ရသဆောင်းပါးစုံ လူများ၊ ရုပ်ပုံလွှာများ ငြိမ်းချမ်းအေး

ရွှေရတု မွေးနေ့ရှင် တယောက် စိန်ခေါ်နေရပြီ

ငြိမ်းချမ်းအေး
ဇန္နဝါရီ ၂၉၊ ၂၀၁၄

 

အဆိုတော် တူးတူး @ မင်းကျော်သူ (၁၉၆၄-)
တူးတူး ၏ တကိုယ်တော် ပထမ တေးစု “အဆင်သင့်ပဲဟေ့” ကက်ဆက် တိပ်ခွေ မျက်နှာဖုံး မှ ဓာတ်ပုံ 
မျှဝေသူ – မောင်သူရညွန့်

၁၉၈၄ သြဂုတ် လ မှာ စတီရီယို ဂီတ လောကကို “အဆင်သင့်ပဲဟေ့” တေးစု နဲ့ စတင် ဝင်ရောက်ခဲ့သူ အဆိုတော် တူးတူး ဟာ ဂီတ သက် တမ်း ဆယ်စုနှစ် (၃) ခု ဖြတ်သန်းခဲ့ပြီး ဖြစ်သလို ၃၀-ဇန္နဝါရီ-၂၀၁၄ မှာလည်း ရွှေရတု မွေးနေ့မင်္ဂလာ အချိန်အခါ ရောက် အသက် (၅၀) ပြည့် မှာ ဖြစ်ပါတယ်။

 

တူးတူး ဟာ Rock, Pop အမျိုးအစား ကိုယ်ပိုင်သံစဉ်၊ နိုင်ငံခြား သံစဉ် မှီး သီချင်းများကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်သူ အဆိုကျော် တဦးဖြစ်သလို မြန်မာသံ ရေဒီယို သီချင်းများကိုလည်း ကျွမ်းကျင်စွာ သီဆိုနိုင်သူ ဖြစ်ပါတယ်။  ၁၉၈၀ နှောင်း ၁၉၉၀ ဝန်းကျင် အဆိုတော်များ ကိုယ်တိုင် သရုပ်ဆောင်ကြတဲ့ ဗမာ MTV တွေ ခေတ်စားလာချိန်မှာ တူးတူး ရဲ့ လက်ရွေးစင် သီချင်း ဗွီဒီယို သီချင်းခွေ “ကဗျာ” ဟာ အဲ့ဒီခေတ် လူငယ်များ အကြား အင်မတန် ရေပန်းစားခဲ့ပါတယ်။  ဒါ့အပြင် တူးတူး ဟာ အောင်မြင်တဲ့ ရုပ်ရှင်နောက်ခံသီချင်း များစွာကိုလည်း သီဆိုခဲ့ပါတယ်။

 

တူးတူး ရဲ့ ဂီတ လမ်းခရီး အစ “အဆင်သင့်ပဲဟေ့” တေးစု မှာ ခေါင်းစီးတေး Ready for Love သံစဉ်ကိုမှီး တဲ့ ကိုနေဝင်း၊ ကိုသန်းဌေး တို့ စာသားဖွဲ့ သီချင်း “အဆင်သင့်ပဲဟေ့” အပါအဝင် ကိုရဲလွင် ရဲ့ “မုန်းချင်မုန်းလိုက်” (ခင်မောင်တိုး မူရင်းဆိုခဲ့)၊ ကိုဇာလျန်း ရဲ့ “နေဝန်းနီပေါ်ထွက်ပြီ”၊ သုခမိန်လှိုင် ရဲ့ “အတိတ်မြက်ခင်းစိမ်းသို့အလွမ်း”၊ ဝင်းမင်းထွေး ရဲ့ “ချိုမြိန်ဒုက္ခ”၊ အကိုဖြစ်သူ တေးရေး ချိုချို (မနှစ် မတ်- ၂၇-၂၀၁၃ တုန်းက ကွယ်လွန်ရှာသူ) ရေး “မင်းမရှိရင်” အစရှိတဲ့ ဗမာပြည်ရဲ့ ဒိတ်ဒိတ်ကြဲ တေးရေး ဆရာ များ ရဲ့ တေးသီချင်းကောင်းများ ကို သီဆိုရင်း အချိန်တို အတွင်းမှာပဲ အများ ပရိသတ် အသိအမှတ်ပြုမှုရ အောင်မြင်လာခဲ့တယ်။

 

၁၉၈၅ သြဂုတ် လ တကိုယ်တော် ဒုတိယ တေးစု “မိဆိုး” ဆက်တိုက် ထွက်ရှိလာချိန်မှာတော့ တေးရေးဆရာ စံသွင် (နမ္မတူ) စာသားရေး Title Song “မိဆိုး” ဟာ တပြည်လုံး အနှံ့ ‘ပေါက်’ သီချင်း ဖြစ်ခဲ့ရသလို နောင် ဂီတဘဝ တလျှောက်မှာလည်း “တူးတူး” နဲ့ “မိဆိုး” ခွဲခြားမရသလို အထိ ဖြစ်ခဲ့ရတယ်။

 

၁၉၈၆ နှစ်ကုန် ဒီဇင်ဘာ တတိယ တေးစု “သူ” ထွက်ရှိချိန်မှာတော့ တူးတူး ရဲ့ အောင်မြင်မှု က အထွတ်အထိပ် ကို ရောက်လို့နေခဲ့ပါပြီ။

 

Princess and the Photographer (1984) ဂျပန် အချစ် ရုပ်ရှင် ဗမာပြည်မှာ ခေတ်စားနေချိန်၊ ရုပ်ရှင် ဇာတ်လမ်းပါ အဓိက ဇာတ်ဝင်တေး “Friend” လူကြိုက်များနေချိန်မှာ “Friend” ရဲ့ သံစဉ်ကို ယူ တဲ့ တေးရေး ဆရာ ညီညီသွင် ရဲ့ “သူငယ်ချင်းအတွက်” ဟာ “သူ” တေးစု မှာ ပါရှိလာခဲ့ပြီး Title Song “သူ” နဲ့အတူ ၈၀ နှောင်း လူငယ် ပရိသတ် ရဲ့ အသည်းစွဲ သီချင်း ဖြစ်ခဲ့ရတယ်။

 

“သူငယ်ချင်းအတွက်” သီချင်းက ကက်ဆက်တိပ်ခွေ ဗားရှင်း မှာသာမက အဆိုတော် တူးတူး ကိုယ်တိုင် ရုပ်ရှင်မင်းသမီး ဇင်မာဦး နဲ့ အတူ တွဲဖက်သရုပ်ဆောင်ကာ မြန်မာ့ရုပ်မြင်သံကြား မှာ ရိုက်ကူး ထုတ်လွှင့်ခဲ့တဲ MTV ကပါ အောင်မြင်ခဲ့တာပါ။  အဲ့ဒီခေတ် လူငယ် အများ ဇင်မာဦး က ဂစ်တာတီး သီချင်းဆိုနေတဲ့ တူးတူး ကို ထီးကလေး လာမိုး ပေးတာ အပါအဝင် MTV သရုပ်ဆောင်ချက်တွေ ကို စွဲစွဲလမ်းလမ်း တီဗွီက လွှင့်တိုင်း စောင့်ကြည့်ခဲ့ရတာပါပဲ။  တူးတူး ရဲ့ မြန်မာ့ရုပ်မြင်သံကြား က ၈၀ နှောင်း၊ ၉၀ တဝိုက် လွှင့် တေးဂီတ အစီအစဉ်တွေ အားလုံး လိုလို အောင်မြင်၊ လူကြည့်များခဲ့ကြပါတယ်။

 

အဲ့ဒီ တတိယတေးစု မှာပဲ ပါတဲ့ တေးရေး စနေကျော် (Shells) ရဲ့ ခံစားချက် နာမည်ကျော် “အသည်းရက်စက်တယ်” ဟာလည်း အောင်မြင်တဲ့ ‘ပေါက်’ သီချင်း တပုဒ်ပါပဲ။

 

ဒါတွေ အပြင် အဲ့ဒီ အချိန် က လူငယ် တေးရေးဆရာ အသစ် ဖိုးခွား (၂၅-မေ-၂၀၁၂ ကွယ်လွန်) ရဲ့ “ကေသရီ” ဟာ “သူ” တေးစု မှာ ကိုယ်ပိုင်သံစဉ် သီချင်းကောင်းလေး တပုဒ် အဖြစ် ထူးခြား လှပနေသလို တူးတူး ရဲ့ ရေရှည် ကျန် ဂန္တဝင် တွင်မယ့် မှတ်တိုင် သီချင်းလည်း ဖြစ်ခဲ့ရပါတယ်။

ကေသရီ၊ သံစဉ်/စာသား – ဖိုးခွား၊ တေးဆို – တူးတူး (၁၉၈၆)
တေးစုပါ အခြား ကိုယ်ပိုင်သံစဉ် သီချင်းကောင်းတွေ ဖြစ်တဲ့ တေးရေး ကိုချမ်းအေး ရဲ့ “ချစ်သောမြန်မာပြည်”၊ အဆိုတော် မွန်းအောင် ရေး “စိန်ခေါ်နေပြီ” တို့ကိုလည်း ဂီတဝါသနာရှင် ပရိသတ် အများ နှစ်သက် သဘောကျခဲ့ကြပါတယ်။
စိန်ခေါ်နေပြီ၊ သံစဉ်/စာသား – မွန်းအောင်၊ တေးဆို – တူးတူး (၁၉၈၆)

ဒီ ပထမ တေးစု (၃) စု ထွက်ရှိပြီးချိန်မှာတော့ တူးတူး ဟာ ပရိသတ် အခိုင်အမာ တည်ဆောက်ပြီး ဖြစ်သလို အောင်မြင်မှု ဟာလည်း ဆိုခဲ့တဲ့အတိုင်းပဲ အထွတ်အထိပ် ရောက်နေပါပြီ။

 

ဆက်လက်ထွက်ရှိခဲ့ကြတဲ့ အကြင်နာအကြည့်တွေရဲ့အကြောင်း (၁၉၈၈)၊  ဥပက္ခာအချစ် (၁၉၈၉)၊ ကဗျာ (ဗွီဒီယိုသီချင်းခွေ) (Selection) (၁၉၉၀)၊ ရင်ခွင်အိုသစ် (၁၉၉၁)၊ တခြမ်းပဲ့အသည်း (၁၉၉၂)၊ ရော့ခ်အက်ဆစ်ချို (၁၉၉၃)၊ ပြဿနာမရှိဘူး (၁၉၉၅)၊ ရုပ်ရှင်သီချင်းများ တေးစု (၁၉၉၅/၁၉၉၆)၊ အကောင်းဆုံးတေးများ (New Version) (၁၉၉၇) အစရှိတဲ့ တေးစုတွေဟာ အခိုင်အမာ ရှိနေတဲ့ ပရိသတ် အများ ရဲ့ အားပေးမှု နဲ့ အတူ တူးတူး ဟာ အောင်မြင်မှု လမ်းကြောင်း ကို ရေရှည် ဆက်ဖောက်နိုင်ခဲ့ပါတယ်။

 

ဂီတ သက်တမ်း အနှစ် (၂၀) ပြည့်ချိန် ၂၀၀၄ ခုနှစ်မှာတော့ “အတိတ်မြက်ခင်းစိမ်းများသို့ … အလွမ်း” ဆိုကာ စင်တင် တေးဂီတ ဖျော်ဖြေပွဲ Concert ကြီး တခု ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တယ်။  ဂီတ ညီအစ်ကို မောင်နှမ အဆိုတော်များ၊ အတီးပညာရှင်များ စုံလင်စွာ ပါဝင်ခဲ့တယ်။  သူငယ်ချင်း ဖြစ်သူ ဂီတပညာရှင် ထူးအိမ်သင် မဆုံးခင် ရက်ပိုင်း အလိုမှာ နောက်ဆုံး လာရောက် ပါဝင် ဖျော်ဖြေသွားမှု ပွဲ အဖြစ်လည်း ဂီတ ပရိသတ်များ အကြား အမှတ်ထင်ထင် ရှိနေတယ်။

 

ဒီလို အောင်မြင်မှုတွေ၊ မှတ်တိုင်တွေ အထင်ကရ နဲ့ သီချင်းကောင်းပေါင်း မြောက်မြားစွာ ကို အသက်သွင်း သီဆို ပေးခဲ့သူ အဆိုတော်ကြီး တူးတူး ဟာ အခု ဂီတ သက်တမ်း (၃၀) ပြည့် ခြင်း နဲ့ အတူ အသက် (၅၀) ရွှေရတု မွေးနေ့ အထိမ်း အမှတ် စင်တင် တေးဂီတ Live Concert ပွဲကြီး ကို မွေးနေ့မှာ ဂီတ ဘဝ အစ မှာကတည်းက မပြတ် လက်တွဲလာခဲ့တဲ့ ဗမာပြည် ရဲ့ ဝါရင့် Professional အတီးပညာရှင် များ ဖြစ်တဲ့ “The Aces (တေးပန်းချီ)” လူဟောင်းများ နဲ့ အတူ တကွ ပြုလုပ် ကျင်းပကာ မွေးနေ့အချိန်အခါ ကို ဂီတ နဲ့၊ ဂီတ မိတ်ဆွေများ နဲ့၊ ဂီတချစ်သူ ပရိသတ်များ နဲ့ မင်္ဂလာ ရှိရှိ ဖြတ်သန်းမှာ ဖြစ်ပါတယ်။  ဒီပွဲမှာ ဧည့်သည် အဆိုတော်များ အနေနဲ့ ဗစ်တာခင်ညို၊ ခိုင်ထူး ၊ အက်စ်ကဲနက်၊ ချစ်ကောင်း၊ စုံတွဲ အဆို ဟေမာနေဝင်း၊ ကော်နီ တို့လည်း ပါဝင်မှာ ဖြစ်တယ်။

 

ဂီတ ချစ်သူ ဝါသနာရှင် များကလည်း စင်ပေါ်မှာ မမြင်မတွေ့ရတာ ကြာပြီ ဖြစ်တဲ့ Aces လူဟောင်းကြီး များ နဲ့ အဆိုတော် တူးတူး အပါအဝင် အဆိုတော် လူဟောင်းကြီးများကို အသစ်တဖန် အတူတကွ အားပေးနိုင်မှာ ဖြစ်တဲ့ အတွက် ဒီပွဲ ကို အထူးမျှော်လင့် နေကြတယ်။  နယ်က ဂီတမိတ်ဆွေ တချို့ဆိုရင် ဒီပွဲ အတွက် သက်သက် ရန်ကုန် ဆင်းဖို့ စီစဉ်ထားကြတယ်။

 

ဒီလို ကာယကံရှင် အတွက်ကော၊ ပါဝင်သူတွေ အားလုံးအတွက်ကော၊ ပရိသတ် အတွက် ပါ အဓိပ္ပာယ် ပြည့်ဝ တန်ဖိုးထားရတဲ့ ဂီတပွဲ အကြောင်းကို အဆိုတော် တူးတူး က ပြီးခဲ့တဲ့ (၂၀) ရက်နေ့ တုန်းက စာနယ်ဇင်း အသိပေးပွဲ ယုဇနဂါးဒင်းမှာ ပြုလုပ် မီဒီယာ ကို ကြိုတင် အသိပေး၊ သတင်းအချက်အလက် ပြည့်ပြည့်စုံစုံ ထုတ်ပြန်ခဲ့တယ်။  ဒါကို မမှားရ၊ မလွဲရရင် မနေနိုင်တဲ့ ဗမာ့စာနယ်ဇင်း ထုံးစံ အတိုင်း သတင်းစာ၊ ဂျာနယ် တွေ မှာ ပြန်လည် တင်ပြရာမှာ တလွဲတွေ ရေးကြတယ်လို့ သိရတယ်။

 

ဧည့်သည် အဆို ရှင် စာရင်း မှာ တကယ် ပါဝင်မယ့် ခိုင်ထူး နာမည် ကို ဘယ်ဂျာနယ် က မှ မဖော်တာမျိုး၊ မပါတဲ့ အခြား အဆိုတော် နာမည်ကို မဆီမဆိုင် ထည့်တာမျိုး လုပ်လို့ အခု ကာယကံရှင် တူးတူး အပါအဝင် သက်ဆိုင်သူများ စိတ် ကသိကအောက် ဖြစ်နေရတယ်။  အဆိုးဆုံး ကတော့ ဂျာနယ်တစောင်က မီဒီယာ တွေ့ဆုံပွဲမှာ  တူးတူး ပါးစပ်က လုံးဝ မပြောခဲ့တဲ့ စကားတွေ ကို သူတို့ စိတ်ကူး နဲ့ သူတို့ ဖန်တီး ဇာတ်လမ်းဆင် ထည့်ထားသေးတယ်လို့ ဆိုတယ်။

 

(အထက်မှာ ဆိုခဲ့သလို) အဖက်ဖက်က အနှစ်သာရ ရှိလှတဲ့ ဒီပွဲကို အဆိုပါ ဂျာနယ် ရဲ့ ပုံဖော် ရေးသားချက် က “Facebook မှာ ပရိသတ်တွေက ပွဲလုပ်ပါ ဆိုလို့၊ သူတို့ မြှောက်ပေးလို့ လုပ်လိုက်ရတာပါ” ပါတဲ့။

 

စာနယ်ဇင်း တွေ့ဆုံပွဲ မှာ တူးတူး တကယ် ဆိုခဲ့တဲ့ သဘော က “ကျနော့် Facebook Page မှာ ပရိသတ် တွေကို ရွှေရတု မွေးနေ့ ရက်မှာ ပွဲလေးတခု လုပ်ဖို့ စိတ်ကူးနေပါတယ်၊ ဘယ်လို သဘောရသလဲ မေး တင်လိုက်တော့ ပရိသတ် အများ အပြား က ပွဲလုပ်ဖို့ အားပေးကြတယ်၊ ဒါကြောင့် အားတက်သွားတယ်၊ အဲဒီထဲမှာ တယောက်က တော့ ‘Facebook က လူတွေကို မယုံပါနဲ့ ၊သူတို့က လာမယ်ဆိုပြီး တကယ်ပွဲလုပ်ရင် ရောက်လာကြမှာမဟုတ်ဘူး ၊ ကိုယ်ကလည်း အသက်ကြီးပြီ ၊ အခုခေတ်က တင်းတယ် တင်းတယ် ဆိုတာမျိုးမှ အားပေးကြတာ၊ အေးအေးနေပါဗျာ” လို့ မှတ်ချက်ပြုတယ်၊ မှတ်ချက် ပြုသူက စေတနာ ရှေ့ထား၊ တကယ် စိုးရိမ်လို့ တားတာ ဖြစ်ချင်ဖြစ်ပေမယ့် ဒီ မှတ်ချက် က ကျနော့် ကို ဒီပွဲ လုပ်ဖြစ်အောင် ပိုလို့ တွန်းအားပေးသလို ဖြစ်သွားတယ်၊ လုပ်ဖြစ်အောင် ပိုကြိုးစားခဲ့တယ်” ဆိုတဲ့ သဘော သာ ပြောခဲ့ခြင်းဖြစ်တယ်။

 

ဒါကို စာနယ်ဇင်း ရဲ့ ရိုက်ချက် ပြောပေါက် က အထက်မှာ ဆိုခဲ့သလို သူများ မြှောက်ပေးလို့ ခပ်ပေါပေါ၊ ကမြင်းကြောထ လုပ်သလိုမျိုး ပုံဖော်ခဲ့တယ်။  ခု ကလေးများ ဆိုတဲ့ ခေတ်ဘန်းစကား နဲ့ဆိုရရင် “ဆိုးချက် က ၉ လောက်” ရှိတယ်။

 

ကာယကံရှင် တူးတူး တယောက်လည်း အခုလို မင်္ဂလာယူရမယ့် အချိန် မှာ ဒီလို စာနယ်ဇင်း အမှားတွေ၊ ကမောက်ကမ၊ ကပြက်ကချော် လုပ်မှုတွေကြောင့် သက်သက်မဲ့ စိတ် အနှောင့်အယှက် ဖြစ် စိတ်ညစ်နေရတယ်။

 

ဗမာ့စာနယ်ဇင်း ရဲ့ အဆင့်အတန်း၊ အရည်အချင်း ကို ဆောင်းပါးများမှာ အလျဉ်းသင့်သလို ထောက်ပြ ဆွေးနွေး ဖူးခဲ့တယ်။  ဒီလို အချက်အလက် အမှား၊ တင်ပြပုံ အမှား ကနေ ကျင့်ဝတ် သိက္ခာ စောင့်ထိန်းမှု မရှိတဲ့ သီလကျင့်ဝတ် အမှားအထိ အမှားများစွာဟာ စာနယ်ဇင်းမှာ အကြောင်းအရာ သေးသေး၊ ကြီးကြီး အမြဲမပြတ် တွေ့နေရတော့ စိတ်ပျက်မိတယ်၊ ဗမာပြည် အနာဂတ် အတွက် အားလျော့ရတယ်။  စာနယ်ဇင်းဆိုတာဟာ တိုင်းပြည် ရဲ့ ရှေ့ဆောင် လမ်းပြ ဖြစ်တဲ့ အတွက် အရာရာမှာ ဆင်ခြင် သတိပြု ကျင့်ဝတ် စောင့်ထိန်း၊ အမှားကင်းအောင် အခုထက် ပို ကြိုးစားသင့်တယ်။

 

ဗမာ့ စာနယ်ဇင်း က အတွေ့အကြုံ ပညာရှိ လူကြီးများ၊ စာနယ်ဇင်းကောင်စီ အစရှိတဲ့ တာဝန်ရှိ အဖွဲ့အစည်းများ ဟာ စာနယ်ဇင်းလောက အဆင့်အတန်း မြင့်၊ သိက္ခာ ရှိစေဖို့ရာအတွက် ဆွေးနွေးပွဲ၊ နှီးနှောဖလှယ်ပွဲတွေ အများအပြား လုပ်သင့်လှတယ်၊ မီဒီယာ လောကသား လူငယ်များအတွက်လည်း ပညာ၊ ဗဟုသုတ နဲ့ စာနယ်ဇင် အတတ်၊ ကျင့်ဝတ် တိုးပွား ခိုင်မြဲအောင် ပညာပေးမှု သင်တန်းတွေ ပိုမို စီစဉ် ဆောင်ရွက်ပေးသင့်လှတယ်။  လစဉ် (သို့မဟုတ်) ၃ လပတ်၊ ၆ လပတ် တခါ စာနယ်ဇင်း ရဲ့ အရည်အသွေး နဲ့ ကျင့်ဝတ်သိက္ခာကို စောင့်ကြည့် အကဲဖြတ်၊ စစ်တမ်း ဖော်ထုတ်တင်ပြတဲ့ မီဒီယာ စောင့်ကြည့်ရေး အဖွဲ့တဖွဲ့ လည်း ဗမာ့စာနယ်ဇင်းကောင်စီ အနေနဲ့ ဖွဲ့စည်းသင့်တယ်။

 

ဒီလို တွေ မရှိတော့ မမှားသင့်တဲ့ အမှားတွေ၊ မှားနေကျ အမှားတွေ၊ မဖြစ်သင့်တဲ့ ကျင့်ဝတ် မဲ့မှုတွေ က အမြဲဖြစ်နေ၊ မှားနေ၊ အမှားများသာ တည်တံ့၊ ရေရှည်သဘောဆောင် အမြစ်တွယ် နေရတယ်။

 

မီဒီယာ ဆိုတာ တိုင်းပြည်ကိုယ်စား၊ ပြည်သူလူထု ကိုယ်စား တိုင်းပြည် ရဲ့ ဖြစ်ရပ်တွေ၊ အစိုးရ အပါအဝင် အဖွဲ့အစည်း အားလုံး၊ ကဏ္ဍ ပေါင်းစုံ ကို စောင့်ကြည့်လေ့လာ ဝေဖန် သုံးသပ် ဆန်းစစ် ရတဲ့ Watch Dog ပဲ။  Watchdog Journalism ဆိုတာ Investigative Journalism အခန်းကဏ္ဍ ရဲ့ အဓိက အရေးပါတဲ့ အကြောင်းကြီး တခုပဲ။  ဒါပေမယ့် ဗမာ့စာနယ်ဇင်း နဲ့ ဗမာ့ စာနယ်ဇင်း သမားများ ရဲ့ အသိ၊ ပညာ၊ ကျင့်ဝတ်၊ သီလ ကျန်းမာရေး က စနစ်ဆိုးဒဏ်ခံရင်း ချို့ယွင်း ပျက်စီးခဲ့ရတော့ ဒီ Watch Dog ကိုပဲ ပြန်လည် တည့်မတ် မှန်ကန်၊ အရည်အချင်းမီအောင် ပြုလုပ်ပေးဖို့ အရေး နဲ့ သူ့ကို ပြန် အရည်အချင်း အကဲဖြတ် စောင့်ကြည့်ဖို့ အရေးက အင်မတန် အရေးတကြီး လိုအပ်လှတယ်။

 

ဒီသဘော ကို ဗမာ့စာနယ်ဇင်း က အထင်ကရ ပုဂ္ဂိုလ် ဆရာကြီးများ၊ သြဇာ စူးသူများ အလေးအနက် ထားသင့်လှတယ်၊ အမြန် အဖြေ ရှာသင့်တယ်။

 

ဒီကိစ္စ အဖြေ မရှာနိုင်၊ မတည့်မတ် နိုင်၊ ဗမာ့ စာနယ်ဇင်း အရည်အသွေး နဲ့ စာရိတ္တာ ရေချိန် မမြင့် နိုင် သရွေ့တော့ အခုလို အမှားများက အသေး၊ အကြီး ပုံစံမျိုးစုံ၊ လူတဦး တယောက် အကျိုး ကို ထိခိုက် မှု ကနေ တိုင်းပြည် နဲ့ လူ့အဖွဲ့အစည်း တခုလုံး ကို ထိခိုက်နိုင်စွမ်းတဲ့ အထိ ထိရောက်မှု အား အစုံ နဲ့ မြင်နေ၊ တွေ့နေ၊ ကြားနေရဦးမှာဖြစ်တယ်။  အရင် တခါ ဆောင်းပါးမှာ ဆိုခဲ့သလို “မထူးဆန်းတဲ့ အမှားများ” ဟာ ဗမာ့စာနယ်ဇင်းမှာ တွင်ကျယ်နေဦးမှာ ဖြစ်တယ်။

 

ဒီလို သဘောများကြောင့် အခု လတ်တလော စာနယ်ဇင်း မီဒီယာ ရဲ့ တလွဲတချော် လုပ်မှု ဒဏ် ခံလိုက်ရတဲ့ ရွှေရတု မွေးနေ့ရှင် အဆိုတော် တူးတူး တယောက် သူ့ ရဲ့ ပုဂ္ဂလိက ကိုယ်ပိုင် မီဒီယာ လူမှုကွန်ရက် စာမျက်နှာမှာ စာနယ်ဇင်း ရဲ့ အမှားများ ကို စိတ်ပျက်လက်ပျက် ဖွင့်ဟရင်း သူဟာ စာနယ်ဇင်း ရေးသလို သူများ မြှောက်ပေးတိုင်း လုပ်တဲ့ သူ မဟုတ်ကြောင်း၊ “ကိုယ့် ပရိသတ် ကို ကိုယ် ယုံကြည်လို့ ဒီပွဲဖြစ်အောင် ပြုလုပ်ခြင်းဖြစ်ကြောင်း” ဖွင့်ဟ ထုတ်ဖော် စိန်ခေါ်နေရပါပြီ..။

 

တူးတူး ရဲ့ ဂီတပွဲ အောင်မြင်ပါစေ..၊

 

Aces လူဟောင်းများ နဲ့ပဲ တီးခတ် ကာ ကိုယ်ပိုင်သံစဉ် အခွေသစ် ထုတ်ဖို့ စီစဉ်နေတာလည်း အထမြောက် အောင်မြင်ပါစေ..၊

 

မွေးနေ့ ပေါင်းမြောက်မြားစွာကိုလည်း ချစ်တဲ့ မိသားစု၊ ချစ်တဲ့ ဂီတ၊ ချစ်တဲ့ ပရိသတ် နဲ့ အတူ ဆက်လက် ချီတက် ဖြတ်သန်းနိုင်ပါစေ..၊

 

ဗမာ့ စာနယ်ဇင်း ရဲ့ တလွဲတချော် ကဖျက်ယဖျက် လုပ်မှုမျိုးတွေလည်း နောင်မှာ မကြုံတွေ့ရပါစေနဲ့..၊

 

… အစရှိသလို မွေးနေ့ရှင် တူးတူး အတွက် ဆုမွန်ကောင်း တောင်းပေးရင်း ဗမာ့စာနယ်ဇင်း ပကတိ မြင်ကွင်း တစေ့တစောင်းကိုလည်း ပူးတွဲ ဆွေးနွေး၊ အကြောင်းသင့်တုန်း ထပ်မံ ရေးသားတင်ပြကာ ဗမာ့ စာနယ်ဇင်း ကျန်းမာစေကြောင်းလည်း ဆုတောင်းလိုက်ချင်ပါတယ်။

ငြိမ်းချမ်းအေး
ဇန္နဝါရီ ၂၉၊ ၂၀၁၄

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts