ကဗျာ ဆောင်းယွန်းလ

သီအိုရီပျက်ခြင်း

ဆောင်းယွန်းလ
ဖေဖော်ဝါရီ ၂၃၊ ၂၀၁၄

 

 

တချို့ကတော့
အဖေမရှိပဲ ၀မ်းဝရင် ၀ကြမှာပေါ့….

 

တချို့ကလည်း
အမေမရှိပဲ ခါးလှရင် လှကြမှာပဲလေ….

 

တချို့ဆိုရင်
အဖိုးတယောက်တည်းနဲ့တောင်
မြန်မာပြည်ကို ဖဲပေါင်ရိုက်လို့ရသေးတာပဲ
နိုင်ငံခြားကို နေ့ချင်းပြန်ခရီး ကိုယ်ပိုင်လေယဉ်စီးပြီး
ရှော့ပင်ထွက် ပါတီတက်လို့ရသေးတာပဲ မဟုတ်လား….

 

ကိုယ်ပိုင်တွေးတောမှု သီအိုရီအရ ပြောရရင်
အဖေက သမီးနဲ့ သားကို
ကျောင်းမသွားခင် ဘာကျွေးလိုက်ရမလဲလို့ တွေးပြီး
အမေကတော့ သားနဲ့သမီးကို
ကျောင်းကို ဘယ်အ၀တ်ဝတ်ပေးလိုက်ရမလဲလို့ တွေးတယ်….

 

အများစုတွေးခေါ်မှု သီအိုရီအရ ပြောရရင်တော့
သားသမီးတွေရဲ့ ဘ၀မှာ
အဖေနဲ့ အမေစုံမှ ၀မ်းဝပြီး ခါးလှတတ်ကြတယ်တဲ့….

 

မြန်မာစကားကို ဗမာလိုပြောရရင်
လက်လှုပ်မှ ပါးစပ်လှုပ်နိုင်မယ်တဲ့ မဟုတ်လား
လက်ရော ခြေပါလှုပ်နိုင်ရင်တော့
ဝမ်းဝရုံတင်မက ခါးလည်းလှနိုင်မှာပေါ့လေ…မဟုတ်ဘူးလား…

 

ဒီကနေ့ သန်းနဲ့ချီတဲ့ မိသားစုတွေမှာတော့
ခေါင်းခါး ခြေလက် တကိုယ်လုံးလှုပ်ရုံတင်မကဘူး
တဘ၀လုံးကိုပါ သွက်သွက်ခါအောင်လှုပ်နေကြရတယ်
သူတို့ဘ၀တွေမှာ မိစုံဖစုံရှိကြပါလျှက်နဲ့ ၀မ်းမ၀ ခါးမလှနိုင်ကြရှာဘူး….

 

ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ တွေးတောကြရမှာလဲ
အဲဒီမှာတင် သီအိုရီက ပျက်တော့တာပဲ
သီအိုရီပျက်ဆို တိုင်းပြည်ကလည်း ပျက်နေတာကြာပြီကိုး……။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts