ရသဆောင်းပါးစုံ

တခါက တရားရုံးကအပြန် (၂)

မောင်မောင်လတ် (ရွှေအင်းလေး စာပေ)
ဖေဖော်ဝါရီ ၁၀၊ ၂၀၁၄

 

သူငယ်ချင်း……

လွမ်းရေးထက် ဝမ်းရေးကခက်သလို…..ဝမ်းရေးထက် ပေးမန့် တွေက ပိုခက်တယ်လို့ဘဲ   ဆိုရတော့မလို…. ရေးမယ် ရေးမယ်နဲ့ တနေ့တ နေ့  အလုပ်ရယ ၊ သတင်းရယ်၊ ပေးမန့်တွေရယ်နဲ့ လုံးချာလိုက်နေရင်း…အခုမှ ရေးဖြစ်တာကို ခွင့်လွတ်…………..၊၊

 

အချိန်တွေပြောင်း..သတင်းတွေပြောင်း…အတွေးတွေ ပြောင်းနေတဲ့အထဲမှာတော့…….`အဖြစ်ဟောင်း အတွေးဟောင်းတွေတော့ မ ပြောင်းမလဲ  မောင်ပိုနေမြဲ ကျားနေမြဲ  လိုပါဘဲနော်သူငယ်ချင်း…အဲဒီအဖြစ်ဟောင်း  အတွေးဟောင်းတွေကို  ဘယ်အချိန်အခါမှာ တွေး ဖြစ် သလဲ..?  ညနေခင်းဆည်းဆာအချိန်ဆိုရင်တော့  သေချာတယ် မနက်ခင်းအတွေးထက် ပိုမတောက်ပနိုင်သလို..မနက်ခင်းချိန်မှာ ကြုံကြိုက်လို့တွေးမိရင်တော့ ညနေ ဆည်းဆားချိန်ထက် အတွေးတွေက ပိုလန်းဆန်းတယ်လို့.. ဆိုစမှတ်ကြပေမဲ့  …တခါတလေမှာ တော့  နေ့ နေ့ ည ည ဘယ်လိုအချိန်တွေးတွေး….. သံစဉ်လေးက တမျိုးတည်း  တစုထည်း တပုံစံထည်းဆိုတာတော့ ရှိတတ်…ရှိသင့်ပါတယ် လေ……..၊၊

 

တခါတခါ  တချိန်ချိန် ကြုံကြိုက် တိုက်ဆိုင်လို့အဖြစ်ဟောင်းနဲ့ထပ်တူနီးပါး  ဆုံတွေ့ခဲ့ရင်တော့ .. တမျှော်တခေါ်  လေထဲပျံ့လွင့် တက်သွား တဲ့ဆေးလိပ်ငွေ့တစုလို     တလိပ်လိပ်ခံစားတွေးမိရင်း…. အနီးအနား တစုံတယောက်ကို   ဖွင့်ဟချင်သလိုလို…တမ်းတမ်းတတ ခံစားရေြး ပြချင်သလိုလိုနဲ့ ဒီစာကို ရေးလိုက်ရတယ်ဆိုပါတော့…………..၊၊

 

ဒီနေ့ထိ  ၃ နှစ်တာကာလအတွင်း…အသွင်ပြောင်း စစ်အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ..နယ်ပယ်အနှံအပြား၊ ဆိုင်ရာဌာ နတွေ တခုပြီးတခု ပြောင်းလဲ ပြင်ဆင်နေချိန်…. တုတ်တုတ်မလှုပ် ကျောက်စာတိုင်ပမာ  မားမားမတ်မတ် မပြောင်းမလဲ ရပ်တည်နေတဲ့…….တရားစီရင်ရေး ဌာနအကြောင်း  အင်တာနက်စာမျက်နှာပေါ် ခပ်စိတ်စိတ်ကြားလာရတော့ …… တချိန်က  ရင်တဖိုဖို  အသည်း တယား ယား  မှင်တက်ငေးမောခဲ့ရတဲ့ အဖြစ်ဟောင်းတခုကို တဖွဲ့ တနွဲ့  ဝထ္ထုဆန်ဆန် ရေးပြရရင်တော့ ရင်သိမ့် တုန် ဇာတ်လမ်းလေးပေါ့……….၊၊

 

တခါက တရားရုံးတရုံးမှာပေါ့လေ…..ဆိုစကားနဲ့စလိုက်ရင်  ပုံပြင်တော့ မဟုတ်ဘူးသူငယ်ချင်း.. ဒဏ္ဍာရီလဲမဟုတ်ဘူး..တကယ့် အဖြစ် အပျက်လေး…………၊၊

 

ပြည်နယ်တရားရုံးအတွင်း  ပြစ်မှုဆိုင်ရာ အမှုတခု  စစ်ဆေးလက်စ  ခရိုင်တရားသူကြီးမှ  .. တရားလိုပြသက်သေအပေါ် ရုံးမေး မေးခွန်း မေးပြီး  တရားရုံးဒိုင်ယာရီမှာ  ရေးမှတ်နေတုံး  …ဧည့်သည်တစုံတယောက်ကခေါ်လို့ ..ဆောင်းလက်စခေါင်းပေါင်းကို အသာချ အပြင် ထွက်သွားခဲ့တာ.. အမှုစစ်ဆေးပြီးချိန်ထိ  ဖွင့်လက်စ ဒိုင်ယာရီနဲ့နံဘေးက ခေါင်းပေါင်းရဲ့  ပိုင်ရှင်တယောက်  စုံးစုံးမြှုပ် ပေါ်မလာ.. အနီးဆုံး ဥပဒေဝန်ထမ်းမှ  အမှုအတွက် ရုံးချိန်းပေးလိုက်ရတဲ့ အဖြစ်…………..၊၊

 

ပြည်နယ်ဥပဒေရုံးအတွင်း  မြိနယ်တရားရုံးမှ စီရင်ဆုံးဖြတ်ခဲ့သော အမှုတွဲအပေါ်  စီစစ် အတည်ပြု

လက်မှတ်ရေးထိုးနေတဲ့  ခရိုင်ဥပဒေအရာရှိကြီးတယောက်….မနက်စောစော  တစုံတယောက်သော

ဧည့် သည်ခေါ်ဆောင်ရာလိုက်သွားခဲ့တော့….

ရေးလက်စ စာရွှက်ပေါ်က ဘောပင်တချောင်း  အထီးထီးကျန်ရစ်ခဲ့ရတဲ့အဖြစ်……….၊၊

 

ဒီနေ့အတွက် ရုံးချိန်း ငါးခုအတွက်  အေးအေးဆေးဆေးပါဘဲလို့..စိတ်လက်ပေါ့ပေါ့ပါးပါးနဲ့

မနက်ကော်ဖီသောက်နေတုံး   ရှေ့ နေကြီးအတွက် ဧည့် သည်ဆိုတော့  ဧည့် ခန်းအပြင်အထွက်…

ဖြစ်ချင်တော့  ရှေ့ နေကြီးအတွက်   အမှုအပ်မဲ့ သူမဟုတ်ခဲ့ရတဲ့အဖြစ်………..၊၊

 

ရပ်ကွက်အေးချမ်းလုံခြုံရေးအတွက်  အစည်းအဝေးအပြီး  မနက် ၉နာရီ မြို့ နယ်အစည်းအဝေးအမှီ တက်ဖို့ 

ကမန်းကတန်းခပ်စောစော စီစဉ်လိုက်တဲ့ အစည်းအဝေးက လူမစုံချင်သေး…၊

လုပ်စရာရှိတာ ခပ်မြန်မြန်လုပ်တတ်တဲ့ဥက္ကဌတယောက်မို့  ပြောချင်တာတွေ ခပ်မြန်မြန်ပြောနေချိန်…..

အစည်း အဝေးတဝက်တပျက်  ဧည့် သညနဲ့တပါထည်း လိုက်ပါသွားတဲ့ ဥက္ကဌ အပြန်စောင့် ဆိုင်းရင်း..

ကျန် ရပ်ကွက်လူကြီးတွေ သောင်စဉ်ရေမရ  စကားဖောင်ဖွဲ့ ကျန်နေခဲ့တဲ့အဖြစ်………၊၊

 

မနက် မျက်လုံးပွင့် ကထည်းက တလှုပ်လှုပ် နဲ့လှုပ်နေတဲ့ ဝဲဖက် မျက်ကြောက  ရဲစခန်းမှူးကြီးအတွက်

စိတ်ကသီကအောက်ဖြစ်နေဆဲ…စိတ်ရော ကိုယ်ပါ နွမ်းနွယ်ပျော့ ခွေနေသလို..၊

မသာမယာစားပွဲခုံပေါ်ထိုင်အချ.. တာဝန်မှူးမှ  မနက်၈နာရီ အလံတင်အမှီ

တနေ့တာ လုပ်ငန်းအစီရင်ခံတင်ပြနေတာကိုလဲ  မကြားတချက် ကြားတချက်….၊

ကျင့် ထုံးဥပဒေ ပုဒ်မ ၂၀၀အရ သွားရောက်ရှာဖွေခဲ့သော အရေးကြီးလူတယောက် ရှာမတွေ့ ခဲ့တဲ့အပေါ်

ဝုန်းကနဲ ဒေါသတွေပေါက်ကွဲ ……  ထိမ်းမနိုင် သိမ်းမရ ဒေါသတွေနဲ့ဆူပူကြိမ်းမောင်းနေလတ္တံ…

ဧည့် သည်တစုမှ သူ့ ဒေါသကို ဖြေလျှော့ ပေးလိုက်ရတဲ့အခြေအနေ..၊

ဝတ်လက်စ ယူနီဖောင်းကို လှဲလှယ်ဖို့  အချိန်မပေးနိုင်ခင်  တခြားရဲစခန်းတခုရဲ့  အချုပ်ခန်းထဲအရောက်

အကျဉ်းကျခံနေဆဲ အချုပ်သားတွေက …….   စခန်းမှုးယူနီဖောင်းနဲ့သူ့ ကို .

ယပ်ခပ်ပေးရတော့မလိုလို   နှုင်းနှယ်ပေးရတော့မလိုလို အဖြစ်………….၊၊

 

ဒါတွေ ဒါတွေဟာ  ကြက်ပျံမကျ စည်ကားနေတဲ့ တရားရုံးတခုအတွင်း  တနေ့ထဲ  တချိန်ထဲ ပြိုင်တူဖြစ်သွားတော့

ကြွက်ကြွက်ညံ အုတ်အော်သောင်းနင်းဖြစ်ဖို့ နေနေသာသာ…အပ်တချောင်းကျသံတောင် ကြားရလောက်အောင်

တိတ်ဆိတ်ငြိမ်သက်သွားခဲ့ရတယ်လေ..သူငယ်ချင်း………….၊၊

 

တိတ်ဆိတ်ငြိမ်သက်ပြီးသကာလ သတိတရ အသက်ဝင်လာတော့   တရားရုံးအမှုစစ် တရားခွင်အတွင်း…

လူတွေအားလုံးက ဥပဒေဘွဲ့ ရ ဥပဒေပညာရှိဟု ဆိုသူများသာ  တစုတဝေးတည်း…..၊

ဥပဒေဘွဲ့ရ တရားခံအားလုံး (ရပ်ကွက်ဥက္ကဌလဲ ရှေ့ နေ ) ၊ တရားခံအကျိုးဆောင်ရှေ့ နေအားလုံး  ၊

ရုံးထိုင်တရားသူကြီးနဲ့ဥပဒေ ဝန်ထမ်းတွေ အားလုံးဟာ ..

အတူတကွ ထူးထူးခြားခြား ဥပဒေမွမ်းမံသင်တန်းတခု  တက်နေတာတော့ မဟုတ်…..၊

အမှုစစ်တရားခွင် အတွင်း  ဘာဆိုဘာမှ ပြောစရာစကားလုံးမရှိ………၊၊

 

တရားလိုပြသက်သေထွက်ဆိုချက်ပေါ် မေးမြန်းတာမရှိ…၊အကျိုးဆောင်ရှေ့ နေမှလဲ ပြန်လှန်မေးမြန်းတာလဲ မရှိ

ရုံးထိုင် တရားသူကြီးကလဲ ဖြည့် စွက်ရုံးမေးမရှိ..၊တရားခံ တွေကလဲ မေးပေးစေချင်တဲ့မေးခွန်းလဲမရှိ..၊

ဘာဆိုဘာမှမရှိ ..ပကတိ ငြိမ်သက်စွာနဲ့ အပေါ်က ကျလာမဲ့ စာအိတ်တအိတ်ကို…

စောင့် မျှော် နေယုံမှ တပါး……………၊၊

 

ဇာတ်လမ်းအစလေးက ဒီလိုပါသူငယ်ချင်း…….

မူးယစ်ဆေးထုတ်နိုင်ဖို့  အဓိက လိုအပ်တဲ့ ဓါတု ဆေးရည်တမျိုးကို  ပီပါအလိုက်  ကုန်တင်ကားကြီးအပြည့် တစီး

နယ်မြေခံ ရဲစခန်းမှုးအဖွဲ့ က ဖမ်းမိတဲ့နောက်…တရားရုံးက  မည်သို့ မည်ပုံ လုပ်လိုက်သည် မသိရ…….၊

စဖမ်းကထည်းက လွတ်မြောက်ထွက်ပြေးသွားတယ်လို့ယူဆရတဲ့ ပစ္စည်း ပိုင်ရှင်ကို..တရားခံပြေး..

ပစ္စည်းနဲ့အတူ မိတဲ့ ကားဒရိုင်ဘာနဲ့စပယ်ယာကို လွတ်…..

ဓါတုဆေးရညနဲ့ကုန်တင်ကားကြီးကိုတော့  ပြည့် သူ့  ဘဏ္ဍာအဖြစ် သိမ်းစေ  ဆိုတာက

ပထမပိုင်း တခန်းရပ်ပြကွက် ..ဇာတ်လမ်းလေးပေါ့ကွာ……၊၊

 

အဲဒီပထမအပိုင်းနဲ့အပေါ်က ရေးထားသလို  တရားသူကြီး ၊ဥပဒေဝန်ထမ်း ၊ ရှေ့ နေ ၊ ရပ်ကွက်ဥက္ကဌ ၊

ရဲစခန်းမှူးနဲ့ရဲတချို့   တစီတတန်းကြီး အချုပ်ထဲရောက်သွားခဲ့ရတဲ့ဒုတိယပိုင်း အကြား……..

ရိုးလဲမရိုးနိုင် ဆန်းလဲ မဆန်းတဲ့  အဖြစ်လေးတခု  ကြားဖြတ် ကြော်ငြာဝင်မှ   နင် သဘောပေါက်လာမယ်လေ..

ချယ်ရီပင်အောက်က ဇာတ်လမ်းတော့မဟုတ်ဘူး…ခေတ်ပေါ် ကာရာအိုကေ စင်တင်ပေါ်က အဖြစ်ပေါ့..၊

ကာရာအိုကေ အဆိုတော်မလေးတယောက်ကို  နယ်မြေခံ ၇ဲနဲ့ပြည်နယ်မူးယစ်အဖွဲ့   ….အပြိုင်အဆိုင်

ပန်းကုံးစွပ်ရင်း  ဆုတော်ငွေပေးရင်း   ကြိုးနှစ်ပင် ရှုပ်သွားခဲ့ပြီးနောက်    တနေ့သ၌…..

အဆိုတော်မလေးရဲ့ မောင်လေးတယောက်   စိတ်ကြွဆေး အနည်းငယနဲ့ အဖွဲ့ တဖွဲ့ က ဖမ်းလိုက်တယ်လေ…

ဒီတော့ အချစ်အောင်နိုင်သူကြီးဖက်က  မည်သို့ မည်ပုံ လုပ်လိုက်သည်မသိရ…

့ကောင်ကလေးတယောက်  ကွင်းလုံးကျွတ် လွတ်သွားခဲ့တယ်သူငယ်ချင်း…….၊၊

 

အဲဒီတော့ ဒီနေရာမှာ  နင်က ပြောတော့မယ်   …နင့် ဇာတ်လမ်းက  ………

မည်သို့မည်ပုံ လုပ်လိုက်သည်မသိရ  …ဆိုတာချည်းပါလားလို့…..ပြောချင်နေပြီမဟုတ်လား ?….

တရုတ်သိုင်းစာအုပ်ထဲကလို   ပရိတ်သတ် ငြီးငွေ့ မှာစိုးလို့  ..မည်သို့မည်ပုံ လုပ်လိုက်သည်မသိရ…

“ရန်သူတွေက မြေပြင်ပေါ် အတုန်းအရုန်းလဲကျ ၊ ဇာတ်လိုက်က  နှစ်တထောင်သက်တမ်းရှိပြီဖြစ်တဲ့

ကျောက် ဝါးရုံပေါ်မှာ ရပ်လျှက် “   …….ဆိုသလိုဘဲ  သဘောထားလိုက်တော့ကွာ….နော်….၊၊

ဘဘရဲ့ သားတောင်လွတ်သေးတာဘဲ..မီးမီးရဲ့ မောင်လေးလဲ လွတ်ရမှာပေါ့….ဘာဆန်းတာမှတ်လို့…..၊၊

 

အဲဒီနောက်ပိုင်း ပြည်နယ် မူးယစ်ရဲ့ အလစ်အငိုက်  နယ်မြေခံ ရဲတပ်ဖွဲ့ က   ဓါတု ဆေးရည်အပြည့် တင်လာတဲ့

ကားကြီးတစီးဖမ်းမိလိုက်တော့   တငွေ့ ငွေ့ အတွင်းလှိုက်လှောင်နေတဲ့မီးကလေး   ဓါတု ဆေးရညနဲ့တွေ့ ထိတော့

မီးကြီးက  အပေါ်ထိ တက်လောင်ခဲ့တော့…ဒီတခါ တရားရုံးကလဲ  ဆရာမနိုင် ပါဝါမနိုင်ဖြစ်ရပြီပေါ့….

မည်သို့မည်ပုံ မရတော့ဘူးသူငယ်ချင်းရေ…..

အပေါ်က စာအိတ်လေးကဘဲ အမိန့် ချလိုက်ရတော့……..၊၊

 

ကဲ…နင့် ဇာတ်လမ်းက ပြီးပြီပေါ့လို့ ဆန္ဒမစောလိုက်ပါနဲ့..ပြောပြီးပကော….ရင်သိမ့် တုန်ဇာတ်လမ်းလေးလို့…

အဲဒါနဲ့ ဥပဒေပညာရှိကြီးတွေ  တစုတပေါင်း အပြစ်ဒဏ်ကျခံပြီး  အကျဉ်းထောင်ဆီကိုအပို့ …….

လမ်းတဝက် ခရီးတထောက် ရပ်နားတဲ့စားသောက်ဆိုင်တဆိုင်မှာ…

အမှုတွဲပါ ပြစ်ဒဏ်ကျခံရသူ ရဲအရာရှိတယောက်  ရုပ်ရှင်ဆန်ဆန် ထွက်ပြေးလွတ်မြောက်သွားခဲ့ရတဲ့အဖြစ်..

ဟင်…ဟာ  ….ဘယ်လိုဖြစ်သွားတာလဲ ဆိုတာတော့…..သေသေချာချာ အကွက်ချ ဇာတ်ညွှန်းအတိုင်း…

ဇာတ်လိုက်က  အပိုအလိုမရှိ ကွက်တိ သရုပ်ဆောင်သွားခဲ့တော့….

ရုပ်ရှင်ဆန်ဆန်ထွက်ပြေးသွားတာဘဲလို့   သတ်မှတ်လိုက်ပါတော့…..၊၊

 

အဲဒီတော့  ဖမ်းခံရတယ် ထွက်ပြေးသွားတယ်  ထောင်ကျသွားတယ်ဆိုတာလေးနဲ့ဇာတ်သီမ်းရင်..

ပရိတ်သတ်ကော နင်ပါ သိပ်ကြိုက်မှာမဟုတ်ဘူးလေ…ဒီတော့ နိဂုံးလေးကို ဒီလိုလေးနဲ့လက်စသပ်ပေးပါ့မယ်.

ဒီလိုနဲ့ သူတို့တတွေဟာ  ပြစ်ဒဏ်အသီးသီးကိုကျခံပြီးနောက်    လွတ်မြောက်လာချိန်မှာတော့…..

လူမျိုးခြား လူမျိုးတစုရဲ့  အသီးသီးသော လုပ်ငန်းအစုစုမှာ    တာဝန်ကိုယ်စီ  ရာထူးကိုယ်စီနဲ့….

အလုပ်ဝင်သွားလေတော့သတည်း……..ဆိုတာလေးက…..

မင်းသား မင်းသမီး ပျှော်ရွှင်စွာ ပေါင်းစုံကြလေသတည်း…….လိုဘဲပေါ့…….

ဒါဆိုရင်  သားသားလဲကြိုက်  မီးမီးလေးလဲကြိုက်   နင်လဲ ကြိုက်ပေါ့…………….၊၊

 

ဇာတ်လမ်းကပြီးသွားပါပြီ…ဘာဥပဒေ ၊ ဘယ်စီရင်ထုံးတွေကိုးကားပြီး  တရားရုံးထဲ

အကြိတ်အနယ် ပညာရပ်တွေ ပြိုင်ဆိုင် တာတွေ  ၊ တရားခံအတွက် ဥပဒေရဲ့ ဘယ်အားနည်းချက်ကို

ကိုင်ပြီး အနိုင်ယူခဲ့တာလဲ မပါဘူး….အဓိက လိုပြသက်သေတွေရဲ့ ထွက်ချက်တွေကို  အားနည်းယိမ်းယိုင်အောင်

ရှေ့ နေကြီးတွေက ဘယ်လိုအချက်တွေနဲ့ခုံခံကာကွယ်ခဲ့တာလဲမရေးဘူးလို့ နင် စွဲချက်တင်မယ်ဆိုရင်…..

ငါ့ ရဲ့  ခုံခံ ချေပ လျှောက်လဲချက်ကတော့……..

 

ဥပဒေဟာ  စာအုပ်ထဲမှာရှိတယ်..၊

ဥပဒေဟာ  စာအုပ်ထဲမှာရှိတယ်..၊

ဥပဒေဟာ  စာအုပ်ထဲမှာ ရှိတယ်………………၊၊

 

နင့်ရဲ့ သူငယ်ချင်း………၊၊


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “တခါက တရားရုံးကအပြန် (၂)
  1. ဦးမောင်မောင်လတ် စာတွေရေးသားထုတ်လုပ်နေတယ်ဖတ်ရတော့ အင်မတန်ပဲ ၀မ်းမြောက်ဂုဏ်ယူမိပါတယ်ခင်ဗျား

Comments are closed.