Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

၁၃၀၀ပြည့်အရေးတော်ပုံ စိန်ရတုသဘင်အခမ်းအနားကျင်းပ

၁၃၀၀ပြည့်အရေးတော်ပုံ စိန်ရတုသဘင်အခမ်းအနားကျင်းပ
ရန်နောင်(ဗိုလ်တထောင်)၊ ဇန်န၀ါရီ ၂၃၊ ၂၀၁၄

          ၁၃၀၀ပြည့်အရေးတော်ပုံ ၇၅ နှစ်မြောက် စိန်ရတုအခမ်းအနားကို ရန်ကုန်မြို့မင်းဓမ္မလမ်းရှိ MCC ခန်းမ တွင် ၂၀၁၄ ဇန်န၀ါရီလ ၂၂  နံနက် ( ၉ )နာရီ မှစတင်၍ ကျင်းပခဲ့ပါသည်။ အခမ်းအနားမှုးများအဖြစ် ဦးနန္ဒာစစ်အောင် ၊ ဒေါ်အိရွှေစင်ညွန့်  ၊ ဒေါ်နှင်းနှင်းမွှေးတို့ မှ ဆောင်ရွက်ခဲ့သည် ။ အစီအစဉ်အရ  ‘အာဠာဝက သခင်ဖိုးလှကြီးနှင့် သူ၏သပိတ်စစ်ပွဲ’ စာတမ်းကို တင်သွင်းသူဦးနေ၀င်း (စာရေးဆရာ နေ၀င်းစံ )မှ ကိုယ်တိုင်ဖတ်ကြားခဲ့သည်။
ဦးအောင်မြင့်ဦး (စာရေးဆရာ အောင်မြင့်ဦး (မဟာဝိဇ္ဇာ)က ‘၁၃၀၀ ပြည့်အရေးတော်ပုံကြီးတွင် တို့ဗမာအစည်းအရုံး၏ ဦးဆောင်မှုအခန်းကဏ္ထကို လေ့လာခြင်းစာတမ်း’၊ ဦးထွန်းထွန်းဝင်း (စာရေးဆရာထွန်းဝင်းငြိမ်း ) က ‘ဆရာကြီးသခင်ကိုယ်တော်မှိုင်း
နှင့် ၁၃၀၀ပြည့် အရေးတော်ပုံစာတမ်း’  တို့ကို ဖတ်ကြားခဲ့သည် ။

တက်ရောက်လာသော ဧည့်ပရိသတ်ကို ဒန်ပေါက်ထမင်းနှင့် ဧည့်ခံကျွေးမွေးခဲ့သည်။ နေ့လည်ပိုင်းအခမ်းအနားအစီအစဉ်များကိုမွန်းလွဲ ( ၁ )နာရီတွင် ပြန်လည်စတင်ခဲ့ ပါသည် ။

မွန်းလွဲပိုင်းအစီအစဉ်တွင် တေးရေး ဦးမြတ်လေး၏ ‘၁၃၀၀ပြည့်တေးသီချင်း’ ကို အဆိုတော် ဦးခင်မောင်လွင်နှင့်အဖွဲ့က ဂီတမှုးစန္ဒရားတင်ဝင်းလှိုင်နှင့် တွဲဖက်ကာ သီဆိုဖျော်ဖြေခဲ့သည်။ ကျင်းပရေး ဗဟိုလုပ်ငန်းကော်မတီကိုယ်စား
ဗဟိုလုပ်ငန်းအဖွဲ့ဝင် ဦးထွန်းကြည်က အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ဦးတည်ချက်များကို တင်ပြသည်။ ၁၃၀၀ ပြည့် အရေးတော်ပုံကြီးတွင် ကိုယ်တိုင်ပါဝင်ခဲ့သော ဦးဘသော်က ‘၁၃၀၀ပြည့် အရေးတော်ပုံစိတ်ဓါတ်နှင့် သမိုင်းအမွေ ဆက်ခံခြင်း’ ကို ပြောကြားသည်။

 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးကျော်အောင်မှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သ၀ဏ်လွှာကို ဖတ်ကြားခဲ့ ပါသည် ။ NLD နာယက ဦးတင်ဦးနှင့် ဦးဝင်းတင်၊ ပွင့်လင်းလူ့အဖွဲ့ အစည်းက ဦးမင်းကိုနိုင်၊ တိုင်းရင်းသားခေါင်းဆောင် ဦးအေးသာအောင်တို့ ကလည်း အမှာစကားပြောကြားခဲ့ကြသည်။
‘လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း’ နှင့်  ရွှေသံစဉ်တေးဂီတအဖွဲ့ မှ အရေးတော်ပုံ တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့သည်။ ရွှေသံလွင်ကုမ္ပဏီက  ကျင်းပရေးကော်မတီသို့  အလှုငွေ သိန်း ၃၀နှင့် ဖျော်ဖြေရေးအဖွဲ့သို့  သိန်း ၂၀ ပေးအပ်လှုဒါန်းခဲ့သည်။ သခင်၊ သခင်မကြီးများအတွက် Sky Net စလောင်း အစုံ ၄၅ စုံ ပေးအပ်ခဲ့သည်။
ကျင်းပရေးဗဟိုကော်မတီဝင် ဦးနေ၀င်းစံက ကျေးဇူးတင်စကားပြောကြားပြီး ပန်းရဲ့လမ်းအဖွဲ့မှ ‘အရေးကြီးပြီ ညီနောင်အပေါင်းတို’့  သီချင်းသီဆိုကာ အခမ်းအနားရုပ်သိမ်းခဲ့သည်။ နိုင်ငံရေးပါတီများ၊ ဒီမိုကရေစီအင်အားစုများ၊ ဘာသာရေးခေါင်းဆောင်များ ၊သခင် သခင်မကြီးများနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

(Photo – Yan Naung (BTH), 88 Generation – Peace & Open Society)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts