ကဗျာ

လမရှိ ကြယ်မရှိ နေတပွင့်မရှိ

မောင်စိုးချိန်
ဖေဖော်ဝါရီ ၁၁၊ ၂၀၁၄

 

 

နွားချေးနံ့ အံ့ထွက်လာနေကြ
ရွံ့ဘွက်နံ့တွေ လျှံထွက်နေကြ
နွားတင်းကုတ် တွေထဲမှာ
အင်ဖက်မိုး သက်ကယ်မိုး ဓနိမိုး
ကြပ်ခိုးရောင် လှောင်ပိတ်
မဲချိတ်ချိတ်တဲကုတ် အိမ်ကလေးတွေထဲမှာ
လမရှိ ကြယ်မရှိ နေတပွင့်မရှိ။

 

လွတ်မြောက်ရေးအတွက်ဆို
လာကိုလာရမယ်လေ……စုစည်းဖို့
တဲအိမ်တံခါးဝတွေဆီသို့
သူတို့ရောက်မလာကြသေး
ဝေးကွာနေသေး ယ္ခုထိတိုင်………။

 

မဲမှောင် ပိတ်လှောင် အိမ်ကလေးတွေထဲ
စည်းရုံးရေး နေဝန်းများ
မထွန်းလင်းသေးပါလား။

 

လယ်မဲ့ ယာမဲ့
အခွင့်အရးမဲ့ ပစ္စည်းမဲ့နင်းပြား
လယ်သမား ယာသမား လယ်ကူလီများ
အနိုင်ကျင့်ခံ သွေးစုတ်ခံများ
ပွေးနံ့ ညှင်းနံ့ ချွေးပုတ် နေနံ့
ဘွက်ပုတ်နံ့ စီးထွက်နေသူများ
အသိန်းအသန်း များစွာထံပါး
အရောက်သွား အလုပ်အကြွေးပြု
စိတ်ဓါတ်မြှင့်တင်
အလင်းရောင်လမင်း နေဝန်းများ
ဘယ်သွားနေကြပါလိမ့်။
တော်လှန်ရေးအတွက်
အချက်ပေး သံချောင်းခေါက်သမား
ကြယ်ပွင့်များ
ဘယ်သွားနေကြပါလိမ့်။

 

နွားတင်းကုတ်ထဲ…….
အင်ဖက်မိုး၊ သက်ကယ်မိုး၊ ဓနိမိုး
ကြပ်ခိုးရောင် လှောင်ပိတ်
မဲချိတ်ချိတ် တဲကုတ်အိမ်ကလေးတွေထဲမှာ
မှောင်မဲ ငုံးတိ
လမရှိ ကြယ်မရှိ နေတပွင့်မရှိ။

 

မောင်စိုးချိန်
ဇန္န၀ါရီ ၁၇၊ ၂၀၁၀

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts