ရသဆောင်းပါးစုံ လူများ၊ ရုပ်ပုံလွှာများ

ဇီးကွက် တကောင် ပိုင်ဆိုင်ခဲ့ဖူးသော ရွှေဂျော်ဂျော်

မျိုးဆွေသန်း (ဒီဇိုင်း)
မိုးမခ
ဇန္နဝါရီ ၂၇၊ ၂၀၁၄

 

တေးရေး ရွှေဂျော်ဂျော် (၁၉၆၄-)

သီချင်းရေးတဲ့ ကိုမြင့်မိုးအောင်နဲ့ ကိုရွှေဂျော်ဂျော်တို့ က ကာလ တခုမှာ အချိန် တော်တော်ကြာကြာ အတူ နေခဲ့ကြဖူးပါတယ်၊ အဲဒီနှစ်ယောက်ပေါင်းနဲ့ ကျွန်တော့်လည်း ကာလတခုမှာ အတော်ကြာကြာ နေခဲ့ဖူး ပါတယ်။

 

ကိုမြင့်မိုး၊ ကိုရွှေက ကျွန်တော့်ထက် အသက်ကြီးပါတယ်၊  ကိုမြင့်မိုး၊ ကိုရွှေ၊ ကိုငှက်တို့က ခေတ်ပြိုင်ပါ၊ ကျွန်တော်နဲ့ သိကြတော့ သူတို့က ဇနီးမယား ကိုယ်စီနဲ့ (၃)တွဲပေါ့။  အများက ကျောင်းဆရာ၊ ဆရာကျောင်းလို့ ခေါ်တဲ့ ကျွန်တော့်ကို အဲဒီ (၃)တွဲ စလုံးက၊ ကျောင်းကျောင်း၊ ကြောင်ပူစီ၊ ပူစီကက်လို့ ခေါ်ပြီး အတူနေခဲ့ကြတဲ့ ကာလမှာ ချစ်ချစ်ခင်ခင်ရှိကြပါတယ် လို့ ပြောလို့ ရပါတယ်၊

 

ကိုရွှေက လူ တယောက်ကို သူ့ ကိုယ်ပိုင်နာမည်ပေးပြီးမှ ခင်လို့ရတာတဲ့၊ အဓိပ္ပာယ်ကတော့ သူ့ ဖာသာသူသတ်မှတ်တာဆိုတော့ မတတ် နိုင်ဘူးပဲပြောရတော့မယ်။

 

ကျွန်တော့်ကို ကြောင်ပူစီတဲ့၊ ကိုမြင့်မိုးကို ဖြူဖွေး၊ မောင်မော်ဇော်လတ် ကို လှတင့်တဲ့၊ သူတို့တော့မသိဘူး၊ ကျွန်တော်ကတော့ ကျောင်းဆရာကနေ ကျောင်းကျောင်း၊ ကျောင်းကျောင်းကနေ ကြောင်ကြောင် အဲဒီကနေ ကြောင်ပူစီဖြစ်တယ်ထင်တာပဲ။  တင်ဇာမော်နဲ့ ကျွန်တော်လက်ထပ်တုန်းက ကိုရွှေပြောပုံက လေလွင့်ကြောင်နဲ့ စည်ပင်မော်တဲ့၊ ကြောင်လေကြောင်လွင့်ကို စည်ပင်က ဖမ်းသွားတယ်ဆိုပါတော့။  တခါတလေလည်း သူပေးတဲ့နာမည်ရတဲ့ ကာယကံရှင်တွေက သူ့ နာမည်သူ ဘာမှန်း မသိတာတွေလည်းရှိတယ်၊ အဲဒါတွေကို နောက်ကနေလိုက်ပြီး ကိုမြင့်မိုးက အဓိပ္ပာယ်ဖော်ပေးလေ့လည်းရှိတယ်။

 

ကိုမြင့်မိုးပြောပုံက “ယုံကြည်တယ်ဆိုရင် ဘာမဆိုလုပ်ရဲတဲ့သူက ကိုရွှေ” ပဲတဲ့..။

 

ကိုရွှေပြောပုံက ကြတော့ “မယုံကြည်လည်းပဲ ယုံကြည် လေဟန်ဆောင်ပြီး ကိစ္စ တခုကို အဆုံးထိ လုပ်တတ်တာ ကိုမြင့်မိုး” ပဲတဲ့၊ အဲဒါ သူတို့ နှစ်ယောက်လုံးမသိကြဘူး။

 

အဲဒါ သူတို့နှစ်ယောက်လုံး မသိတာတွေအများကြီးရှိသေးတယ်၊ ထားလိုက်ဦး..။

 

တရားစခန်း ရောက်တဲ့အရွယ်ကြမှ အပြန်အလှန်ရန်တိုက်ပေးဖို့ ချန်ထားလိုက်ဦးမယ်။

 

သူတို့ နှစ်ယောက်စလုံးက တေးထားသမျှတွေ ရေးတဲ့ တေးရေးတွေပဲ ဆိုတော့ သူတို့ တေးတွေကို ကြည့်ပြီး ကျွန်တော် မှတ်ထားပုံတော့ရှိတယ်၊

 

တယောက်က အပျင်းကြီးပြီး ထိုင်ရာမထလွမ်းတဲ့ တေးရေးနဲ့ နောက် တယောက်က ယောက်ယက်ခတ်အောင် လျှောက်သွားပြီး ဇွဲ၊ လုံ့လ၊ ၀ီရိယနဲ့ လွမ်းတဲ့ တေးရေးလို့ မှတ်ထားတာပါ၊ ကိုမြင့်မိုးသီချင်းတွေကိုကြည့်လေ..။

 

အဝေးက မိုးကောင်းကင်ထဲမှာ၊ အဝေးက လမ်းဟောင်းလေးကို ငါဟာနှုတ်ဆက်၊ အဝေးက ခေါ်သံများ…။

 

ကြည့်ပါ့လား..၊ သူက ချောင် တချောင်မှာ ထိုင်ပြီး အဝေးကပဲ လှမ်းလွမ်းနေတာ။  သူကတော့ဘယ်မှမသွားဘူး၊ ပြန်လာပါ အိပ်မက်လေးရေတို့၊ သူ့မျက်နှာလေးအား ယူဆောင် ပေးပါလားကွာ၊ သူက ပင်လယ် အမှောင်တွေက လာရင်တို့။ ကိုမြင့်မိုးကတော့ ဘယ်တော့မှ လာမှာမဟုတ်ဘူး၊ သူ့ဆီပဲခေါ်နေတော့တာ၊ကျွန်တော်နဲ့ ကိုရွှေနဲ့က ဟီဟိ၊ ဟီဟိနဲ့ ရယ်ပြီး တေးရေး ကိုမြင့်ဝေး ဆိုပြီး တနှစ်လုံး အဝေး (၆၂) လုံးနဲ့ ဂရမ်မီတွေ ပေးလာပေးရဲ့ လုပ်နေရာကနေ  ကဲ ကိုရွှေ ခင်ဗျားအလှည့်ဆိုတော့..

 

ငါပြန်ခဲ့ပါပြီ.. ငါလေပြန်ခဲ့ပြီ.. နဲ့ စတွေ့တော့တာပဲ။

အပြန် (Two Versions)၊ သံစဉ်/စာသား –  ရွှေဂျော်ဂျော်၊ တေးဆို – ဖိုးဖန် (၁၉၉၅) ၊ ထူးအိမ်သင် (၁၉၉၈)

အသည်းက ခွင့်လွှတ်ရင်း နောက်လှည့်ငါပြန်လာခဲ့ပြီ၊ဟော အသွားတင်မကဘူး အပြန်ပါ ပါသေးတော့။

 

အေးဟုတ်ပ အတော်သွားတာပဲဟ တဲ့၊ ဟော ကိုရွှေ မိုးတိမ်တွေအောက်လည်း နှင်းဆီပန်းစည်းကြီးကိုင်လို့ သွားလားသွားရဲ့..။

 

အရာရာဆောင်ယူပြီးတောင်သွားလိုက်တာပါသေး..။

 

တခါတရံ လေနှင်ရာတောင် လွင့်ပါးပစ်လိုက်သေး..။

 

“သွားသည် ရွှေဂျော်ဂျော်” ပါလား ဆိုတော့ အေးဟ ယောက်ယက်ကိုခတ်လို့ ဆိုပြီး ဟီဟိ ဟီဟိ လုပ်တာပါပဲ။

 

ကိုမြင့်မိုးက သူ အဲဒီလို ထိုင်ရာမထ ခွေနေတာ ပုသိမ်သားမို့တဲ့၊ ဘာဆိုင်လို့ တုန်းဆိုတော့ ပုပြီး သိမ်နေလို့ ပုသိမ်တဲ့၊ ဟင် ခင်ဗျားက အရပ်ရှည်ပါတယ်ဆိုတော့ ကိုရွှေက လုပ်ပြန်ရော၊ ဘုရားသခင်က ကိုမြင့်မိုးကို ဖန်ဆင်းတုန်းက ရွှံ့လည်းပေါ သေးတယ်တဲ့။  လက်ဖ၀ါး နှစ်ဖက်ထဲ ရှည်မျောမျောလေး လုံးထားတုန်း ဧည့်သည်လာလို့ ထသွားရင်း၊ ပြီးမှလုပ်မယ်ဆိုပြီး လက်နဲ့ဖိသွားလို့ ရှည်ရှည် ပြားပြားလေးဖြစ်သွားတာတဲ့၊

 

ခင်ဗျားကြတော့ရော ကိုရွှေ ဆိုတော့ သူ့ ဖန်တီးတုန်းက ဘုရားသခင်က စိတ်မရှည်ဘူးဖြစ်နေတယ်ဆိုပဲ၊ ဒါကြောင့် သူ့နှာခေါင်းကြီးနေတာတဲ့။

 

အဲဒီလို ဟီဟိ ဟီဟိ နေ့ရက်တွေက ကြာခဲ့ပါပြီ။ ကိုယ့်အကြောင်းနဲ့ကိုယ်၊ ကိုယ်စီဆိုတော့လည်း သိပ်မမြတ်မှန်း သိပေမယ့်လည်း ခရီးတွေကိုယ်စီဆက်နေကြရတာပေါ့၊  ကိုမြင့်မိုးလို ယုံကြည်ဟန်ဆောင်ပြီး အပြီးထိ ဘဝခရီးကို အဆုံးသတ်ဖို့ ဆက်လျှောက်နေကြရင်း ဟီဟိ ဟီဟိလေးတွေလည်း ကျကျန်ခဲ့ကြပါပြီ။

 

အခုဟာက ဇီးကွက်၊ ဇီးကွက်။  ကြည့်လေ ရာ ဆိုင်းဘုတ်တွေ၊ တံခွန်တွေ၊ ကြောငြာတွေက ဇီးကွက်၊ ဆီးဂိမ်းအမှတ်တံဆိပ်ဇီးကွက်တွေကို မြင်လို့ပါ။  ဆီးဂီမ်းဆုယူတဲ့ စင်မြင့်မှာ ဆုတံဆိပ်တွေအပြင် အထိမ်းအမှတ် အရုပ်လေးတွေကိုလည်း အားကစားသမားတွေကို ဆုနဲ့အတူ ရောပြီးပေး တာမြင်ဖူးလို့ပါ၊ ဥပမာ ပန်ဒါဝက်ဝံလေးတို့ စသည်ဖြင့်ပေါ့။  အဲဒီလိုပေးရင် ဇီးကွက်ရုပ်လေးပိုက်ထားတဲ့ ပုံတွေမြင်ရဦးမှာပဲ လို့ ဆက်တွေးမိရာကနေ ကိုရွှေ ဇီးကွက်ပိုက်ထားတဲ့ ပုံကို သွားမြင်မိပြီး ကိုယ့်ဖာသာ တယေက်ထဲ ဟီဟိ ဟီဟိ ဖြစ်နေလို့ ခင်ဗျားတို့ ပြန်ပြောပြတာပါ၊  သူများကိုတော့ ပြန်မပြောနဲ့ပေါ့ တော်ကြာ ကိုမြင့်မိုးနဲ့ ကိုရွှေပြန်ကြားသွားဦးမယ်။

 

ကိုရွှေအဖေက ဆရာဝန်၊ ဒေါက်တာထွန်းရွှေ၊ စာရေးဆရာဒေါက်တာထွန်းရွှေပေါ့။ စာအုပ်တွေအများကြီးထွက်ခဲ့ဖူးပါတယ်၊ ကိုရွှေ (၁၀) နှစ်သားတုန်းက မန္တလေးဆေးရုံအုပ်ကြီးဖြစ်တဲ့အချိန်၊ မြို့မျက်နှာဖုံးပေါ့။

 

ဒါမို့ဆို ဒီဇာတ်လမ်းသိမှာ မဟုတ်ဘူး။  ကိုရွှေ အင်တာဗျူးဖြေလို့၊ တည ကိုရွှေ အင်တာဗျူး မေးခွန်းတွေ ဖြေနေတာ ရေးလိုက် လုံးပြီးလွှင့်ပစ်လိုက်နဲ့ မိုးလင်းတော့မယ်၊ ကိုမြင့်မိုးက ရပြီ ကိုရွှေ လို့ ပြောလည်း သူ့ ထုံးစံအတိုင်း အင်တာဗျူး ဖြေတာက အစ စိတ်တိုင်း မကျမချင်း ဖြေတယ်၊ မိုးလင်းခါနီးတော့ ရပြီတဲ့ ဘဝင်ကျသွားပြီ၊ သူယုံကြည်သွားပြီးပေါ့။  ဒါပေမယ့် မပြီးဘူး၊ ဓါတ်ပုံပေးရဦးမှာဆိုတော့ ဓါတ်ပုံ၊ ဓါတ်ပုံ၊ ကိုရွှေ့ဓါတ်ပုံတွေဝိုင်းရွေးပေးကြတယ်၊ ကိုရွှေက အဲဒီဓါတ်ပုံတွေကြည့်ပြီး သူ မဟုတ်ဘူး တဲ့၊ ဗျာ၊ ဒါကိုရွှေလေဆို တော့ မဟုတ်ဘူးသူ့ပုံတော့ သူ့ပုံပဲ၊ ဒါပေမယ့် ရွှေဂျော်ဂျော်ဖြစ်စေတဲ့အချက်အလက်မပါဘူးတဲ့။

 

ကိုင်း.. ရွှေဂျော်ဂျော် ဖြစ်စေတဲ့ အချက်အလက်တွေ ပါတဲ့ ကိုရွှေ့ပုံကို ရှာကြဦး ဟေ့။  အဲဒီမှာ ကိုရွှေ ငယ်ငယ်က ပုံ တပုံသွားတွေ့တယ်၊ ဇီးကွက် တကောင်ကို ပိုက်လို့၊ အားလုံးက သဘောတူပြီ၊ ကိုရွှေကလည်း အဲဒါသူ ဟုတ်တယ်တဲ့၊ ကဲရွှေဂျော်ဂျော်ဖြစ်စေတဲ့ အချက်အလက်တွေဝေဖြာနေတဲ့ ဇီးကွက် ပိုက်ထားတဲ့ပုံကို ရွှေဂျော်ဂျော်အင်တာဗျူးမှာ သုံးဖို့ မဂ္ဂဇင်းကို ပေးလိုက်တော့။

 

အဲဒီဓါတ်ပုံရိုက်ချိန်က (၁၀)နှစ်သားလောက် ရွှေဂျော်ဂျော် အလောင်းအလျာလေး မောင်မောင်ရွှေ က ဇာတိပြပါတယ်၊ ကျွန်တော် ကိုရွှေ့အမေ နဲ့ တခါပဲ ဆုံဖူးတာ၊ ကိုရွှေ့အကြောင်းကို သူ့ အမေ စကားတခွန်းနဲ့ တင်လုံလောက်ပါတယ်၊

 

သား ကိုရွှေငယ်ငယ်က လိုချင်တာ မရရင် ချီထားတဲ့ လက်ထဲကနေရအောင်ကော့ပြီး လှန်ချလိုက်တာပဲတဲ့။

 

တနေ့ တော့ ကိုရွှေက ဇီးကွက်တဲ့ ဇီးကွက်လိုချင်တာတဲ့။  ဒါနဲ့ မဟာမြတ်မုနိ စောင်းတန်းသွားပြီး ဇီးကွက်လည်း ၀ယ်ပေးရော ကော့ ပြီးလှန်ချလိုက်ရင်း ကိုရွှေ အော်ငိုတာက အရုပ်မဟုတ်ဖူး၊ ဇီးကွက်အရှင်တဲ့။  ကဲလုပ်ကြဦး။

 

ဒေါက်တာထွန်းရွှေက အရှိန်အဝါလည်းကြီး၊ တပည့်တပန်းတွေကလည်း များတယ်ဆိုတော့ နယ်ဖက်က တပည့်တွေက ဇီးကွက် အရှင် ဖမ်းကြရတော့တာပေါ့။  ဇီးကွက်အရှင်လည်း ရရော ကိုရွှေ ပျော်တာပေါ့။ တနေ့တနေ့ ဇီးကွက်ပဲ နှိုက်နေတော့တာ။ ထမင်းကျွေးလိုက်၊ နွား နို့တိုက်လိုက်နဲ့ပေါ့၊ ကိုရွှေပျော်လေ ဇီးကွက်မှာ အူကြောင်ကြောင်ဖြစ်လေပဲ၊ ကြာတော့ ဇီးကွက်က ရှောတော့မယ်။

 

သားအကြောင်းသိတဲ့ အမေက သူ့သားယုံကြည်လက်ခံအောင်ပြောရတော့တာပေါ့။  သားရယ် ဇီးကွက် ဆိုတာ နေ့အိပ်ပြီး ညမှ ထွက်တာ၊ ခုတော့ သားနဲ့နေရတော့ ဇီးကွက်က နေ့လည်းမအိပ်ရနဲ့ ကြောင်စီစီဖြစ်နေပြီး ပိုးကောင်မွှားကောင်လေးတွေ စားတဲ့ ဇီးကွက်ကို သားက ထမင်းတွေကျွေး၊ နွားနို့တွေတိုက်ဆိုတော့ ဇီးကွက်ခမျာသေတော့မယ်။  အဲဒီတော့ ဇီးကွက် လေးကို ပြန်လွှတ်လိုက်ပါပေါ့။  ကိုရွှေယုံကြည်သွားပြီ၊ အမေပြောတာကိုသိပြီ၊ လက်ခံနားလည်သွားပြီ၊ ဒါပေမယ့် သူ့အမေကို ကိုရွှေ ပြန်ပြောလိုက်ပုံက ဟုတ်တယ်၊ ဇီးကွက်လေးကို ပြန်လွှတ်မယ်၊ ဒါပေမယ့် သူကြီးလာရင် ငယ်ငယ်က ဇီးကွက်တကောင် ပိုင်ဆိုင်ခဲ့ဖူးတယ် ဆိုတာ လူတွေကို ဘယ်လိုသက်သေပြရမယ် တဲ့၊ ကဲ.. ဓါတ်ပုံတိုက်ကို ကြွ..။

 

ကိုရွှေ့လက်ထဲမှာ ပိုက်ထားတဲ့ဇီးကွက်ခမျာ နေ့ခင်းကြောင်တောင်ကြီးမှာ ဓါတ်ပုံတိုက်က မီးတွေကလည်း ထိုးထားလိုက်သေးဆိုတော့ စိတ်ကူး ထဲကနေသာ မြင်ကြည့်လိုက်တော့။

 

ဘာပဲပြောပြော ရွှေဂျော်ဂျော် ဇီးကွက် တကောင်ပိုင်ဆိုင်ခဲ့ဖူးတယ် အရှင်နော်။

 

အခု ဆီးဂိမ်းမှာသာ ရွှေတံဆိပ်ရတဲ့ သူတွေကို ဇီးကွက် ရုပ်လေးတွေပေးရင် ကျွန်တော်ကတော့ ငယ်ငယ်ကတည်းက ဇီးကွက်အရှင်ပိုင်ဆိုင်ခဲ့ဖူးတဲ့ ကိုရွှေ့ကို ဒီဆီးဂိမ်းမှာ အထူးဆု တံဆိပ် တီထွင်ပြီး ပထမဆုံး ရွှေတံဆိပ် သူ့ ကို ပေးပြီ။ ဇီးကွက်အရှင်ပိုက်နေတဲ့ သူ့ ပုံနဲကြော်ငြာပြီ။ ရွှေဂျော်ဂျော် ဇီးကွက် တကောင်ပိုင်ဆိုင်ခဲ့ဖူးပါသည်။ ။

မျိုးဆွေသန်း (ဒီဇိုင်း) / ဆရာကျောင်း
ဒီဇင်ဘာ ၁၊၂၀၁၃

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts