သတင်းဆောင်းပါး အောင်ဒင် အောင်ဒင်

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (၅၁)

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၈၁၊ ဇန်နဝါရီလ ၂၃ ရက်၊ ၂၀၁၄၊ စာမျက်နှာ ၁၈)

 မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (၅၁)

 အောင်ဒင်၊ ဇန်န၀ါရီ ၂၅၊ ၂၀၁၄

 အပိုင်း (၅၁) လွှတ်တော်နှင့် ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေ (ခ)

 #နိုင်ငံသားဖြစ်ခြင်း

 ကမ္ဘာ့နိုင်ငံများမှာ နိုင်ငံသားဖြစ်ခြင်းနဲ့ ပါတ်သက်ပြီး အနည်းဆုံး လေးမျိုးခွဲခြားထားပါတယ်၊ (က) မွေးရာပါနိုင်ငံသားဖြစ်ခြင်း (Citizenship by Birth) ၊ (ခ) မျိုးရိုးဆက်နွယ်မှုဖြင့် နိုင်ငံသားဖြစ်ခြင်း (Citizenship by Descent)၊ (ဂ) လက်ထပ်ထိန်းမြားခြင်းဖြင့် နိုင်ငံသားဖြစ်ခြင်း (Citizenship by Marriage)၊ နဲ့ (ဃ) သတ်မှတ်ထားသောအရည်အချင်းပြည့်မီ၍ ခွင့်ပြုချက်ဖြင့် နိုင်ငံသားဖြစ်ခြင်း (Citizenship by Naturalization) တို့ ဖြစ်ကြပါတယ်၊ မြန်မာနိုင်ငံရဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်ခြင်းကို အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများမှ နိုင်ငံသားဖြစ်ခြင်းပြဋ္ဌန်းချက်များနဲ့ နှိုင်းယှဉ်သုံးသပ်ပြချင်ပါတယ်၊

 

#မွေးရာပါ နိုင်ငံသားဖြစ်ခြင်း (Citizenship by Birth)

 

၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသားဥပဒေအရ တိုင်းရင်းသားတိုင်းသည်လည်းကောင်း၊ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူတိုင်းသည်လည်းကောင်း မွေးရာပါနိုင်ငံသား ဖြစ်ပါတယ် (ပုဒ်မ ၅)၊ နိုင်ငံတော်အတွင်း၌ နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသူများ အားလုံးဟာ မွေးရာပါ နိုင်ငံသားဖြစ်ကြပါတယ် (ပုဒ်မ ၇-က)၊ မြန်မာနိုင်ငံသားဥပဒေမှာ မြန်မာနိုင်ငံအတွင်း မွေးဖွားတယ်ဆိုရုံနဲ့ အလိုအလျောက် နိုင်ငံသားဖြစ်ခွင့်မပေးပါ၊ မြန်မာ့အိမ်နီးချင်းနိုင်ငံများနဲ့ အာဆီယံနိုင်ငံများမှာလည်း အလားတူပါ၊ နိုင်ငံတွင်းမွေးဖွားတာနဲ့ အလိုအလျောက်နိုင်ငံသားဖြစ်ခွင့်မပေးပါ၊ ဒါပေမည့် ချွင်းချက်အနေနဲ့ ခွင့်ပြုတာတွေရှိပါတယ်၊

 

ကမ္ဘောဒီးယားနိုင်ငံမှာ နိုင်ငံအတွင်းမှာ မွေးဖွားပြီး နိုင်ငံသားမဟုတ်သူ မိဘနှစ်ပါးက နိုင်ငံတွင်းမှာ မွေးဖွားတဲ့ ကလေးကို နိုင်ငံသားအဖြစ်အသိအမှတ်ပြုပါတယ်၊ ကမ္ဘောဒီးယားနိုင်ငံတွင်းမှာ တွေ့ရတဲ့ မိဘမဲ့ကလေးများကိုလည်း နိုင်ငံသားအဖြစ် အသိအမှတ်ပြုပါတယ်၊ တရုတ်နိုင်ငံမှာ နိုင်ငံမဲ့မိဘနှစ်ပါးမှ တရုတ်နိုင်ငံအတွင်း မွေးဖွားတဲ့ ကလေးများ သို့မဟုတ် မိဘမဲ့ကလေးများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုပါတယ်၊ အင်ဒိုနီးရှားနိုင်ငံမှာ နိုင်ငံအတွင်းမွေးဖွားတဲ့ မိဘမဲ့ကလေးများဟာ နိုင်ငံသားများဖြစ်ပါတယ်၊ နီပေါနိုင်ငံမှာတော့ မိဘနှစ်ပါးက နိုင်ငံသားမဟုတ်စေဦးတော့ ယင်းမိဘများက နိုင်ငံတွင်းမှာ မွေးဖွားတဲ့ ကလေးများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုပါတယ်၊ ထိုင်းနိုင်ငံမှာ ထိုင်းနိုင်ငံသားတစ်ဦးနဲ့ နိုင်ငံခြားသားတစ်ဦးတို့မှ မွေးဖွားတဲ့ ကလေးကို နိုင်ငံအတွင်း မွေးဖွားသည်ဖြစ်စေ၊ နိုင်ငံပြင်ပမှာ မွေးဖွားသည်ဖြစ်စေ ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ်ပြုပါတယ်၊ ဗီယက်နမ်နိုင်ငံမှာ နိုင်ငံမဲ့ မိဘနှစ်ပါးက နိုင်ငံတွင်းမှာမွေးဖွားတဲ့ ကလေး၊ နိုင်ငံတွင်းမှာ စွန့်ပစ်ထားခြင်းခံရတဲ့ မိဘမဲ့ကလေးများကို နိုင်ငံသားဖြစ်ခွင့်ပေးပါတယ်၊

 

မြန်မာနိုင်ငံမှာလည်း နိုင်ငံမဲ့၊ မိဘမဲ့ ကလေးများကို နိုင်ငံသားဖြစ်ခွင့်ပေးရေး စဉ်းစားသင့်ပါတယ်၊ အပြစ်ကင်းစင်တဲ့ ကလေးများကို နိုင်ငံမဲ့ မဖြစ်စေသင့်ပါ၊ ဒီလိုပြောတော့ ဗုဒ္ဓဘာသာဝင်အချို့က ဘာသာခြားတွေမှာ အိမ်ထောင်ဖက်တွေအများကြီးနဲ့မို့ မိသားစုတစ်စုထဲမှာတင် ကလေးတွေအများကြီးရှိနေတာကို ထောက်ပြပြီး ကန့်ကွက်လိမ့်မယ်ထင်ပါတယ်၊ အိမ်ထောင်ဘက်များလို့ ကလေးမွေးဖွားမှုများပြားတာကို ထိန်းချုပ်ဖို့ဆိုပြီး မိသားစုတစ်စုမှာ ကလေးနှစ်ယောက်ထက်ပိုမယူရလို့ လူ့အဖွဲ့အစည်းတစ်ခုတည်းအပေါ် သီးခြားအမိန့်ထုတ်ကန့်သတ်တာမျိုး မဖြစ်သင့်ပါ၊ နိုင်ငံတစ်ဝှမ်းမှာ အားလုံးအပေါ်သက်ရောက်တဲ့ “တစ်လင်တစ်မယားစနစ် ဥပဒေ” ပြဋ္ဌန်းဖို့ သင့်ပါတယ်၊ဘာသာခြားတွေကို အိမ်ထောင်ဘက်အများကြီးရှိတာကို ပြစ်တင်ရှုံ့ချပြီး ဗုဒ္ဓဘာသာဝင်တွေကျတော့ မယားပြိုင်စနစ်ခွင့်ပြုထားတာ မသင့်တော်ပါ၊ ဘယ်လိုပဲဖြစ်ဖြစ် ကလေးများဟာ မိဘများကြောင့် အပြစ်ပေးမခံရသင့်ပါ၊ တိုင်းရင်းသားဒေသတွေမှာ၊ နယ်စပ်ဒေသက ဒုက္ခသည်စခန်းတွေမှာ နိုင်ငံတွင်း ပြည်တွင်းစစ်နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကနေ ထွက်ပြေးတိမ်းရှောင်ရင်း နိုင်ငံမဲ့ ဘဝရောက်ကြရတဲ့ တိုင်းရင်းသားမိဘများကနေ မွေးဖွားတဲ့ နိုင်ငံမဲ့ကလေးတွေ သောင်းနဲ့ချီပြီး ရှိနေတာကိုလည်း ငဲ့ညှာကြစေချင်ပါတယ်၊

 

#မျိုးရိုးဆက်နွယ်မှုဖြင့် နိုင်ငံသားဖြစ်ခြင်း (Citizenship by Descent)

 

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ ၁၈၂၄ ခုနှစ်မှာ ဖြစ်ပွါးတဲ့ မြန်မာနိုင်ငံအတွင်းမှာ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ မတိုင်မီ၊ ၁၈၂၃ ခုနှစ်မတိုင်မီကတည်းက အမြဲအခြေချနေထိုင်ခဲ့တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသားများနဲ့ မျိုးနွယ်စုများဟာ နိုင်ငံသားဖြစ်ပါတယ် (ပုဒ်မ ၃)၊ တိုင်းရင်းသားတိုင်းနဲ့ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူတိုင်းဟာ နိုင်ငံသားဖြစ်ပါတယ် (ပုဒ်မ ၅)၊ နိုင်ငံသားမိဘနှစ်ပါးမှသော်လည်းကောင်း၊ နိုင်ငံသားနှင့် ဧည့်နိုင်ငံသားမိဘနှစ်ပါးမှသော်လည်းကောင်း၊ နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှသော်လည်းကောင်း နိုင်ငံတော်အတွင်း၌ဖြစ်စေ၊ နိုင်ငံတော်ပြင်ပ၌ဖြစ်စေ မွေးဖွားသူများသည်လည်း နိုင်ငံသားဖြစ်ပါတယ် ပုဒ်မ (၇-က/ခ/ဂ)၊ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူများရဲ့ သားသမီးများနဲ့ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူများနဲ့ လက်ထပ်ခြင်းဖြင့် မွေးဖွားတဲ့ တတိယမျိုးဆက်များဟာလည်း နိုင်ငံသားဖြစ်ပါတယ် (ပုဒ်မ ၇-ဃ/င/စ)၊

 

ကမ္ဘေဒီးယားနိုင်ငံ၊ တရုတ်နိုင်ငံ၊ လာအို (လော) နိုင်ငံ တို့မှာ နိုင်ငံသားမိခင် သို့မဟုတ် ဖခင်တစ်ယောက်ရဲ့ တရားဝင်သားသမီးကို နိုင်ငံပြင်ပမှာမွေးဖွားသည်ဖြစ်စေ နိုင်ငံသားဖြစ်ခွင့်ပေးပါတယ်၊ အိန္ဒိယနိုင်ငံမှာတော့ အိန္ဒိယနိုင်ငံသား ဖခင်က မွေးတဲ့ ကလေးကို နိုင်ငံပြင်ပမှာမွေးသည်ဖြစ်စေ  နိုင်ငံသားဖြစ်ခွင့်ပေးပါတယ်၊ တရားဝင်လက်ထပ်ထိန်းမြားခြင်းမပြုထားတဲ့ အိန္ဒိယနိုင်ငံသား မိခင်က နိုင်ငံတွင်းမှာမွေးဖွားတဲ့ ကလေးကိုလည်း  နိုင်ငံသားဖြစ်ခွင့်ပေးပါတယ်၊ မလေးရှားနိုင်ငံမှာ  တရားဝင်လက်ထပ်ထိန်းမြားခြင်းမပြုထားတဲ့ မလေးရှားနိုင်ငံသားမိဘနှစ်ပါးက မွေးတဲ့ ကလေးကို နိုင်ငံပြင်ပမှာမွေးသည်ဖြစ်စေ  နိုင်ငံသားဖြစ်ခွင့်ပေးပါတယ်၊ မလေးရှားနိုင်ငံအတွင်းမှာ မလေးရှားနိုင်ငံသား မိခင်ကမွေးတဲ့ ကလေးကိုလည်း  နိုင်ငံသားဖြစ်ခွင့်ပေးပါတယ်၊

 

နီပေါနိုင်ငံမှာ နိုင်ငံသားဖခင်ကမွေးတဲ့ ကလေးကို  နိုင်ငံသားဖြစ်ခွင့်ပေးပါတယ်၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံမှာ မိဘတစ်ယောက်က ဖိလစ်ပိုင်နိုင်ငံသားဖြစ်တယ်ဆိုရင် ကလေးကို ဘယ်နေရာမှာပဲ မွေးမွေး  နိုင်ငံသားဖြစ်ခွင့်ပေးပါတယ်၊ ထိုင်းနိုင်ငံမှာ တရားဝင်လက်ထပ်ထိန်းမြားခြင်းမပြုထားတဲ့ ထိုင်းနိုင်ငံသား မိခင်နဲ့ နိုင်ငံခြားသား သို့မဟုတ် နိုင်ငံမဲ့ ဖခင်က မွေးတဲ့ ကလေးကို နိုင်ငံပြင်ပမှာ မွေးဖွားသည်ဖြစ်စေ  နိုင်ငံသားဖြစ်ခွင့်ပေးပါတယ်၊ ထိုင်းနိုင်ငံအတွင်းမှာ မွေးဖွားပြီး အနည်းဆုံး မိဘတစ်ပါးက ထိုင်းနိုင်ငံသားဖြစ်မယ်ဆိုရင်လည်း အဲဒီကလေးကို  နိုင်ငံသားဖြစ်ခွင့်ပေးပါတယ်၊

 

မြန်မာနိုင်ငံမှာတော့ နိုင်ငံသားတစ်ယောက်နဲ့ နိုင်ငံခြားသားတစ်ယောက်တို့ တရားဝင်လက်ထပ်ထိန်းမြား၍ဖြစ်စေ၊ လက်မထပ်ပဲဖြစ်စေ၊ နိုင်ငံအတွင်း၌ဖြစ်စေ၊ နိုင်ငံပြင်ပ၌ဖြစ်စေ မွေးဖွားသော ကလေးများနဲ့ ပါတ်သက်ပြီး “နိုင်ငံသား” ဖြစ်ခွင့် လုံးဝမပေးထားပဲ “နိုင်ငံသားပြုခွင့်ရသူ” ဖြစ်ရန် လျှောက်ထားခွင့်ပဲ ရှိပါတယ်၊ နိုင်ငံတော်အတွင်း၌ဖြစ်စေ၊ နိုင်ငံတော်ပြင်ပ၌ဖြစ်စေ နိုင်ငံသားနှင့် နိုင်ငံခြားသားမိဘနှစ်ပါးမှ မွေးဖွားသူများ၊ ဧည့်နိုင်ငံသားနှင့်  နိုင်ငံခြားသားမိဘနှစ်ပါးမှ မွေးဖွားသူများ၊ နိုင်ငံသားပြုခွင့်ရသူနှင့်  နိုင်ငံခြားသားမိဘနှစ်ပါးမှ မွေးဖွားသူများဟာ “နိုင်ငံသားပြုခွင့်” ရရန် ဗဟိုအဖွဲ့သို့ လျှောက်ထားနိုင်ပါတယ် (ပုဒ်မ ၄၃-က/ဂ/င)၊

 

ကျနော့်အမြင်အရ မြန်မာနိုင်ငံသားတစ်ဦးနဲ့ နိုင်ငံခြားသားတစ်ဦးတို့ နိုင်ငံတွင်းမှာဖြစ်စေ၊ နိုင်ငံပြင်ပမှာဖြစ်စေ တရားဝင်လက်ထပ်ထိန်းမြားပြီး မွေးဖွားတဲ့ ကလေးများကိုလည်း မြန်မာနိုင်ငံသားဖြစ်ခွင့် ပေးသင့်ပါတယ်၊ ၁၉၈၂ နိုင်ငံသားဥပဒေက ပူးတွဲနိုင်ငံသားဖြစ်မှုကို လက်မခံတာမို့ ဒီကလေးရဲ့ မိဘများက ကလေးကို အခြားနိုင်ငံသား မဖြစ်စေချင်ပဲ၊ မြန်မာနိုင်ငံသားပဲ ဖြစ်စေချင်တယ်ဆိုရင် ကြိုဆိုလက်ခံသင့်ပါတယ်၊

 

#လက်ထပ်ထိန်းမြားခြင်းဖြင့် နိုင်ငံသားဖြစ်ခြင်း (Citizenship by Marriage)

 

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံခြားသားတစ်ဦးဟာ မြန်မာနိုင်ငံသားနှင့် အိမ်ထောင်ပြုကာမျှဖြင့် နိုင်ငံသားအဖြစ်ကို အလိုအလျောက်မရနိုင်ပါ (ပုဒ်မ ၁၅-ခ)၊

 

ကမ္ဘောဒီးယားနိုင်ငံမှာ နိုင်ငံသား အမျိုးသားတစ်ဦးရဲ့ နိုင်ငံခြားသူ အိမ်ထောင်ဘက်ဟာ လက်ထပ်တဲ့နေ့က စလို့ နိုင်ငံသားဖြစ်ခွင့်ရှိပါတယ်၊ နိုင်ငံသားအမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူ နိုင်ငံခြားသားကတော့ သတ်မှတ်ထားတဲ့ အရည်အချင်းတွေပြည့်မီမယ်၊ နိုင်ငံတွင်းမှာလည်း နှစ်နှစ်ဆက်တိုက်နေတယ်ဆိုရင် နိုင်ငံသားလျှောက်ခွင့်ရှိပါတယ်၊ သူတို့ရဲ့ မူလနိုင်ငံသားအဖြစ်တွေကိုတော့ စွန့်လွှတ်ရမှာပါ၊ အင်ဒိုနီးရှားနိုင်ငံမှာ နိုင်ငံသား အမျိုးသားတစ်ဦးနဲ့ လက်ထပ်တဲ့ နိုင်ငံခြားသူဟာ သူမရဲ့ မူလနိုင်ငံသားအဖြစ်ကို စွန့်လွှတ်ပြီးရင် အင်ဒိုနီးရှားနိုင်ငံသား ဖြစ်ခွင့်ရှိပါတယ်၊ မလေးရှားနိုင်ငံမှာလည်း အလားတူပါ၊ ဒါပေမည့် လက်ထပ်ခြင်းဟာ ပထမနှစ်နှစ်အတွင်းမှာ ကွာရှင်းပြတ်စဲမယ်၊ လက်ထပ်ခြင်းပျက်ပြယ်မယ်ဆိုရင် ပေးအပ်ထားတဲ့ မလေးရှားနိုင်ငံသားဖြစ်မှုကို ပြန်လည်ရုပ်သိမ်းပါတယ်၊ စင်္ကာပူနိုင်ငံမှာ နိုင်ငံသား အမျိုးသားတစ်ဦးနဲ့ အိမ်ထောင်ပြုတဲ့ နိုင်ငံခြားသူဟာ ကိုယ်ကျင့်တရားကောင်းမွန်မယ်၊ နိုင်ငံတွင်းမှာ နှစ်နှစ်ဆက်တိုက်နေထိုင်ခဲ့မယ်၊ ဆက်လက်ပြီးတော့လည်း စင်္ကာပူနိုင်ငံမှာ အမြဲတမ်းနေထိုင်တော့မယ်လို့ ကတိပြုရင် စင်္ကာပူနိုင်ငံသားဖြစ်ခွင့်ရှိပါတယ်၊

 

#သတ်မှတ်ထားသောအရည်အချင်းပြည့်မီ၍ ခွင့်ပြုချက်ဖြင့် နိုင်ငံသားဖြစ်ခြင်း (Citizenship by Naturalization)

 

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ ဧည့်နိုင်ငံသားများ၊ နိုင်ငံသားပြုခွင့်ရသူများနဲ့ သူတို့က မွေးဖွားတဲ့ သားသမီးများဟာ နိုင်ငံသားဖြစ်ခွင့် လုံးဝမရှိပါ၊ သူတို့ရဲ့ တတိယမျိုးဆက်ဖြစ်တဲ့ မြေးများလက်ထက်ကျမှပဲ နိုင်ငံသားဖြစ်ခွင့်ရှိပါတယ် (ပုဒ်မ ၇-ဃ/င/စ)၊ ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ ဤဥပဒေပါ ပြဋ္ဌန်းချက်တစ်ရပ်ရပ်ရပ်မှအပ မည်သည့်နိုင်ငံခြားသားမျှ “နိုင်ငံသားပြုခွင့်” ရရန် လျှောက်ထားခွင့်မရှိစေရ လို့လည်း ပြဋ္ဌန်းထားပါတယ် (ပုဒ်မ ၇၂)၊  ဒါပေမည့် နိုင်ငံတော်ကောင်စီ (အခုတော့ အစိုးရအဖွဲ့) သည် နိုင်ငံတော်၏အကျိုးငှါ မည်သူကိုမဆို နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူအဖြစ် သတ်မှတ်နိုင်သည်လို့ ဆိုပြန်ပါတယ် (ပုဒ်မ ၇-က)၊

 

ကမ္ဘောဒီးယားနိုင်ငံမှာ နိုင်ငံသားမဟုတ်သူတွေကို သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေ ပြည့်မီတယ်ဆိုရင် နိုင်ငံသားလျှောက်ခွင့်ပေးပါတယ်၊ စည်းကမ်းချက်တွေက နိုင်ငံအတွင်းမှာ အနည်းဆုံး ငါးနှစ်ဆက်တိုက် နေထိုင်ဘူးရမယ်၊ ကမ္ဘောဒီးယားနိုင်ငံရဲ့ ဘာသာစကားနဲ့ ယဉ်ကျေးမှု တွေကိုနားလည်ရမယ်၊ ပုံမှန်ဝင်ငွေရှိတဲ့ အလုပ်လုပ်ကိုင်နေသူဖြစ်ရမယ်၊ ကိုယ်ကျင့်တရားကောင်းမွန်ရမယ်၊ စသည်ဖြင့်ပါ၊

 

တရုတ်နိုင်ငံမှာလည်း နိုင်ငံသားမဟုတ်သူ တစ်ယောက်ဟာ တရုတ်နိုင်ငံတွင်းမှာ နှစ်ပေါင်းများစွာ အခြေချနေထိုင်နေသူဖြစ်ရင်၊ တရုတ်ပြည်တွင်းမှာ တရုတ်နိုင်ငံသား ဆွေမျိုးသားချင်းတွေရှိရင်၊ အခြားသတ်မှတ်ချက်များနဲ့ ပြည့်စုံရင် တရုတ်နိုင်ငံသား လျှောက်ခွင့်ရှိပါတယ်၊ အိန္ဒိယနိုင်ငံမှာ အနည်းဆုံး ငါးနှစ်ဆက်တိုက်နေထိုင်နေသူ နိုင်ငံခြားသားတစ်ယောက်ဟာ သူရဲ့ မူလနိုင်ငံသားအဖြစ်ကို စွန့်လွှတ်ရင် အိန္ဒိယနိုင်ငံသား ဖြစ်ခွင့်ရှိပါတယ်၊ အင်ဒိုနီးရှားနိုင်ငံမှာလည်း အလားတူပါ၊ အင်ဒိုနီးရှားမှာ ပိုတာက နိုင်ငံသားအဖြစ် လျှောက်ထားမည့် နိုင်ငံခြားသားတစ်ယောက်ဟာ အသက် ၂၁ နှစ်ပြည့်ပြီးသူ ဖြစ်ရပါမယ်၊ အင်ဒိုနီးရှားနိုင်ငံမှာ ပြောဆိုနေတဲ့ ဘာသာစကား၊ အင်ဒိုနီးရှားနိုင်ငံသမိုင်းနဲ့ ယဉ်ကျေးမှုတွေကို နားလည်တတ်ကျွမ်းရပါမယ်၊ ရာဇဝတ်မှုကျူးလွန်ဖူးခြင်းမရှိရပါ၊ စိတ်ပိုင်း၊ ရုပ်ပိုင်းကျန်းမာရပါမယ်၊ ပုံမှန်ဝင်ငွေရှိတဲ့ အလုပ်ကို လုပ်ကိုင်နေသူဖြစ်ရပါမယ်၊

 

လာအို (လော) နိုင်ငံမှာ အသက် ၁၈ နှစ်ပြည့်ပြီး လောနိုင်ငံရဲ့ ဘာသာစကားကို ရေးနိုင်၊ ဖတ်နိုင်၊ ပြောနိုင်တဲ့၊ လောနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းကို နားလည်တဲ့၊ လောနိုင်ငံအတွင်းမှာ အခြေချနေထိုင်နေတဲ့၊ ရာဇဝတ်မှုကျူးလွန်ဘူးခြင်းမရှိတဲ့ နိုင်ငံခြားသားတစ်ဦးဟာ သူ့ရဲ့ မူလနိုင်ငံသားအဖြစ်ကို စွန့်လွှတ်ပြီးရင် လောနိုင်ငံ ပြည်သူ့လွှတ်တော်ရဲ့ ခွင့်ပြုချက်နဲ့ လောနိုင်ငံသားဖြစ်ခွင့်ရှိပါတယ်၊

 

နီပေါနိုင်ငံမှာ နိုင်ငံသားဖြစ်ခွင့်ရဖို့အတွက် နိုင်ငံခြားသားတစ်ဦးဟာ နီပေါနိုင်ငံရဲ့ ဘာသာစကားကို ရေးနိုင်၊ ဖတ်နိုင်ရပါမယ်၊ နီပေါနိုင်ငံအတွင်းမှာ အလုပ်အကိုင်ရှိရမှာဖြစ်ပြီး အနည်းဆုံး ၁၅ နှစ်ဆက်တိုက်နေထိုင်နေသူဖြစ်ရပါမယ်၊ သူ့ရဲ့ မူလနိုင်ငံသားဖြစ်မှုကိုလည်း စွန့်လွှတ်ရပါမယ်၊ ဖိလစ်ပိုင်နိုင်ငံမှာအမြဲတမ်းနေထိုင်ခွင့်ရထားတဲ့ နိုင်ငံခြားသားတစ်ဦးဟာ အနည်းဆုံး ၁၀ နှစ်ဆက်တိုက်နေထိုင်ပြီး ဖိလစ်ပိုင်နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာစကားကို နားလည်ရင် နိုင်ငံသားဖြစ်ခွင့်ရှိပါတယ်၊ ဗီယက်နမ်နိုင်ငံနဲ့ ထိုင်းနိုင်ငံမှာလည်း အလားတူပါ၊ ဒါပေမည့် နိုင်ငံတွင်း တစ်ဆက်တစ်စပ်ထဲအခြေချနေထိုင်ခြင်းလိုအပ်ချက်ကိုတော့ ငါးနှစ်ပဲ သတ်မှတ်ထားပါတယ်၊ စင်္ကာပူနိုင်ငံမှာ အသက် ၂၁ နှစ်ပြည့်ပြီး နိုင်ငံတွင်းမှာ စုစုပေါင်း ၁၀ နှစ် (ဆက်တိုက်ဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ) နေထိုင်ခဲ့ပြီး ကိုယ်ကျင့်တရားကောင်းမွန်သူ၊ စင်္ကာပူနိုင်ငံသုံး ဘာသာစကားကို နားလည်သူ၊ စင်္ကာပူနိုင်ငံမှာ အမြဲတမ်းအခြေချနေထိုင်ဖို့ ဆုံးဖြတ်ထားသူဖြစ်ရင် စင်္ကာပူနိုင်ငံသား လျှောက်ခွင့်ရှိပါတယ်၊ လျှောက်လွှာမတင်ခင် အနည်းဆုံး တစ်နှစ် စင်္ကာပူနိုင်ငံတွင်းမှာ ဆက်တိုက်နေထိုင်ဖို့တော့ လိုအပ်ပါတယ်၊

 

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေမှာတော့ နိုင်ငံခြားသားများကို နိုင်ငံသားဖြစ်ခွင့်လုံးဝပေးမထားပါ၊ ပုဒ်မ (၇၂) အရ မည်သည့် နိုင်ငံခြားသားမျှ “နိုင်ငံသားပြုခွင့်ရရန်” လျှောက်ထားခွင့်မရှိစေရလို့ ပြဋ္ဌန်းထားပါတယ်၊ ဒီဥပဒေပါ အဓိပ္ပာယ်ဖွင့်ဆိုချက်များအရ “နိုင်ငံသားပြုခွင့်ရသူ” ဟာ “နိုင်ငံသား” မဟုတ်ပါ၊ ဒါကြောင့်မို့ နိုင်ငံခြားသားတစ်ယောက်ကို “နိုင်ငံသားပြုခွင့်ရသူ” အဖြစ်တောင်မှ ခွင့်မပြုဘူးလို့ နားလည်ရပါတယ်၊ ပုဒ်မ (၈-က) အရ နိုင်ငံတော်အစိုးရဟာ နိုင်ငံတော်အကျိုးစီးပွါးအတွက် မည်သူကိုမဆို “နိုင်ငံသား” အဖြစ် သတ်မှတ်နိုင်သည်လို့ ဆိုထားပေမည့် ဒီပြဋ္ဌန်းချက်ရဲ့ “မည်သူမဆို” ဆိုတာ “နိုင်ငံခြားသား (သို့မဟုတ်) နိုင်ငံသားနဲ့ လက်ထပ်တဲ့ နိုင်ငံခြားသား (သို့မဟုတ်) နိုင်ငံသားနဲ့ နိုင်ငံခြားသား မိဘနှစ်ပါးက မွေးဖွားတဲ့ သားသမီးများ” ပါဝင်ခြင်းရှိမရှိဆိုတာကိုလည်း ရှင်းရှင်းလင်းလင်းမသိရပါ၊ နိုင်ငံခြားသားများကို နိုင်ငံသားအဖြစ်လျှောက်ထားဖို့လိုအပ်တဲ့ အရည်အချင်းများကိုလည်း လုံးဝပြဋ္ဌန်းမထားပါ၊

 

ကမ္ဘာ့နိုင်ငံအများအပြားမှာ နိုင်ငံခြားသားများကို အရည်အချင်းသတ်မှတ်ပြီး ပြည့်မီတယ်ဆိုရင် နိုင်ငံသားဖြစ်ခွင့်ပေးတာဟာ အဲဒီပုဂ္ဂိုလ်များကတဆင့် ရရှိနိုင်တဲ့ အသိပညာ၊ အတတ်ပညာ၊ အတွေ့အကြုံ၊ ကျွမ်းကျင်မှု၊ အဆက်အသွယ်၊ ကြွယ်ဝချမ်းသာမှု ၊ ရင်းနှီးမြှုတ်နှံမှု စတာတွေနဲ့ သက်ဆိုင်ရာနိုင်ငံရဲ့ အကျိုးစီးပွါးကို အထောက်အကူဖြစ်စေဖို့ ဖြစ်ပါတယ်၊ နိုင်ငံတကာကူးသန်းဆက်ဆံမှုတွေ ပိုမိုများပြားပြီး ရွှေ့ပြောင်းနေထိုင်မှုတွေ မြင့်မားလာတဲ့ ဒီနေ့ခေတ်မှာ မြန်မာနိုင်ငံလို ဆင်းရဲနွမ်းပါးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအဖို့ နိုင်ငံတော်အကျိုးစီးပွါးကို အထောက်အကူပြုနိုင်တဲ့ နိုင်ငံခြားသားများကို နိုင်ငံသားဖြစ်ခွင့်ပေးပြီး ဖိတ်ခေါ်ဖို့ စဉ်းစားသင့်ပါတယ်၊

ဆက်ပါဦးမယ်၊

 

လေးစားစွာ

 

အောင်ဒင်
ဇန်နဝါရီ ၁၀၊ ၂၀၁၄

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၈၁၊ ဇန်နဝါရီလ ၂၃ ရက်၊ ၂၀၁၄၊ စာမျက်နှာ ၁၈)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts

2 thoughts on “မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (၅၁)
  1. ဆရာအောင်ဒင်ကို ကျေးဇူးတင်ပါတယ်။ လွှတ်တော်ဗဟုသုတတွေ အနီ၊အဝေး သုံးသပ်ချက်များ ဆက်လက်ရေးသား၊ ထုတ်ဝေနိုင်ပါစေ။

  2. ကြိုဆိုဆိုတယ်။ ထောက်ခံတယ် ကိုအောင်ဒင်ရေ။ ဒါမှ လူ့အခွင့်ရေးသမားဗျ။

Comments are closed.