မာမာအေး ရသဆောင်းပါးစုံ

ပြောစရာတွေလည်း တပုံကြီးရှိသေးတယ် – အမှတ် (၅၁၇)

ဦးဥတ္တမ ငယ်ဘဝ
မာမာအေး
ဇန်န၀ါရီ ၂၄၊ ၂၀၁၄

 

သောတရှင်များကျန်းမာတော်မူကြပါစရှင်

 

မားအေျးစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေးကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ဆုမွန် ကောင်း တောင်းလိုက်ပါတယ်။

 

သောတရှင်တို့ရေ……. ကမ္ဘာ့နှစ်အကူးပြက္ခဒိန်မှာ ကြည့်လိုက်ဆိုရင် ကိုယ့်အမိနိုင်ငံအတွက်ဆို “လွတ်လပ်ရေးမင်္ဂလာအချိန်” ဟာ ပထမ တာထွက် အရေးထားရမယ့် ရက်မြတ်လို့ အမြဲသတိချပ်လာခဲ့ပါတယ်။ သည်အမိနိုင်ငံပိုင် မြေပေါ်မှာ မွေးဖွားကြီးပြင်း နောင်ရင်းဆွေသား မောင်နှမများလုံးကို နယ်ချဲ့လူမျိုးခြားသူတပါးတို့ လက်အောက်က “လွတ်လွတ်ကင်းကင်း စိတ်ရှင်းရှင်းနဲ့ ကိုယ့်မင်းကိုယ့်ချင်းနေရခြင်း” ဆိုတဲ့ ပီတိအကျိုး အမျိုးသိက္ခာပြန်ရလာအောင် စွမ်းဆောင်လမ်းပြ လှုံ့ဆော်ကြတဲ့သူတွေထဲမှာ ဒီပုဂ္ဂိုလ်တွေဖြစ်ပါလေရဲ့လို့ ပြောပြချင်တဲ့ အကြောင်း အရင်နှစ်ပတ်က ‘ဆီးပန်းနီ’ ဆရာတော်ကြီးအကြောင်းပြောရင်း စထားခဲ့ပါတယ်ရှင်။

 

ဒီကနေ့တော့ မာအေးတို့တတွေက – သမားရိုးကျလွတ်လပ်ရေးမှာပါခဲ့တဲ့ မြန်မာ့မျိုးချစ်ရဟန်းတော်တပါးလို့သာ သမံကာ ရှံကာ သိတာ လေးနဲ့ မှိန်းနေသလိုဖြစ်ခဲ့ရတဲ့ ကျေးဇူးရှင် ဆရာတော်ဦးဥတ္တမအကြောင်း သိဘို့ကောင်းလွန်းလို့ပြောပါမယ်။ သူ့ကျွန်မခံချင်လို့ ဓါးနဲ့တရားနဲ့ တိုက်ပေးခဲ့တဲ့ မြန်မာတို့ရဲ့သူရဲကောင်းတွေကို မမေ့ကြဘို့လိုပါတယ်။

 

ဘိုးဘေးဘီဘင် ကျွန်သက်ဝင် ဒဏ်ရာရှင်တွေရဲ့ တခေတ်စီကို သွားခံစားတတ်မှ … ကျွန်ဒုက္ခဆိုတာ သိနိုင်မှာမို့ နှစ်မြို့ကြည်သာ နား ဆင်ပေးပါနော်။

 

ကုန်းဘောင်မျိုးဆက် ဘိုးတော်မင်းတရာရဲ့မြေး ဘကြီးတော်ဘုရားဟာ မြန်မာသက္ကရာဇ် (၁၁၈၁) ခုနှစ်မှာ ရတနာပူရ အင်းဝရွှေနန်းသိမ်းမြန်း တော်မူခဲ့ပါတယ်။ အာသံပြည်၊ အက္က၀တ်ပြည်၊ အယုဒ္ဓတိုင်း၊ မဉ္စမတိုက် ၀ဇ္ဇီတိုင်း၊ ဝေသာလီပြည် စသည်တို့ဟာ ကိုယ့်ပြည်နန်းရဲ့ လက် အောက်ခံ အရံနိုင်ငံတွေပါ။ ၁၁၈၄ ခုနှစ်က ဝေသာလီစား “စန္ဒရဂန္ဓရှိန်” ထောင်ထားထကြွတာကို နှိမ်နှင်းတဲ့အခါ ဘင်္ဂလားမြို့မှာရှိနေတဲ့ မျက်နှာဖြူလူမျိုးတို့ထံ ထွက်ပြေးလွတ်မြောက်သွားတာကစလို့ ဒင်းတို့နဲ့ မသင့်ဖို့ရန် အကြောင်းဖန်လာခဲ့ပါတယ်။

 

တခါ ဓည၀တီ မြန်မာပြည်ပိုင် ရှင်မဖြူကျွန်းရွာတွေမှာ နယ်ချဲ့တို့က အလံစိုက် ကူးလိုက်သန်းလိုက် ဥပဒေစည်းကမ်း မလိုက်တာကြောင့် စစ်ရေးအရ တိုက်ယူခဲ့တာ ရှင်မဖြူကျွန်းကနေ စစ်တကောင်း ပန်းခါတိုင်အောင် မြန်မာ့လက်ပြန်ရောက်ပါသော်လည်း ကုန်သည်စစ်ဦး လူးများတွင်သာမက မြင်းတပ် ပါရီသေနတ်ကိုင် စစ်သည်များပါ ဆုံလာပေါင်းစုံ အမြောက်ဗုံးနဲ့ပါထုတာကြောင့် စစ်သူကြီးသတိုးသုဓမ္မ မဟာဗန္ဓုလ ကျဆုံးပြီးတဲ့နောက်ပိုင်း (၁၁၈၇) ခုနှစ်၊ တပေါင်းလပြည့်ကျော် (၄) ရက်၊ ခရစ်သက္ကရာဇ် (၁၈၂၆) ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်နေ့မှာ “ရန္တပိုစာချုပ်” ချုပ်ဆိုစစ်ပြေငြိမ်းတဲ့အခါ၊ မြန်မာတို့ပိုင်တဲ့ အနောက်ဖက်ပင်လယ်ကမ်းရိုးတန်း အာသံ၊ အက္ကဘတ်၊ ဓညသတီ ရခိုင်ပြည်နဲ့ တနသာင်္ရီတိုင်းတို့ကို ပေးလိုက်ရတဲ့အကြောင်း ကုန်းဘောင်ဆက် မဟာရာဇ၀င်တော်ကြီးစာအုပ် ဒုတိယတွဲမှာ ဖော်ပြထားပါ တယ်။ အဖိုးသခင်ကိုယ်တော်မှိုင်းရဲ့ “မှာတော်ပုံ”မှာတော့ လျော်ကြေးငွေ တကုဋေပေးရတယ်လို့ဆောင်း ထားပါသေးတယ်။

 

ဒီလိုဆိုရင်တော့ ခုပြောခဲ့တဲ့နေရာဒေသတွေက လူ့အောက်ကျတဲ့ ဘ၀အရင်ဆုံးရခဲ့ပေတာပေါ့။ ပထမမြန်မာ စစ်ပွဲပြီးစီးသွားတဲ့အခါ မြန်မာပြည်သားတွေဟာ ကျွန်သဘောဖြစ် မခံချင်ကြဘူးဆိုတာ သဘောပေါက်သွားတဲ့ နယ်ချဲ့အစိုးရဟာ သူတို့ပိုင်ပြီးနေရာအသီးသီးမှာ အကောက်အခွန်မယူဘဲ လယ်ယာစိုက်ပျိုးမှုကူးသန်းရောင်းဝယ်မှုတွေကို လွတ်လပ်စွာချောင်လည်စွာပြုလုပ်စေခြင်း၊ သူတို့ပိုင်တဲ့ သစ် ကုမ္မဏီ၊ ဆန်စပါးရောင်းဝယ်ရေး ကုမ္မဏီတွေကို မြန်မာကုန်သည်တို့အား ရင်းနှီးငွေများထုတ်ပေးစေခြင်းဆိုတာများနဲ့ ဖျားယောင်းသိမ်း သွင်းတဲ့အပြင်၊ အင်္ဂလိပ်ဘာသာ၊ အင်္ဂလိပ်စာ အင်္ဂလိပ်စကား သင်ကြားတတ်မြောက် ပေါ်ပေါက်တာနဲ့တပြိုင်နက် ဘုရားထူးခံ မင်းယော က်ျားအဆင့်အတန်း အခွင့်အရေးမျိုးပေးတာကြောင့် တတ်နိုင်တဲ့မိဘတွေက အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့အထိ သားသမီးတွေပို့ပြီး ပညာသင်စေတဲ့အခါ ရခိုင်ပညာတတ်တွေ ပေါ်ပေါက်လာခဲ့ပါတယ်။ မင်းတုန်းမင်းကြီး နိုင်ငံခြားပညာတော်သင်လွှတ်တာထက် အရင် တောင်ကျ သေးသတဲ့ရှင်။

 

အင်္ဂလိပ်စာတတ် ပညာတတ်ဆိုသူတွေပွားများရေပန်းစားလာတဲ့ “သီပေါဘုရင်” လက်ထက် (၁၂၄၁ ခုနှစ်) မှာ လွတ်လပ်ရေးစိတ်ဓာတ်မျိုး စေ့ချခဲ့သူ လို့တင်စားအပ်တဲ့ အာရှနေ၀န်း ပါမောက္ခ ဆရာတော် ဦးဥတ္တမလောင်းလျာ ပေါ်ထွန်းအောင် နာမည်ရတဲ့ သားရတနာကို စစ်တွေမြို့ရူပရွာလို့ခေါ်တဲ့ ရပ်ကွက်မှာ အဖ ဦးမြ၊ အမိဒေါ်အောင်ကျော်သူတို့က ဖွားမြင်ခဲ့တယ်လို့ ဗမာ့ခေတ် ဦးဘရင်စုဆောင်းရေးသား ထားတဲ့ ဦးဥတ္တမ အထုပ္ပတ္တိစာအုပ်မှာ ဖော်ပြထားပါတယ်။ ညီလေး ကျော်ထွန်းအောင်နဲ့ ညီမ မအိမ်စိုးပါ မောင်နှမသုံးဦးရှိပါတယ်။  ညီအကိုနှစ်ယောက်ကော့ ခွဲထားလို့မရအောင်ဘဲချစ်ကြတယ်ဆိုဘဲရှင့်။

 

သားကြီးပေါ်ထွန်းအောင်ကို စစ်တွေမြို့ချောင်းကလေးတဖက်က ကျောင်းကိုပို့တော့ သားငယ်က တမှိုင်မှိုင်နေထိုမကောင်း ဖြစ်လာတာနဲ့ ပြန်ခေါ်ထားပေးရတဲ့အထိဘဲတဲ့။ ဒီလိုနေရင်နဲ့ ပေါ်ထွန်အောင်းအသက် (၉) နှစ်မှာ အင်္ဂလိပ်စာတတ်တွေ အရပ်ထဲ မျက်နှာပွင့် အခွင့်သာ တာတွေလာတာများလေတော့ ညီငယ်နဲ့အတူ အင်္ဂလိပ်မူလတန်းတက်ချင်တယ်လို့ ပူဆာတောင်းဆိုခဲ့ပါတယ်။ သူတို့မိဘကတော့ အင်္ဂ လိပ်စာတတ်ကြီးဖြစ်လာရင် အစိုးရဆီအလုပ်ဝင်ပြီး မိဘတွေကိုခွဲသွားမှာကိုကြောက်လို့ မပို့တာနဲ့ ခလေးနှစ်ယောက်အိမ်က ထွက်ပြေး ပါရော။ ဒါကြောင့်ပဲ သူတို့ကို အလိုလိုက် အပ်ပေးရပြန်ပါတယ်။ စာလဲတော် ကြိုးလဲ ကြိုးစားတဲ့ကလေးများကို ခရစ်ယာန်ဘုန်း တော်ကြီး တပါးက ကာလကတ္တားမှာ ဆယ်တန်းအထိသင်ပေးပြီး ဘိလပ်အထိဘွဲ့ရအောင် သင်ပေးမွေးစားချင်တယ်လို့ ခလေးတို့ကျောင်းမှာ တောင်းခံလာတော့ ဆရာကြီးက သူတို့ကိုသာပြခဲ့တာပါ။ မိဘများဆီသွားတောင်းကြတာမှာလဲ မပေးလိုက်ပါဘူး။ နိုင်ငံခြားထွက် ပညာ ဆက်သင်ချင်တဲ့အတွက် ခလေးတန်မဲ့ ဈေးဆိုင် အကူစာရေးလုပ် ကော်မရှင်ရတဲ့ သူငယ်ပွဲစားလေးလဲလုပ် ကုတ်ကပ်စုထားတဲ့ငွေလေး အခိုးခံရတော့ ပြင်ပထွက်ဘို့ စာသင်ဖို့ခက်ပြီး။ ရွှေစေတီ ပရိယတ္တိစာသင်တိုက်ဆရာတော်ဆီသွားရင်ဖြင့် ပညာတခုခုတော့ ရချေရဲ့လို့ သွားရောက်လျှောက်ထားတဲ့အခါ ၁၃ နှစ်သာရှိသေးတာပေါ့။ ဆရာတော်ရင်း “ဦးတေဇရာမ” က “ဗုဒ္ဓရဲ့သိမ်မွေ့တဲ့အတတ်ပညာရပ်တို့ဟာ လူဝတ်နဲ့ သင်ကြားလို့မတတ်လွယ်ဘူး။ လူဝတ်ကိုစွန့်ခွာ သူတော်အ၀တ်ကိုဝတ်ပြီးတော့ ရှင်အ၀တ်၊ ရဟန်းအ၀တ်တွေအဆင့်ဆင့် ၀တ် ရင်းသင်မှ တတ်လွယ်တယ်” ပြောမှ သဘောပေါက်ပြီး “ဘိုးသူတော်ဝတ်” နဲ့ ၂ နှစ်အတွင်း သဒ္ဒါ၊ သဂြိုဟ်၊ အဘိဓမ္မာ ကျေညက်တာနဲ့ သာမဏေ၀တ်ပေးဖို့ မိခင်ကို ခွင့်တောင်းပါတော့တယ်ရှင်။ * (ဗျောညွန့်) အရှေ့ကို လျှောက်ပါလို့ အနောက်ကိုတဲ့ မျှော်လိုက်ရင်.. တံခွန်တိုင် ရွှေကုက္ကာ (ဘုရားလေးလေ)2..ဘုရားကိုမြင်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts