအောင်မင်းဖြစ်သည်။ သူကိုကထောင်မကျခင်ထဲကသိနေသည် ။၈၈ အရေးအခင်း ပြီးကတည်းက သိနေသည်ဆို ပိုမှန်မည်ထင်သည်။

 

ဦးအောင်မင်းဟု နာမည်စကြားထဲက ဒိုက်ဦးက ဒေါ်ကြည် အမှုတွဲလားဟုမေးခိုင်း လိုက်သည် ။ မှန်ကန်နေကြောင်းသိရသောအခါ -ဒိုက်ဦးမြို့မှ ကိုမင်းအောင်(နောင်အခါအေဘီ ၆၀၁ တပ်ရင်မှူးဖြစ်မည့်သူ) ၈၈ စစ်တပ်အာဏာသိမ်းပြီးစ အချိန်က ဆက်သွယ်ခဲ့သည့် ကိစ္စကိုအမှတ်ရနေတော့သည်။

(နောက်ဆောင်းပါးများ၌ အားလုံး စုပေါင်း အဖြစ်အပျက်ထက် သာယာဝတီထောင်၌ ကြုံဆုံခဲ့ရသော တဦးချင်းစီ၏ အဖြစ်အပျက် များကို ပုံဖော်ရေးမည်ဟု စိတ်ကူး မိထားပါသည်။ )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts