ကဗျာ ကျော်ဟုန်း

အိပ်မပျော်ဘဲ မက်တဲ့ အိပ်မက်

ကျော်ဟုန်း
ဖေဖော်ဝါရီ ၂၂၊ ၂၀၁၄

 

 

ဝိုင်းစုခိုင်သိန်းရဲ့ (အာဘွား)
သာယာမလို့ စိတ်ကူးယဉ်နေတုန်း
နယ်လှည့်ပါးရိုက် အုန်းမြင့်လက်ဝါး
ကိုယ့်ဆီမရောက်အောင် ပတ်ပြေးနေရသတဲ့။

 

ကိုယ့်အချင်းချင်း ပြန်သတ်ကြတဲ့ စစ်ပွဲ
ဗိုက်လှန်ပြ အေးမြင့် သူရဘွဲ့ ရ
အဲဒီသူ သမတဖြစ်ခဲ့ရင်
ကိုကျော်သူ အလုပ်ပိုရှုပ်ပြီ ထင်ရဲ့။

 

ခြေ/ဥ ကို မပြင်လိုတဲ့
လက်ရေးတူ လက်မှတ်တသိန်း
မင်းကြီးတာက ထွက်ပါသည်။

 

သမီးလေးရွာ အဓမ္မအကျင့်ခံရတော့
ဝင်ဒါမီယာတောင် မျက်ခုံးလှုပ်ဆိုပဲ
သင်္ခါရတရား မနာရဘဲ ရ။

 

ဗမာပြည် ချောက်ထဲမကျခင်
လက်တလုံးကယ်တင်ရှင်ကြီးရဲ့မြေး
မိုးပေါ်ထောင်မပစ်ခဲ့တဲ့တန်ဖိုး
အတိအလင်းပြောပြီ။
လမ်းမထွက်ခဲ့သူများ အသက်ချမ်းသာ ရကြ
နယ်ချဲ့ ကျွန်ခေတ်ဥပဒေစိုးမိုးတုန်း သိကြ။

 

ကျားသေကို ဧယဉ်ကျူးဖို့ 
ကျားသေကို ပြန်အသက်သွင်းဖို့ 
အေးနေ၀င်းကို တာဝန်ပေး ရမလိုလို
ကျေးဇူးကြီးသဟ။

 

အိပ်မက်လေးနဲ့ တောင်
ယောင်လို့  မသာယာနိုင်တဲ့နိုင်ငံမှာ
အိပ်ရေးတွေ ပျက်ခဲ့သူများ
ကော်ဖီခါးခါးဟာ ဆေးဖက်မ၀င်
ရေထိုးနို့ လူတိုင်းမသောက်နိုင်ကြခေတ်မှာ
သမတကြီး သောက်ခိုင်းတဲ့
နို့ သောက်ရင်ကော အာဟာရဖြစ်ပါ့မလား။

 

ခုတော့ (၂၀၁၅) အကြို မုန်တိုင်းတွေကြား
ရေမကူးတတ်တဲ့ ပင်လယ်ထဲက ကျွန်းမျော
ဝိုင်းစုခိုင်သိန်းရဲ့ အဘွားနဲ့ 
မုန်တိုင်းစဲနိုင်ပါ့မလား။     ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts