ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

နိဗ္ဗာန်လမ်းဆီသို့

ကျော်သူ (နာရေးကူညီမှုအသင်း -ရန်ကုန်)
ဖေဖော်ဝါရီ ၁၄၊ ၂၀၁၄

 

 

ကပ်ဘေးအမျိုးမျိုး (လေဘေး၊ ရေဘေး၊ မီးဘေး၊ စစ်ဘေး၊ လူမျိုးရေးပဋိပက္ခ) ကြုံတွေ့နေကြရ သော ကျွန်ုပ်တို့မြန်မာနိုင်ငံ အတွင်းဝယ် ထိုထိုသော ဘေးဒုက္ခများ ငြိမ်းအေးရာအရပ် ဒေသတစ်ခု တည်ရှိ နေကြောင်း ကျွန်ုပ်သိရှိခဲ့ရသည်။ထိုအရပ်ဒေသသည် အပူသောကကင်းစင်ရာအရပ်၊ အကုသိုလ်ကင်းစင် ရာအရပ်၊ ရောဂါဘယ နည်းပါးရာအရပ်၊ အဖြူထည်လူသားများ စုဝေးရာအရပ် ဒေသတစ်ခုဖြစ်တော့ သည်။ 

 

၁ဝ.၂.၂ဝ၁၄ တနင်္လာနေ့ နံနက် (၇းဝဝ) နာရီအချိန်တွင် ကျွန်ုပ်တို့ နာရေးကူညီမှုအသင်း (ရန် ကုန်)မှ အသင်းသားများနှင့်အတူ မော်တော်ယာဉ်တစ်စီးဖြင့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့သို့ ခရီးနှင်ခဲ့သည်။ ပုသိမ်မြို့အဝင် ဆိုင်းဘုတ်အောက်တွင် “ရင်ဝယ်မျှော်မှန်း နိဗ္ဗာန်လမ်း” နာရေးကူညီမှုအသင်း (ကမ်းနီ ကျေးရွာ)မှ အသင်းသားများလာရောက် ကြိုဆိုကြကာ ငပုတောမြို့နယ်ရှိ ကမ်းနီကျေးရွာသို့ မော်တင်စွန်း သွားရာ လမ်းမှတစ်ဆင့် (၃းဝဝ) နာရီခန့် တောင်တက်၊ တောင်ဆင်းလမ်းတလျှောက် မော်တော်ယာဉ်ဖြင့် သွားရောက်ခဲ့ကြသည်။ ထိုခရီးစဉ်၏ ရည်ရွယ်ချက်မှာ စာရေးဆရာ ကိုအလင်းဆက် (IR)၊ ဆရာညီညီ အောင် (မိုးမေတ္တာ နာရေးကူညီမှုအသင်း-ပြည်)နှင့် ဥက္ကဋ္ဌ ဦးကျော်သူ နာရေးကူညီမှုအသင်း(ရန်ကုန်)တို့ ၏ ဗြဟ္မစိုရ်စကားလုံးများဖြင့် နိုင်ငံတော်သစ်ထူထောင်ရန် အင်အားများဟု တင်စားခေါ်ဆိုနိုင်သည့် လူမှု ရေးခရီးစဉ် ဖြစ်သည်။ ကမ်းနီကျေးရွာသို့ ရောက်ရှိသောအခါ နေ့လည် (၂း၃ဝ) နာရီခန့်တွင် စာရေးဆရာ ကိုအလင်းဆက် (IR) မှ ကမ်းနီကျေးရွာရှိ အထက်တန်းကျောင်းတွင် အနာဂတ်ခေါင်းဆောင်များ ဖြစ်လာ ကြမည့် မျိုးဆက်သစ် ကျောင်းသူ/သားများအား ပညာရေးကဏ္ဍ၏ အရေးပါ အရာရောက်မှုတို့အား သွား ရောက်ဟောပြောခဲ့သည်။ ဆရာညီညီအောင်နှင့် ဦးကျော်သူတို့မှ ကမ်းနီကျေးရွာ ဘုန်းတော်ကြီးကျောင်း တွင် ဆရာတော်နှင့် လူမှုရေးလုပ်ငန်းကိစ္စရပ်များအား မေးမြန်းခြင်းနှင့် ကမ်းနီကျေးရွာ၏ လူမှုရေး၊ စီးပွား ရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် လူ့ဘဝတွင် မလွဲမသွေ ကြုံတွေ့ရမည်ဖြစ်သော ဖြစ်စဉ်များအား စုံ စမ်း၊ မေးမြန်း၊ လျှောက်ထားခဲ့သည်။ ထိုအခါ ဆရာတော်ကြီးအား ကျွန်ုပ်တို့လျှောက်ထား မေးမြန်းချက် များအား  ပြန်လည်မိန့်ကြားခဲ့ရာတွင်  ကမ်းနီကျေးရွာလေးတွင် ပညာရေးနှင့် ပတ်သက်၍ အထက်တန်း ပညာသင်ကြားရေး စာသင်ကျောင်းရှိခြင်း၊ လူမှုရေးနှင့်ပတ်သက်၍ နာရေးကူညီမှုအသင်းနှင့် မြို့ပေါ်ရှိ အစိုးရဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပေးရန်အတွက် ပရဟိတစက်လှေရှိခြင်း၊ စီးပွားရေးနှင့်ပတ်သက်၍ လယ်ယာ၊ တောင်ယာ၊ စိုက်ပျိုးမှုပြုလုပ်ခြင်းတို့ဖြင့် ဘဝရပ်တည်နေကြသော ရွာလေးဖြစ်ကြောင်း ကျွန်ုပ် တို့သိခဲ့ရသည်။ ထို့အပြင် ထိုကမ်းနီရွာလေးတွင် ရဲစခန်း ဟူ၍ မရှိချေ။ ထို့ကြောင့် ဒုစရိုက်မှု ကင်းမဲ့သော အရပ်ဒေသတစ်ခုလည်း ဖြစ်တော့သည်။ ထို့အပြင် ရွာရိုးတစ်လျှောက် အရက်ဆိုင်၊ ဘိလိယက်ခုံ၊ လောင်း ကစားဝိုင်း၊ မူးယစ်ဆေးဝါး သုံးစွဲမှု စသည့် ဒုစရိုက်မှုများ စုဝေးရာ အစုအဖွဲ့၊ ဆိုင်ကြီး၊ ဆိုင်ငယ်များ လုံးဝ အလျဉ်းမရှိချေ။ ကလေးသူငယ်လေးများမှအစ လူကြီး၊ လူရွယ်၊ လူအိုများ၏ မျက်နှာ အသွင်အပြင်များ သည် အားလုံးနီးပါး ကြည်လင်၊ ဝင်းပလျှက်ရှိကြောင်း တအံ့တသြ မြင်တွေ့ခဲ့ရသည်။ ထိုရွာလေးသည် ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်အတွင်း တည်ရှိသော်လည်း သူတို့သည် တံငါလုပ်ငန်း၊ အင်းလုပ်ငန်းများ ကို အလျဉ်းမလုပ်။ တောင်ယာစပါး စိုက်ပျိုးခြင်းဖြင့်သာ ဘဝရပ်တည်နေကြသော သူများပင် ဖြစ်တော့ သည်။ ထိုကဲ့သို့ အကုသိုလ်လုပ်ငန်းများဖြင့် ဘဝရပ်တည်နေကြသော သူများမဟုတ်သည့်အတွက် ကြောင့် လားတော့မသိချေ။ လူသားများ၏ အသက်အိုးအိမ်၊ စည်းစိမ်များအား ရက်စက်စွာ ချေဖျက်ခဲ့ သော နာဂစ် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်စဉ် ငပုတောမြို့နယ် တစ်ခုလုံးနီးပါး အိုးမဲ့အိမ်မဲ့၊ မိဘမဲ့၊ သေ ကြေပျက်စီးမှုဒဏ်များ ဖြစ်ပေါ်ခဲ့စဉ်က ထိုကမ်းနီကျေးရွာလေးသည် လုံးဝမထိခိုက်ခဲ့ချေ။ မုန်တိုင်းတိုက်လို့ တိုက်မှန်းတောင် မသိခဲ့သလို အငြိမ်ဇယားဖြစ်ခဲ့သည်။ ထိုကျေးရွာလေးတွင် ကျန်းမာရေးကြောင့် သေဆုံး မှုအင်မတန် နည်းပါးလှသည်။ အကယ်၍ အသက်အရွယ် ကြီးမြင့်ပြီး သက်တမ်းကုန်ဆုံး၍ လူ့ဘဝမှ ထွက် ခွာသွားခဲ့ရခြင်း၊ မြေမြုပ်သင်္ဂြိုဟ်ပေးခြင်း၊ မီးသင်္ဂြိုဟ်ပေးခြင်းတို့ဖြင့် ဆောင်ရွက်ပေးသော အခမဲ့နာရေး ကူညီမှုအသင်းလည်းရှိသည်။ မီးသင်္ဂြိုဟ်ပေးခြင်းတည်းဟူသော ဆောင်ရွက်ပေးမှုမှာကျွန်ုပ်တို့အနေဖြင့် တစ်ကြိမ်တစ်ခါမျှ မကြားဖူး၊ မမြင်ဖူးခဲ့သော နည်းစနစ်တစ်ခုကို သိရှိခဲ့ရသည်။ ထိုနည်းစနစ်မှာ သစ်တော ပြုန်းတီးမှုအား တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု ကာကွယ်ပေးနိုင်သော နည်းစနစ်ဖြစ်သည်။ ထို နည်းစနစ်သည် ဆုံးပါးသွားသောသူ၏ ရုပ်အလောင်းအား ထင်းချောင်းလေး (၃) ချောင်းပေါ်တွင် မှောက်ခုံ ထား၍ ဒီဇယ်ဆီ အနည်းငယ်မျှ လောင်းပြီးနောက် ဆန် နို့ဆီဗူး (၂) ဗူးခန့်အား အနည်းငယ်ဆီ ထိုရုပ် အလောင်းအားပက်၍ သင်္ဂြိုဟ်ပေးသော နည်းပညာရပ်ပင် ဖြစ်တော့သည်။ မသင်္ဂြိုဟ်ခင် ညအချိန်မှစ၍ ဆန် နို့ဆီဗူး (၂) ဗူးခန့်အား ဒီဇယ်ဆီ (၃) ပုလင်းခန့်နှင့် စိမ်ထားကာ အသုံးပြုရခြင်းဖြစ်သည်။ ရုပ် အ လောင်းပြာကျသည့် အချိန်မှာ (၄၅) မိနစ်ခန့်သာ ကြာမြင့်ကြောင်း သိရှိခဲ့ရသည်။ ထိုသို့သော သင်္ဂြိုဟ်ပုံ သင်္ဂြိုဟ်နည်းအား ကျွန်ုပ်အနေဖြင့် အထူးနှစ်ခြိုက်မိသည်။ ကုသိုလ်လုပ်လျှင် မြင့်မြတ်သည့်ဘုံ၊ အကု သိုလ်လုပ်လျှင် နိမ့်ကျသည့်ဘုံသို့ ခံစား၊ စံစားရမည် ဟူသော အဓိပ္ပါယ်သက်ရောက်သည့် လွယ်ကူလှ သော၊ သံဝေဂရဖွယ်ရာဖြစ်သော၊ စရိတ်စကကျဉ်းသော၊ အသုဘကမ္မဋ္ဌါန်း ရှုမြင်နိုင်သော အဓိပ္ပါယ်ရှိသည့် သင်္ဂြိုဟ်ပေးသော နည်းစနစ်ဖြစ်တော့သည်။

 

ထိုတန်ဖိုးရှိလှသော ဖြစ်စဉ်များ၊ ဖြစ်ရပ်များအား ကျွန်ုပ် သိရှိမြင်တွေ့ခဲ့ရသည့်အတွက် ကျွန်ုပ်၏ နှလုံးသားမှာ ခရီးပန်းလာမှုကြောင့် ပင်ပန်းနွမ်းနယ်မှုများ ပပျောက်သွားကာ ထိုရွာလေးအား တစ်စုံတစ်ခု ပေးဆပ်လိုစိတ် ဖြစ်ပေါ်လာသည်။ လူမှုရေးအရဆိုလျှင်လည်း ထိုရွာလေးတွင် လူမှုရေးသမားများ၊ လူမှု ရေးအသင်းအဖွဲ့များ ရှိပြီးဖြစ်နေသည်။ စီးပွားရေးအရဆိုလျှင်လည်း အကုသိုလ်ကင်းမဲ့သော တောင်ယာ စပါး စိုက်ပျိုးစားသောက်ခြင်းဖြင့် ရပ်တည်လျှက် ရှိနေသည်။ ပညာရေး ဆိုပြန်တော့လည်း ရွာငယ်လေး ဖြစ်သော်ငြားလည်း အထက်တန်းကျောင်း ပညာရေးစနစ်ဖြင့် ခေါင်းဆောင်ကောင်းများအား မွေးဖွားပေး လျှက် ရှိပြန်သည်။ ထို့ကြောင့် ကျန်းမာရေးဝန်ဆောင်မှုဖြင့် ကျွန်ုပ်တို့ ကူညီဖေးမနိုင်လိမ့်မယ်ဟု ကျွန်ုပ် မျှော်လင့်မိသည်။ ထို့ကြောင့် ကျွန်ုပ်တို့နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းမှ လစဉ် နယ်လှည့်ဆေးဝါးကုသမှု အစီအစဉ်ဖြင့် လာရောက်ကုသပေးလိုကြောင်း ဆရာတော်အား လျှောက် ထားခဲ့ရာ ဆရာတော်မှ “ဒကာကြီးတို့ကို အားနာပါတယ်၊ဆရာဝန်တွေနဲ့ ရွာကိုရောက်လာပြီးတော့မှ ဆေးဝါးကုသမဲ့သူ မရှိရင် အရမ်းအားနာဖို့ကောင်းတယ်၊ ရွာမှာက ရောဂါကြီးကြီးမားမား ဖြစ်တဲ့သူ မရှိသ လောက်ပဲ၊ ရှိခဲ့ရင်လည်း မြို့ဆေးရုံကို စက်လှေနဲ့ လိုက်ပို့လိုက်တာပဲ၊ ဒီရွာမှာက ကျန်းမာရေး ကောင်းကြ တယ်၊ တစ်ခါတစ်လေမှ တောထဲက ငှက်ဖျားမိလာတဲ့ သူတစ်ချို့ပဲရှိတယ်” ဟု မိန့်ကြားခဲ့၍ ကျွန်ုပ်၏ဆန္ဒ မပြည့်ဝခဲ့တော့ချေ။ ဆက်လက်၍ ဆရာဦးညီညီအောင်မှ ဆရာတော်အား “ဆရာတော့်မျက်နှာကြည့်ရတာ အရမ်းအေးချမ်းတယ်၊ ကြည်လင်တယ်” ဟု လျှောက်ထားရာ ဆရာတော်မှ “ဟုတ်တယ်၊ ဘုန်းကြီးက ပျော်ပျော်ပဲနေတယ်၊ စိတ်ညစ်စရာတွေ မတွေးဘူး၊ ရယ်စရာကောင်းတဲ့ နေရာတွေကိုပဲ ရွေးသွားတယ်”ဟု ထူးဆန်းသောစကားအား ဆိုခဲ့လေသည်။

 

ည (၇းဝဝ) နာရီအချိန်တွင် ထိုကမ်းနီရွာရှိ ကွင်းပြင်လွင်ပြင်တွင် ကျွန်ုပ်တို့၏ စာပေဟောပြောပွဲ စတင်ခဲ့တော့သည်။ ပွဲခင်းထဲသို့ သွားရာလမ်းတလျှောက် မြန်မာ့ရိုးရာ မုန့်ပဲသရေဆိုင်များ၊ အကြော်ဆိုင် များအား တွေ့မြင်ခဲ့ရသည်။ ရွာလုံးကျွတ်နီးပါး လာရောက်အားပေးကြသည်။ အရက်ဆိုင်များ၊ အရက် သောက် သုံးထားသူများ လုံးဝမတွေ့ရှိ။ လျှပ်စစ်မီးအားလည်း ကိုယ်ထူကိုယ်ထ နည်းစနစ် ဆိုလာ မီးပေး စနစ်တို့ဖြင့် ထိန်ထိန်လင်းလျှက်ရှိသည်။ ကလေးငယ်များ အားလုံးလိုလို ကျွန်ုပ်၏ ဓာတ်ပုံနှင့် “ရင်ဝယ် မျှော်မှန်း နိဗ္ဗာန်လမ်း” နာရေးကူညီမှုအသင်း (ကမ်းနီကျေးရွာ) ဟူသော စာတန်းပါ တီရှပ်များအား ဂုဏ်ပြု ဝတ်ဆင်ထားကြသည်ကို မြင်တွေ့ခဲ့ရသည်။ ပွဲအစမှ အဆုံးအထိ ဟောပြောချက်များအား ဂရုတစိုက်မှတ် သား လေ့လာအားပေးမှုကို တွေ့မြင်ခဲ့ရသည်။ ကျွန်ုပ်တို့ (၃) ဦး ဟောပြောပွဲအပြီး၌ ရွာခံတို့၏ တောင်းဆို ချက်အရ ကျွန်ုပ်ရိုက်ကူးခဲ့သော “ပုဏ္ဏားဘကွန်း” ရုပ်ရှင်ဇာတ်ကားနှင့် အမေ့နို့ဖိုး ရုပ်ရှင်ဇာတ်ကား (၂) ကား တို့အား မိဘပြည်သူတို့ကို ပြသခဲ့သည်။

 

ထိုည (၁၂းဝဝ) နာရီအချိန်တွင် အေးချမ်းသာယာ နေချင်ဖွယ်ဖြစ်သော အဖြူထည်တို့ စုဝေးရာ အရပ်ဒေသဖြစ်သော ကမ်းနီကျေးရွာလေးမှ ကျွန်ုပ်တို့၏ အပူသောကများ စုဝေးရာ ရန်ကုန်မြို့သို့ ခြေဦး လှည့် ပြန်ခဲ့တော့သည်။ လမ်းခရီးတစ်လျှောက် ကျွန်ုပ်၏ အတွေးများ လွင့်မျော်လျှက်ရှိသည်။ အနာဂတ် မျိုးဆက်သစ်များအား မျိုးဆက်ဟောင်းများမှ လက်တွဲခေါ်ယူ သင်ကြားမှုများ၊ နေရပေးမှုများ၊ တာဝန်ပေး မှုများ ပြုလုပ်ရမည်ဖြစ်သလို မျိုးဆက်သစ် လူငယ်များမှလည်း အတွေ့အကြုံ၊ ဗဟုသုတရှိသော လူကြီး များ၏ နွေးထွေးစွာ တွဲခေါ်မှု၊ သွန်သင်မှုတို့ကို လေးစားလိုက်နာဖို့လိုသည်။ သို့သော် မျိုးဆက်သစ်တို့ ထူးချွန်ထက်မြက်သော၊ မြင့်မြတ်သည့် သူများဖြစ်လာရန်အတွက် မျိုးဆက်ဟောင်းများ၏ အကျင့်ဆိုး၊ အကျင့်ပျက်များအား ပထမဦးဆုံးရှင်းလင်း၊ သုတ်သင်ပစ်ကြရန် အရေးကြီးလှပေသည်ဟု တွေးတောမိ သည်။ ထို့အပြင်  အကုသိုလ် ကင်းမဲ့ရာအရပ်ဒေသ၊ ဗြဟ္မစိုရ်တရားများ ပွားများကျင့်သုံးအားထုတ်ရာ အရပ်ဒေသ၊ ဒုစရိုက်မှု ကင်းမဲ့ရာ အရပ်ဒေသ၊ ပညာရေး ဖွံ့ဖြိုးရာအရပ်ဒေသ၊ ကျန်းမာရေး ကောင်းမွန်ရာ အရပ်ဒေသ၊ သမာအာဇီဝစီးပွားရေး  ဖွံ့ဖြိုးရာအရပ်ဒေသ ဟူ၍ ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် တည်ရှိနေဆဲ ဖြစ်သည်ဟု တွေးမိပြန်တော့သည်။ ထိုထိုသော အရပ်ဒေသမှ နောင်အနာဂတ် ခေါင်းဆောင်ကောင်းများ ထွက်ပေါ်လာလိမ့်မည်ဟု ယနေ့ တိုင်းပြည်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့  (မြန်မာနိုင်ငံကလေးများ နေ့)တွင် မျှော်လင့်တောင့်တ မိပါတော့သည်။ (တိုင်းပြည်တစ်ပြည်မှာ ဗြဟ္မစိုရ်တရားတွေ ခေါင်းပါးနေရင် အဲဒီတိုင်းပြည်ဟာ ကပ်ဘေးအမျိုးမျိုး ကြုံတွေ့ရမှာပဲ…….) ဟူသော ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ ဖ.ဆ. ပ.လ ညီလာခံမိန့်ခွန်းအား ပြန်လည်၍ ကြားယောင်မိနေတော့သည်။ ထို့ကြောင့် တဒင်္ဂလေးအတွင်း ရောက်ရှိခဲ့သော မြတ်စွာဘုရားရှင် မြတ်နိုးသော၊ ချစ်ခင်သော၊ နှစ်သက်သော မြင့်မြတ်လှသည့် လူ့ကျင့် ဝတ်များဖြင့် ပြီးပြည့်စုံနေသော “ရင်ဝယ်မျှော်မှန်း နိဗ္ဗာန်လမ်း” နာရေးကူညီမှုအသင်းရှိရာ ကမ်းနီကျေးရွာ ကလေးကဲ့သို့ ကျွန်ုပ်တို့ မြန်မာနိုင်ငံအတွင်းရှိ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ တိုင်းဒေသ အသီးသီး တို့ရှိ လူသားများသည်လည်း နေထိုင်၊ စားသောက်၊ ကျင့်ကြံ အားထုတ်ကြမည်ဆိုပါက ကပ်ဘေးအမျိုးမျိုး ကြုံတွေ့နေရသော အမိမြန်မာနိုင်ငံကြီးသည် ဗြဟ္မစိုရ်တရားများ ထွန်းကားရာ နိဗ္ဗာန်လမ်းသို့ ဦးတည် ချီတက် အရောက်လှမ်းနိုင်မည့် အမိမြန်မာ နိုင်ငံတော်ကြီးအဖြစ် ရပ်တည်နိုင်တော့မည်ဖြစ်တော့သည်။

 

တိုင်းပြည်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ (သို့) မြန်မာနိုင်ငံကလေးများနေ့အား ဂုဏ်ပြုကြိုဆိုလျှက် …


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts