ကဗျာ

ပန်းပွင့်သီကုံး ပုလဲလုံး

မောင်စိုးချိန်
ဖေဖော်ဝါရီ ၁၉၊ ၂၀၁၄

 

 

အင်အား ပန်းပွင့်
သီဆင့် ကုံးထား ၊ ပွင့်ဖတ် သပ်ချ
ခြွေချတဲ့အခါ
ပွင့်ချပ် ပွင့်ဖတ် ၊ တဖတ်စီ တချပ်စီ
ပြန့်ကျဲသွားပြီ။

 

လှံစွပ်တပ်ရှေ့
လမ်းများပေါ်မှာ
စိတ်ဓါတ်ပုလဲကုံး ၊ သီကုံး
စုရုံးထားခဲ့သမျှ
ပုလဲကုံးဖြေချ ၊ သီကြိုးဖြတ်ချ
တလုံးစီပြန့်ကျဲ
ခွဲထွက်သွားကြပေါ့။

 

သိတ်သည်းကျစ်လစ်
သွေးစည်းခဲ့
အရေးတော်ပုံ ခန္တာကိုယ်ရဲ့
မျက်လုံးအိမ်ဟာ သူ
သူက ဦးခေါင်း အာရုံကြော
ရင်အုပ် ကြွက်သား သူမ
အခြားသူမ ခြေထောက်
လက်နှစ်ဘက်က သူ
ကိုယ်က ခြေဖဝါး အရိုးများ
သိတ်သည်းဖွဲ့စည်းထား ခန္တာ
မိစ္ဆာထိုးခွဲ ၊ တခုစီ ပြန့်ကျဲ
အင်အားပြိုကွဲသွားပေါ့။

 

အခုတော့
မိစ္ဆာတီးလုံးနဲ့
တပြုံးပြုံး တရုန်းရုန်း ကကြ။
လူထုမှာ
နာကျင်နာကြည်း ၊ မုန်းမိုးသည်းတုန်း။

 

အရေးတော်ပုံထဲ
ပုလဲတကုံး ၊ ပန်းတကုံး
စုရုံးအင်အားအလှ
သမိုင်းတခုဖြစ်ခဲ့
အခုများ လွမ်းပါရဲ့
လွမ်းစရာ။

 

လွတ်လပ်ရေး ညွှန်ရာလမ်း
ဖြတ်သန်းဆဲမှာ
ပုလဲလုံးသစ် ၊ ပန်းပွင့်သစ်တွေ
တိုက်ပွဲသစ်ထဲ
ဖွေရှာ သီကုံးကြရမယ်။
မောင်စိုးချိန်
ဖေဖေါ်ဝါရီ ၉၊ ၂၀၁၄

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts