ကဗျာ

ရှက်တတ်စမ်းပါ စိတ်ရယ်

(ရှက်စိတ်စာအုပ်ကို ရေးခဲ့သူ ကွယ်လွန်သူ ဆရာလူထုစိန်ဝင်း …….သို့ ဦးညွတ်ကဗျာ)
မောင်စိုးချိန်
ဖေဖော်ဝါရီ ၂၂၊ ၂၀၁၄

 

 

လူနဲ့ တိရစ္ဆာန်ကြား
ခြားနားချက်
အရှက် ……အရှက်……တဲ့။

 

အရှက်ကင်းမဲ့သူ
“လူလို့ ခေါ်နိုင်ပါဦးမလား”တဲ့
ဆရာလူထုစိန်ဝင်း မေးတယ်
သူ့ ရှက်စိတ်စာအုပ်ထဲမှာ
“အရှက်ကိုပယ်ခွာမှ
အသက်ရှင်သန်ခွင့် ရမှာလား”
ဆရာ ထပ်မေးခွန်းထုတ်ခဲ့ပေါ့။

 

ကိုယ်ကျိုးအတွက် အာဏာ
အာဏာ ကိုယ်ကျိုးအတွက်
လိမ်တယ် အရာရာလိမ်တယ်
ကောက်ကျစ်စဉ်းလဲ
မိုက်ရိုင်း ရမ်းကားရဲတယ်
အောက်တန်း အကျဆုံးလုပ်တယ်
အရှက် ကမ်းကုန်သွားတယ်။

 

အာဏာအတွက်
ဒီမိုကရေစီကို လက်ပြန်ကြိုးတုတ်
တဖက်သတ် အနိုင်ကျင့် ထိုးနှက်
ရက်စက်သတ်ပုတ်
သေနတ်သမားက
သရဲဘောကြောင်ရဲတယ်
အရှက်  ကမ်းကုန်သွားတယ်။

 

စစ်လေးဒေါင့်ထဲ
ဒီမိုကရေစီ အဝိုင်း
တဒိုင်းဒိုင်း ရိုက်ထဲ့
အဓမ္မရိုက်ထဲ့ မဟားဒယား
အဝိုင်း အဝိုင်းတွေပြိုလဲ
သွေးတရဲရဲ သေကြေ
ကျိုးကြေပဲ့ရွဲ့။

 

အနိုင်ကျင့်
ကျင့်သားရလာ ရှက်စရာ
အနိုင်ကျင့်လွန်း မီးကုန်ယမ်းကုန်
အစွမ်းကုန် ရှက်စရာ
တောရိုင်းတိရစ္ဆာန်ပါ
အရှက်ကမ်းကုန်သွားတယ်။

 

ဆရာ့မေးခွန်း ချွန်မြ
လောက ကမ္ဘာထဲ
ပဲ့တင်ဆဲ
ရှက်တတ်ဖို့ကို
ဘယ်လို သင်ကြားရမယ်ပ
ပြောစမ်းပါ့ ဆရာခင်ဗျား။
မောင်စိုးချိန်
ဖေဖေါ်ဝါရီ ၂၀၊ ၂၀၁၄

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts