သတင်းပဒေသာ

ကွမ်းခြံကုန်းမြို့ တွင် စာပေဟောပြောပွဲ ကျင်းပပြုလုပ်

 

ကွမ်းခြံကုန်းမြို့ တွင် စာပေဟောပြောပွဲ ကျင်းပပြုလုပ် 
TK2, မေနှင်းကို၊ ကျင်မောင်
ဖေဖော်ဝါရီ ၉၊ ၂၀၁၄

ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့ တွင် ဖေဖော်ဝါရီ ၈ ရက်၊ စနေနေ့ညက စာပေဟောပြောပွဲကျင်းပရာ စာရေးဆရာများက ပညာရေး အရေးပါပုံအကြောင်း ဟောပြော ဆွေးနွေးသွားကြသည်။

အဓိကဟောပြောသူတစ်ဦးဖြစ်သည့် မသီတာ(စမ်းချောင်း)က
နိုင်ငံတကာ တက္ကသိုလ်များတွင် ကျောင်းသားကျောင်းသူတို့က စာကြည့်တိုက်မှ စာအုပ်ငှားရမ်းပြီး စာသင်ခန်းအတွင်း လက်တွေ့ ဆွေးနွေးရကြောင်း၊
မြန်မာပြည်တွင်လည်း တစ်ဦးချင်း စွမ်းဆောင်ရည် မြင့်မားရေးအတွက် စာဖတ်ရန် အထူးပင် လိုအပ်ကြောင်း၊
ကွမ်းခြံကုန်းသည် စာရေးဆရာကြီးမင်းသုဝဏ်၏ ဇာတိမြို့ဖြစ်သောကြောင့် စာဖတ်ဝိုင်းများ ကျင်းပနေရုံသာမက  စာကြည့်တိုက်ကြီးတစ်ခုလည်း ရှိသင့်ကြောင်း ပြောကြားသွားသည်။

ဟောပြောသူများထဲတွင် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီလည်း ပါဝင်ပြီး သူက စာဖတ်ကြရန် တိုက်တွန်းပြောကြားပြီး ပညာမြင့်မှ လူမျိုးမြင့်မည်ဟူသော မှတ်ချက် အပါအ၀င် မြန်မာပြည် ပညာရေးအခြေအနေတို့ကို အကျယ်တ၀င့် ဆွေးနွေးခဲ့သည်။

မိတ်ဆက်အမှာစကား ပြောကြားသည့် မြို့ခံစာပေသမားများ၊ ရန်ကုန်မှ လာရောက်သည့် အဓိကဟောပြောသူများက စာဆိုတော်နေ့ဖြစ်ပေါ်လာပုံ၊ ကွမ်းခြံကုန်းမြို့ စာဖတ်ဝိုင်းမှ စာပေဆွေးနွေးပွဲများအကြောင်းကို ပြောကြားသွားကြသည်ကို တွေ့ရသည်။

ဟောပြောပွဲဖြစ်မြောက်ရေး လုပ်ဆောင်သည့်အဖွဲ့မှာသပြေညိုစာဖတ်ဝိုင်းဖြစ်သည်။
သပြေညိုဥက္ကဋ္ဌ ဦးသန်းလွင်က … လာမည့်နှစ်များတွင်လည်း စာပေဟောပြောပွဲ ဖြစ်မြောက်ရေး ဆက်လက် လုပ်ဆောင်သွားမည်ဟု ပြောပြသည်။

ကွမ်းခြံကုန်းတွင် စာပေဟောပြောပွဲ နှစ်စဉ် ကျင်းပလာခဲ့သည်မှာ ၂၄ ကြိမ်ခန့်ရှိပြီဖြစ်ကြောင်း၊ စာရေးဆရာ ဆရာမ စုစုပေါင်း ၇ဝ ကျော် လာရောက်ဟောပြောသွားပြီးဖြစ်ကြောင်း သူက ဆက်လက် ရှင်းပြသည်။

မသီတာ (စမ်းချောင်း) ဟောပြောနေပုံ

ထိုညက မြို့အတွင်းရှိ လက်ဘက်ရည်ဆိုင်များတွင် ဘောလုံးပွဲတိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုအားပေးသူများနှင့် ပြည့်နေသကဲ့သို့ စာပေဟောပြောပွဲပြုလုပ်သည့်နေရာသို့လည်း ဒေသခံ ပရိသတ် အများအပြား တက်ရောက်လာသည်ကို တွေ့ခဲ့ရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts