ကဗျာ ဆောင်းယွန်းလ

ပြောစရာတခွန်းမှမကျန်တဲ့ ပြောစရာတွေ

ဆောင်းယွန်းလ
ဖေဖော်ဝါရီ ၁၃၊ ၂၀၁၄

 

 

ဘုရားသခင်က ပြောတယ်
နတ်ဒေ၀တာတွေက ပြောတယ် သိဒတ္ထကပြောတယ်
ဆော့ခရတ္တိကပြောတယ် ကွန်ဖြူးရှပ်က ပြောတယ်
အဲလ်ဖရတ်နိုလ်ဘယ်လ်က ပြောတယ် အိုမာခရမ်က ပြောတယ်
အဲလ်ဘတ်အိုင်စတိုင်းက ပြောတယ် အာခိမိဒိက ပြောတယ်
နယူတန်က ပြောတယ် ဂရေဟမ်ဘဲလ်က ပြောတယ်
ကားလ်မတ်စ်က ပြောတယ် အိန်ဂျယ်လ်က ပြောတယ်
အင်ဒီယာဂန္ဒီက ပြောတယ် ဟိုချီမင်းက ပြောတယ်
မဟတ္တမဂန္ဒီက ပြောတယ် ဗိုလ်ချုပ်အောင်ဆန်းက ပြောတယ်
မော်စီတုံးက ပြောတယ် သခင်သန်းထွန်းက ပြောတယ်
အဒေါ့ဖ်ဟစ်တလာက ပြောတယ် မွတ်ဆိုလိုနီက ပြောတယ်
အေဗရာဟင်လင်ကွန်းက ပြောတယ် နယ်လ်ဆင်မန်ဒဲလ်လားက ပြောတယ်
ဒေါက်တာမာတင်လူသာကင်းက ပြောတယ် ချေဂွေဗားရားက ပြောတယ်
ဂျဝါဟာလနေရူးက ပြောတယ် ဖီဒယ်လ်ကက်စထရိုက ပြောတယ်
ဦးသန့်က ပြောတယ် ကိုဖီအာနန်က ပြောတယ်
ဆရာစံက ပြောတယ် ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ပြောတယ်
ရွှေတိုင်ညွှန့်က ပြောတယ် ဂျွန်လင်နွန်က ပြောတယ်
ဗီသိုဗင်က ပြောတယ် မိုးဇက်က ပြောတယ်
အက်ဒ်ဂါအလန်ပိုးက ပြောတယ် အယ်ဇရာပေါင်းက ပြောတယ်
ဂျွန်ကိစ်က ပြောတယ် ဆယ်လ်ဗီယာပသာ့တ်က ပြောတယ်
ဗစ်တာဟူးဂိုလ်က ပြောတယ် ၀ီလျံရှိတ်စပီးယားက ပြောတယ်
မောင်ချောနွယ်က ပြောတယ် လှသန်းက ပြောတယ်
ဒေါ်အောင်ဆန်းစုကြည်က ပြောတယ် မင်းကိုနိုင်က ပြောတယ်….

 

နွားနို့သောက်ဖို့ ပြောတဲ့လူက ပြောတယ်
နယ်လှည့်ပါးရိုက်ဖို့ ပြောတဲ့လူက ပြောတယ်
မီးမလာရင် ဖယောင်းတိုင်ထွန်းဖို့ ပြောတဲ့လူက ပြောတယ်
ထမင်းတနပ်စာလျှော့စားဖို့ ပြောတဲ့လူက ပြောတယ်
တစုံတယောက်ကကော တစုံတခုကို ပြောဦးမလား….

 

ကျနော်တို့မှာတော့ ပြောစရာတခွန်းမှ မကျန်တဲ့
ပြောစရာစကားတွေက တပုံတပင်ကြီးနဲ့……

 

ကျနော်တို့ နောက်မျိုးဆက်တွေရဲ့ ခြေထောက်တွေထဲမှာ
လျှောက်ရမယ့် လမ်းတွေက တသီတတန်းကြီးနဲ့
ကျနော်တို့ နောက်မျိုးဆက်တွေရဲ့ ပခုံးတွေထက်မှာ
ထမ်းရမယ့် ၀န်တွေက တနင့်တပိုးကြီးနဲ့…..။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts