တကယ်တော့ လူအမည် ဦးဘဂျမ်းပါ။ ကလောင် အမည်ကျမှ တင်မိုး။ ကြားထဲမှာ ကလောင်အမည် ကန်မြဲ နန်းမြင့်နွယ်ဆိုတာလဲ ရှိသေးတယ်ပေါ့။ တင်မိုးကတော့ တနိုင်ငံလုံး သိပါတယ်။
ဘဂျမ်းသည်ပျောက်၊ တင်မိုးရောက်လို့၊ ပိတောက်သရဖီ၊ နှင်းဆီပွင့်ပေါ်၊ အိပ်ပျော်နေခဲ့တာ ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ ၂၂ ရက်နေ့က တည်းက ဖြစ်ပါတယ်။ ကွယ်လွန်ခဲ့ တာ ၇ နှစ်ရှိသွားပါပြီ။
ကဗျာ သင်းထုံ၊ နှင်းဆီရုံ၌
အငုံလည်း ရင့်၊ ပွင့်ချပ် ဖွင့်လျက်
လှိုင်း အဆင့်ဆင့်
ပွင့်ကြတော့မည်။
ညရိပ် မြေလျှိုး၊ နေ မင်းနိုး၍
တမိုးသောက်လျှင်၊ လူ့ဘုံခွင်၏
အလင်္ကာရ၊ ဘ၀ တန်ဆာ
မွေ့ရာ နှင်းဆီ၊ သင်းကြည်ကြည်၌
ငါသည် အိပ်စက်၊ ညကို ဖျက်၍
နံနက်ခင်းဆီ ၀င်ပေအံ့။
အောင်စည်ဆော်လော့
ပြည်တော်ဝင်ခန်း ရောက်ချေပြီ။
နံနက်ခင်း၏
အဆင်း နီမြန်း၊ နှင်းဆီ ပန်း၌
ရှိုက်နမ်း အိပ်စက် ပါတော့အံ့။
(တင်မိုး) နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း ကဗျာစာအုပ်မှ
++++++++++++++++++++++++++++++++
● တင်မိုးကို ရှာဖွေတွေ့ ရှိခဲ့ခြင်း
ကျနော် ၁၉၈၃ ခုနှစ် ဆယ်တန်းအောင်တော့ တက္ကသိုလ် မတက်ရပဲ စာပေး စာယူ အဝေးသင်ဘဲ တက်ခဲ့ ရပါတယ်။ ဒါကြောင့် တက္ကသိုလ်နဲ့နေ့စဉ် မထိတွေ့ ခဲ့ရပါ။ တက္ကသိုလ် ဆရာတွေနဲ့များများ မနီးစပ် ခဲ့သလို မြန်မာစာ ဆရာကြီးဦးတင်မိုးနဲ့လဲ မတွေ့ ဘူးခဲ့ပါခင်ဗျာ။ ဒါပေမယ့် နောက် ၁၅ နှစ် ကျော် အကြာ ၁၉၉၉ ခုနှစ်မှာတော့ နှစ်ဦးသား တွေ့ ကြဘို့ အကြောင်းဖန်လာခဲ့ပါတယ်။ အဲ့သည် အချိန်က ကရင်နီနယ်မြေမှာ အခြေစိုက် ထားတဲ့ ကျောင်းသားတပ်မတော် ဗဟိုဌာနချုပ်ကနေ ကျနော့် ကို ဒီဗွီဘီမှာ တာဝန်ပေးပါတယ်။ ဒီတာဝန်နဲ့ပဲ မယ့်ဟောင်ဆောင် နယ်စပ်မြို့ မှာ သတင်းထောက် တာဝန် ယူနေတုန်း အသံလွှင့်ဌာနချုပ်၊ နော်ဝေးနိုင်ငံ၊ အော်စလိုမြို့ ကို သွားရပါတယ်။ ဒီလိုနဲ့ အော်စလို ရောက်ချိန် ဆရာတင်မိုး ဘယ်လ်ဂျီယံက သမီးမိုးမိုးနှင်း အိမ်မှာ ရောက်နေချိန် ဖြစ်ပါတယ်။
နော်ဝေးနဲ့ဘယ်လ်ဂျီယန် နီးပါတယ်။ ဥရောပ တတိုက်ထဲကိုး။ သုံးခွနဲ့အင်းစိန်တုန်းက မတွေ့ ခဲ့ကြရ ဘူး သူတွေဟာ ဆရာတင်မိုး ဒီဗွီဘီ အသံလွှင့်ရုံမှာ လာအလုပ်လုပ်မတဲ့ ဆိုတဲ့ အသံနဲ့အတူ ကဗျာ က၀ိကြီး ရောက်လာတော့မယ်။ ငါတို့ နဲ့အတူတူလာ အလုပ်လုပ်တော့မယ်ဆိုတဲ့ အခွင့်ထူး အခွင့်ကောင်းကြီးကို သတိမထားမိခဲ့တာအမှန်ပါ။ ဒါပေမယ့် ရောက်လာခဲ့ပါတယ်။ အော်စလိုအ၀င် နိုင်ငံကူးလက်မှတ်မှာ ဒီမို ကရက်တစ်မြန်မာ့အသံမှာ သွားရောက်အလုပ်လုပ်မည့်သူ ဖြစ်သည်ဆိုပြီး နော်ဝေးလ၀က တာဝန်ရှိသူက ဦးဘဂျမ်းရဲ့ ပတ်စပို့ မှာ တံဆိပ်ရိုက်ပေးလိုက်တယ်။ ဒါကို ဦးတင်မိုးက သဘောမကျ ဖြစ်နေခဲ့ပါတယ်။ (သမီးရေ ဒီဗွီဘီမှာ လာအလုပ်လုပ်မိတာ မှားပေါ့ကွယ်။ အခု ပတ်စပို့ မှာ ဒီဗွီဘီဆိုပြီး တံဆိပ်ရိုက်ပေးလိုက်တော့ ဗမာပြည်တော့ မပြန်ရတော့ဘူး ထင်ပါတယ်။) တဲ့
(အဖေရယ် အင်းစိန်ထောင်ထဲမှာ ၄ နှစ် နေပြီးတာတောင် မမှတ်သေးဘူးလား။ တော်တော် ပြန်ချင် နေသလား။ ထောင်စော်နံနေပြီလားရှင့်။ ) ဆိုပြီး ကရုဏာဒေါသောနဲ့သမီးက ပြန်ပြောခဲ့ပါတယ်။
အဖေက ဗမာပြည်ကို တော်တော်ပြန်ချင်နေတာ။ ပြန်ရင် အဖမ်းခံရဦးမယ်လို့ပြောတာလဲ မရဘူး။ အခုတော့ ကောင်းတယ်။ ဒီဗွီဘီမှာ လုပ်ပြီဆိုတော့ ပြန်တာနဲ့အဖမ်းခံရမှာ ဆိုတာကို သူ သိသွားပြီ ဆိုပြီး မိုးမိုးနှင်းက ကျနော်တို့ ကို ပြောခဲ့ပါတယ်။ ၁၉၉၉ ခုနှစ် အောက်တိုဘာလကုန်။
အဲသည်တုန်းက ဆရာ့ သမီး မိုးမိုးနှင်းဟာ မြေးဦီးကလေး စင်ဒရာရဲ့ ကိုယ်ဝန်ကို လွယ်ထားချိန် အဖေ့ ကို စိတ်မချလို့နော်ဝေးကို လိုက်ပို့ တာပါ။ အော်စလိုရောက်တော့လဲ စိတ်ချလက်ချနဲ့ပြန်သွားနိုင် ပါတယ်။ ကျနော်တို့ ရှိနေတယ်ဆိုတာ သိသွားပြီကိုး။
သီချင်းဆိုမိလို့ရင်းနှီးသွားရတာဆိုရင် မှားမလား
ဆရာနဲ့ကျနော် ရင်းနှီးလိုက်တာက ယောင်းမ သီချင်းနဲ့ပါ။ အဆိုတော် ဖြူသီ ဆိုထားတဲ့ ယောင်းမ သီချင်းကို ကျနော်က အလွတ်ရနေတယ်။ ခေါင်းစဉ်ကိုတော့ မသိဘူး။ ဆရာတင်မိုးကို အော်စလို အသံ လွင့်ရုံက ၀န်ထမ်းတိုင်းက နှုတ်ဆက်ကြ။ အလည်လာသူတွေနဲ့တွေ့ ရတာလဲ အမော။ နော်ဝေ အနုပညာအသင်း ကဗျာဆရာအသင်း ဘာအသင်း ညာအသင်းတွေက ဖိတ်တာကလဲ မနည်း။ မြန်မာ ကဗျာဆရာကြီးကို တလေးတစား ဖတ်ခေါ် မိန့် ခွန်းတွေ ပြောခိုင်းနဲ့အလုပ်တော်တော် ရှုပ်နေခဲ့တယ်။ ညပိုင်းကျတော့ သူက ဆေးပေါ့လိပ်နဲ့လက်ဖက်ရည်ကြမ်းသောက် မီးခိုးတွေမှုတ်ထုတ်ပြီး ထိုင်နေချိန်။ ကျနော် သီချင်းဆိုမိတယ်။
x x x အမေက ငယ်သေးတယ်တဲ့ရှင် x x သမီးချော အလှသဇင် x x ယောင်းမxxx မစီးပါရစေနဲ့ရှင်x x သူပြောတာလဲ ဟုတ်မှာပဲရှင်x x ဟိုအရင်x x ချစ်စတုန်းက စာပေးပေးတဲ့ x x မိခွေးလေးတောင်ပင်x x လင်နဲ့ပြေး ကလေးတဒါဇင်x x ညောင်ပင်ကြီးကလဲဘဲ x x လင်ယူဦးမှပေါ့တဲ့ xx သားဆုပေးဘို့  စောင့်နေရတာ ကြာပြီထင်x x ပုဆိုး နှစ်ပတ်လောက် ရှိတဲ့အပြင်x x ရုပ်ကစိုး လဲဘဲ ညီးရော့မယ်ထင် x x သူ့ တကိုယ်လုံး မြူလုံးပုံတွေဆင် x x ဆိုနေတုန်းမှာပဲ ဆရာတင်မိုးရဲ့ လိုက်ဆိုသံကို ကြားလိုက် ရတယ်။ ကျနော်ကလဲ ဆက်ဆိုတယ်။
x x အမေက ငယ်သေးတယ်တဲ့ ရှင် xx သမီးချော အလှသဇင် x x ယောင်းမ x x ယောင်းမ မစီးပါရစေနဲ့ရှင်x x x x
ဆရာတပည့် ၂ ယောက် သီချင်း တပုဒ်ကို အတူဆိုဖြစ်သွားတယ်။ ၁၉၉၉ ခုနှစ် အောက်တိုဘာလ။
အဲသည်တော့မှ သိရတာ။ ဆရာပြောလို့လဲ သိရတာပေါ့နော်။ သီချင်းတွေ သိပ်ကြိုက်တဲ့ အကြောင်း။ သီချင်း တော်တော်များများကိုလဲ ရတဲ့အကြောင်း။ မြို့ မ တူရိယာ အသင်းကြီးအကြောင်း ရေပက်မ၀င် ပြောသူက ဆရာတင်မိုးပါ။
● လူတိုင်းကို လေးစားသူ
ကွယ်လွန်သူ ရေဒီယို အသံလွင့် သမားကြီး ဦးအောင်မြင့်ထွန်းနဲ့ကျနော် အတူနေဘူးတယ်။ သူကလဲ သုံးခွသားပါ။ သူက ဘီဘီစီ ကနေ အနားယူတော့ သတင်းသင်တန်းတွေ လိုက်ပြီး ပေးနေခဲ့တုန်း ကျနော်တို့ တွေ့ ကြတယ်။ ဦးအောင်မြင့်ထွန်းက လူငယ်တွေကို မောင်ရင်တို့ ဆိုပြီး စကားပြောလေ့ရှိ တယ်။ မောင်ရင်တို့ သတင်းရေးကြကွာ။ မောင်ရင်တို့ အသံ သွားဖတ်တော့ ဆိုတာမျိုးပါ။
ဆရာ မောင်သာရဟာလဲ လူငယ်တွေကို မောင်ရင်တို့ ဘာလုပ်ပါ။ မောင်ရင်တို့ စာဖတ်ကြပါ ဆိုပြီး ပြောဘူးသလို စာရေးဆရာ ဦးဝင်းခက်ကလဲ မောင်ရင်တို့ ဆိုပြီး လူငယ်တွေကို ခေါ်ပြောလေ့ရှိပါ တယ်။ သမားဂုဏ်နဲ့ပြောပုံရပါတယ်။ နှိမ့်ချတဲ့ သဘောမဟုတ်ပေမယ့် လူငယ်လေးတွေ ဆိုပြီး မောင်ရင်တို့ ဆိုတာကို သုံးပုံရပါတယ်။ ဆရာ ဦးတင်မိုးကတော့
ကိုမောင်တူးရေ ထမင်းစားကြရအောင်ဗျာ။ ကိုစိုးဝင်းညိုရေ ဆောင်းပါးအတွက် အသံသွင်းကြရအောင် ဒီလိုမျိုး ဘယ်လောက် ငယ်ငယ် ကို တပ်ပြီး ပြောလေ့ရှိပါတယ်။ လူတိုင်းကို ဒီအတိုင်းသာ ခေါ်လေ့ရှိပါ တယ်။ အဲသည်တုန်းက ကိုဝင်းနိုင်ဦးလဲ ဒီဗွီဘီမှာ အယ်ဒီတာလုပ်နေချိန်။ ကဗျာအကြောင်းတွေ စာ အကြောင်းတွေ ဆွေးနွေးခဲ့ကြတာ နားထောင်လို့သိပ်ကောင်းပါတယ်။
ဝိုင်းထိုင်လို့သောက်ရင်း စားရင်းက ဆရာတင်မိုး ရောက်လာမယ်လဲ ဆိုရော ဟေ့ ပုလင်းတွေ ဖွက် ထားကြ ဆရာက လူကြီးဆိုတော့ လေးစားရမယ် ဆိုပြီး ပုလင်းတွေ ဖွက်ထားပါတယ်။ ဆရာတင်မိုးနဲ့ သမီးမိုးမိုးနှင်းတို့ လဲ ရောက်လာရော စက္ကူ လက်ဆွဲအိတ်နဲ့ထည့်ယူလာတဲ့ စကော့ဝီစကီ ၂ လုံးကို ရော့ ဘယ်လ်ဂျီယန် လက်ဆောင် အော်စလိုက ဒီဗွီဘီ ၀ိုင်းတော်သားတွေ အတွက် ဆိုပြီး ပေးလိုက် တော့ အားလုံး တယောက်မျက်နှာ တယောက်ကြည့် ပြုံးစိစိ ဖြစ်ကုန်ပါတယ်။ ဆရာဟာ လူငယ်ကြိုက် ကိုလဲ လိုက်တတ်တယ်။ လေးစားတယ်။ လူငယ်တွေကို မနှိမ့်ချဘူး။ အပေါ်စီး မဆက်ဆံဘူး။ သမိုင်း တွေ ပြောတယ်။ သီချင်းတွေ ဆိုပြီး သီချင်း သမိုင်းတွေ ပြောတယ်။ စာပေသမိုင်း ကဗျာသမိုင်း အကုန် ပြောတယ်။ ပြောတာတွေကလဲ မငြီးငွေ့ ရဘူး။ အဲသည်တုန်းက ဆရာပြောတာတွေကို ၀ိုင်းထဲမှာဘဲ အသံ ဖမ်းထားပြီး အဲ့ဒါကိုဘဲ ဒီဗွီဘီ ရေဒီယိုက ပြန်လွင့်တာ အပိုင်း တော်တော်များများရခဲ့တယ်။ ကြိုတင်လဲ ဘာမှ မပြောထားဘူး။ ဆရာ ပြောချင်တာ ပြောနေခဲ့တာ။ ရောက်တတ်ရာရာ ပြောနေခဲ့ တာ အဲ့ဒါတွေကဘဲ ၅ မိနစ်တပိုင်း။ ၁၀ မိနစ်တပိုင်း ဖြတ်ဖြတ်ပြီး ပြန်လွှင့်တာ။ တခုမှ အသုံးမ၀င်တာ မရှိဘူး။ ဒီလောက်ကို စကားပြောကောင်းသူ။
● ကဗျာ စပ်တာလဲ မြန်တယ် မှန်တယ် ဖတ်ကောင်းတယ် ကိုယ်တွေ့ 
ဆရာတင်မိုးဟာ ဆေးပေါ့လိပ် သိပ်ကြိုက်တယ်။ လက်ဖက်ရည် ချိုပေါ့ ကြိုက်တယ်။ ရေနွေးကြမ်းလဲ ကြိုက်တယ်။ တခါတလေ သူ စကားပြောအပြီး သူများပြောတာ နားထောင်နေရင်းက နှင်းဆီပွင့်ပေါ် အိပ်ပျော်သလို ဆိုဖါပေါ်မှာ အိပ်သွားတတ်တယ်။ နိုးလာရင် မျက်နှာထသစ်ပြီး အခန်းထဲဝင်သွားပြီး ကဗျာရေးတတ်တယ်။ ရေးတာကလဲ မြန်တယ်။ တထိုင်ထဲ ရေးတဲ့ ကဗျာတွေ တွေ့ ဘူးတယ်။ ကျနော်တို့ က ဒီဗွီဘီ အကြောင်း ကဗျာရေးပေးပါဆိုတော့ သူ ချက်ခြင်း သွားရေးလိုက်ပါတယ်။
နှင်းတောင်ပေါ်က အသံ
+++++
တောင်ပေါ် တောင်ဆင့်
တောင်မြင့်မြင့်ထက်
တိမ်ပွင့် ထီးဆောင်း
တောင်နှာမောင်းဟု
တောင်စောင်း တောင်တန်း
တောင်ခါးပန်းဝယ်
တောထွေထွေသည်
တိမ်ခြေ ငွေနှင်းပေါင်းတို့ နှင့် တကား။
အေးလည်းအေးမြ၊ သုညအောက်ရောက်
ငွေနှင်းစိုစွတ်၊ ငွေတောင်ထွတ်က
ပြိုညွတ်ကျလေယောင်တကား။
နော်ဝေ ဆွီဒင်၊ နှင်းတောင်မြင်၏
စကင်ဒီနေဗီယန်၊ နှင်းတောင်ယံက
အသံလွှင့်လှိုင်း၊ ငါတို့ တိုင်းသို့ 
သမိုင်းသစ်ချီ၊ ဒီမိုကရေစီအတွက်
အောင်စည် ဟိန်းစေခဲ့ပြီတကား။ ။
တင်မိုး
၅၊ အောက်တိုဘာ၊ ၁၉၉၉
အင်္ဂါနေ့ နံနက်ခင်း
++++++++++++++++++++++++++++++++++++
အဲသည်တုန်းက ဒီမိုကရက်တစ် မြန်မာအသံ ပေါ့။ ဒီဗွီဘီ အတွက် ဂုဏ်ပြု ကဗျာတွေ ရေး ပေးခဲ့ပါ တယ်။ ကျနော့် အကြောင်း ပြောတဲ့ အခါ သုံးခွမြို့ သား ဆိုတာလဲ သိရော သုံးခွ အကြောင်း တွေ ပြော တော့တာပါဘဲ။ သုံးခွ စာပေဟောပြောပွဲ သွားတဲ့ အကြောင်း။ ကျနော်တို့ ရဲ့ မြန်မာစာ ဆရာမ ဒေါ်ရီရီမြင့်ကို ပျဉ်းမနား မောင်နီသင်းက သွားရောက် တောင်းရမ်းတော့ ဆရာတင်မိုးလဲ လိုက်ပါသွား တဲ့ အကြောင်းတွေ ပြောပြပါတယ်။ မောင်နီသင်းရဲ့ သမီး ၀တ်ရည်သင်း ဖတ်ဘို့ ကဗျာတွေ အကြောင်း လဲ သူက ပြောမဆုံးပါဘူး။ ဆရာဟာ ပညာရှိတဦးပီပီ သားသမီးတွေကိုလဲ ပညာတွေ ချွန်အောင် ပျိုးထောင်ခဲ့သူပါ။ အော်စလိုမှာ စကားပြောရင်းက သမီး မိုးမိုးနှင်းက သမီးဦး ကိုယ်ဝန်နဲ့ချော်လဲထား တယ်တဲ့။ ဒီတော့ ဘိုက်က အောင့်လာတယ်။ ကျနော်တို့  ထဲက တဦးက ကိုယ်ဝန်ဆောင်စဉ် သတိ ထားဘို့ အကြောင်း မိုးမိုးနှင်းကို ပညာပေး ဟောပြောနေတာ တွေ့ တော့ ကိုဝင်းနိုင်ဦးက မိုးမိုးနှင်းဟာ တင်မိုးသမီး လူရည်ချွန် ဘယ်နှစ်ထပ်ကွမ်း ကဗျာဆရာမ ဆရာဝန်မ ဆိုပြီး ပြောလိုက်မှပဲ ကိုယ်ဝန် ဆောင်နည်း သင်သူ အပြောရပ်သွားတယ်။
● ကဗျာရေးလို့ထောင် ၄ နှစ်ကျ
စစ် အစိုးရဟာ ဆရာတင်မိုးကို ထောင် ၄ နှစ် ချထားခဲ့တယ်။ ဒါပေမယ့် စစ် အစိုးရကို မကောင်း မပြောပါဘူး။ အစိုးရကိုမှ မဟုတ်ဘူး ဘယ်သူ့ ကိုမှ မကောင်းဘူးလို့မပြောဘူး။ တဖက်သားရဲ့ ကောင်းကွက်ကိုသာ ပြောသူ ဖြစ်ပါတယ်။ သိပ်ယဉ်ကျေးသူ။ နူးညံ့သူပါ။
သူ့ ကို ထောက်လှမ်းရေးတွေက လာဖမ်းတာကိုတောင် ဟာသနှော ပြောခဲ့ပါတယ်။ )))) နိုဗဲလ် ငြိမ်း ချမ်းရေးဆု ဒေါ်စု ရတယ်ဆိုပြီး အဲ့ဒီ ဘီဘီစီပေါ့ဗျာ။ ကျေညာနေချိန် နားထောင် ကောင်းနေတုန်း၊ သူတို့ ရောက်လာတယ်။ ကျနော့်ကို ခန လိုက်ခဲ့ပါ ခေါ်တယ်။ ဖမ်းပြီပေါ့ဗျာ။ ကဲဟေ့ လုံခြည်အပိုလေး အနွေးထည် စောင် ထည့်ခွင့်ပေးပါဦး ဆိုပြီး လိုက်သွားရတယ်။ ဟားဟား။ ((((( ဆိုပြီးပြောခဲ့တာပါ။
((((( ဟားးးးးးးးးးးး ကဗျာရေးလို့ဖမ်းတာတဲ့။ လားလား ကိုယ်ရေးထားပြီး ကိုယ့်ဆီမှာ မရှိတော့တဲ့ ကဗျာတွေ ထုတ်ပြလိုက်တာ သူတို့ ဆီမှာ တထပ်ကြီးဗျာ။ အစိုးရကို ဆန့် ကျင်ကဗျာရေးတာ ဆရာက ဘာသဘောလဲ ပေါ့။ ကျနော်ကို မေးတာ စစ်တာဗျ။ ကျနော်ကလဲ စစ်ထောက်လှမ်းရေးကို ပြောလိုက် တယ်။ ငါရေးတဲ့ ကဗျာတွေက သူငယ်တန်းကစ တက္ကသိုလ်အထိ တနိုင်ငံလုံး ကျက်နေ ရွတ်နေကြ တာပဲ။ ကျေးလက် သရုပ်ဖေါ် ကဗျာတွေ၊ ပညာပေး ကဗျာတွေ၊ ကလေးကဗျာတွေလေ အခု ငါ့ကို စစ်နေတဲ့ မင်းကိုယ်တိုင် ဒီကဗျာတွေနဲ့ဘဲ ကြီးပြင်းလာတာ မဟုတ်လား။ မကောင်းတာ မမှန်တာ တခု တလေများ ပါလို့လားကွာ။ မင်း ပြန်စစ်ကြည့်ပါဦး။ ကဗျာတွေကို ပြန်စစ်ကြည့်ပါဦး။ ငါ့ကို မစစ်ပါနဲ့ ကွာ။ ကဗျာ သက်သေတွေ ရှိနေပြီပဲလို့ပြောလိုက်တော့ စစ်တဲ့ ထောက်လှမ်းရေး ကိုယ်တိုင် တလုံးမှ မပြောတော့ပဲ ငိုင်နေတာတွေ့ ရတယ်။ ငါလဲ ဘာမှ မပြောချင်တော့လို့ဒီတိုင်းပဲ ထိုင်နေလိုက်တယ်။ သူလဲ ထိုင်နေတယ်။ ငိုင်နေတယ်။ ဘာမှ ထပ်မစစ်တော့ဘူး။ ))))))) ဒါက တင်မိုး ကိုယ်တိုင် ပြန်ပြောပြတဲ့ သူ့ ရဲ့ စစ်ကြောရေး အခန်းက မြင်ကွင်းပါ။
နောက်တော့ ထောက်လှမ်းရေးက ပြောသတဲ့ ဆရာရေးတာတွေဟာ ဒီမိုကရေစီ တော်လှန်ရေး ကျောင်းသား ခွပ်ဒေါင်းနဲ့ဒေါ်စုကြည်တို့ ကို လူထုက လေးစားအောင် ဖေါ်ပြနေတဲ့ သဘောတွေ ဖြစ် နေ တယ်တဲ့။ လူကြီးတွေ မကြိုက်တော့ ဖမ်းတာတဲ့။ ဒီတော့ ဒီလိုနောက် မရေးတော့ပါဘူး။ နောက် မလုပ်တော့ဘူး။ ဒီလို ရေးခဲ့တာတွေကလဲ နမိတ်ပြ ရေးတာတွေက များတော့ ဒီလို အစိုးရ ဆန့် ကျင် သဘော ရေးတာမဟုတ်ဘူး ကဗျာဆရာတဦးအနေနဲ့တခြား သဘော ရေးထားပါ။ နောက်လဲ မရေး တော့ပါဘူး ဆိုပြီး ပြောခိုင်းခဲ့တယ်တဲ့။ ဒါပေမယ့် ဆရာက မပြောခဲ့ပါဘူး။ ဖတ်ကြည့်ပေါ့။ ကဗျာ ဆရာက ရေးလိုက်ပြီးပြီ ဖတ်သူက အဓိပ္ပါယ် ဖွင့်လို သလို ဉာဏ်စွမ်းရှိသလောက် ဉာဏ်ကွန့် မြူး နိုင် သလောက် ရပါတယ်တဲ့။ သူ ကဗျာတွေလဲ ဆက်ရေးမယ်။ ကောင်းရင် ကောင်းတာရေးမယ်။ မကောင်းရင် မကောင်းဘူး ရေးမယ်။ ကဗျာ ရေးတာတော့ မရပ်နိုင်ဘူး ဆိုပြီး ထောက်လှမ်းရေးကို ပြောခဲ့တယ်တဲ့။ ဒီလိုနဲ့ကဗျာက၀ိကြီးဟာ အင်းစိန်တောရမှာ ၄ နှစ် ဆောက်တည်ခဲ့ရပါတယ်။
● သူတပါးကို အပြစ်မမြင်သူ
မိုးမိုးနှင်း၊ မိုးချိုသင်း၊ မိုးမိုးစံ မိုးမိုးအေး သမီးတွေ မွေးထားတဲ့ ကြားက သားကလေး ဉာဏ်မိုး တယောက်သာမို့ ဆရာက အရမ်း ချစ်ပါတယ်။ အမတွေကလဲ ချစ်ပါတယ်။ ဘူမိဗေဒ ဘွဲ့ ရ မောင်ဉာဏ်မိုးဟာ အိမ်ထောင်ကျပြီးနောက် သင်္ဘောသား လုပ်ရပါတယ်။ ရောဂါရှိတာကြောင့် သင်္ဘောတက် အလုပ်ပင်ပမ်းပြီး နေထိုင်မကောင်း ဖြစ်မှာကို အမတွေနဲ့အဖေက စိုးရိမ်နေတဲ့ ကြားဘဲ အင်ဒိုနီးရှားက မထင်မရှား ကျွန်းတကျွန်းမှာ သင်္ဘောပေါ် အလုပ်လုပ်ရင်း ဆုံးတယ်။ ဆုံးတယ်လဲ ကြားရော ဆရာတင်မိုး ဘယ်လောက်ခံ စားရမယ်ဆိုတာ ပြောဘို့ လိုမယ်မထင်ပါဘူး။ ကျနော်နဲ့အတူ ရှိနေတုန်း အဖြစ်ဆိုးက ဖြစ်ခဲ့တယ်။ မိုးမိုးနှင်းကတော့ ဘူမိဗေဒ ဘွဲ့ ရတယောက်၊ အလုပ်အကိုင် ရှား တော့ အလုပ်ရတာ မလွယ်ကူတော့ ပြည်ပထွက် အလုပ်လုပ်ရတယ် ဒါကြောင့် သေရတယ်ဆိုပြီး သောင်းကျန်းနေပါတယ်။ ၁၉၉၉ ခုနှစ် အောက်တိုဘာ ၁၀ ရက်ပါ။ အုပ်ချုပ်သူ မကောင်းလို့သူတို့  ကြောင့် ပညာတတ်တယောက် ဆုံးရတယ်။ ဒီလို အော်ပြောနေတယ်။ ဦးတင်မိုးကတော့ ( သမီးရယ် ပညာတတ်တွေ ပြည်ပထွက် ပညာနဲ့မဆိုင်တဲ့ အလုပ်ကြမ်းတွေ လုပ်ရတာ ရာထောင်ချီ ရှိနေတာဘဲ။ ကိုယ်သားမှ ထွက်လုပ်ရတာမဟုတ်ပါဘူး။ သူတို့ ကျတော့ ဒီအဖြစ်ဆိုး မကြုံရဘဲ ကိုယ့်သားမှ ဒီလို ဖြစ်ရတာ ကံ ပေါ့ကွယ်။ သူများကို အပစ်မတင်ပါနဲ့ဆိုပြီး သမီးကို ချော့တယ်။ ဒါပေမယ့် မောင်ငယ် ကလေး သေချိန် အမဖြစ်သူကတော့ ဒေါသူပုန်ထ မပျက်ခဲ့။
တင်မိုးကတော့ သားအတွက် အခုလို ရေးဖွဲ့ ခဲ့ပါတယ်။
မိုးဦးပန်းသို့ ငြိမ်းချမ်းဖို့ 
+++++
တတွတ်တွတ်နှင့်
ရွတ်သည်ပရိတ်၊ မျက်စိမှိတ်၍
စိတ်ကိုဆုံးမ၊ တရားပြသော်
သောကမီး ငြိမ်းပါသတည်း။
သဗ္ဗေသတ္တ၊ သင်္ခါရဟု
ဓမ္မတရား၊ လက်ကိုင်ထားသော်
မီးပွား မီးတောက်၊ တန်ခိုးပျောက်၍
ညွန့် ညှောက် စိမ်းလန်း
မိုးဦးပန်းသို့ 
ငြိမ်းချမ်းအေးမြ ပါစေသတည်း။
ငါလည်းအတူ၊ သူလည်းမကျန်
နိဗ္ဗာန်မ၀င်၊ သံသာခွင်၌
ကျင်လည်ရမြဲ၊ မရှောင်လွှဲဟု
ငါစွဲကိုဖျောက်၊ ဉာဏ်ရောင်တောက်က
မိုးသောက်လင်းစ၊ နံနက်ထသို့ 
သောကမှောင်ကို အောင်မည်တည်း။ ။
(သားလေး ဖိုးဉာဏ်သို့ )
တင်မိုး
၁၅၊ နိုဝင်ဘာ ၁၉၉၉
တနင်္လာနေ့နံနက်ခင်း
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ရန်ကြီးအောင် ဦးစိန်ဝင်း အကြောင်းရေးရသလို ခရမ်း ဦးတင်မောင်ဝင်းအကြောင်း ဖွဲ့ ရသလို ဂုဏ်ပုဒ်တွေက ကြီးမြတ်လွန်းလို့သူတို့ သ မိုင်း မပီမသ ဖြစ်မှာကို စိုးမိသလို နိုင်ငံကျော် ကဗျာဆရာကြီး ဦးတင်မိုး အကြောင်း ရေးရင်လဲ လွယ်မယ်ထင်မိပေတယ့် သူ့ ကဗျာ၊ သူစာ နဲ့သူ့ စိတ်၊ သူ့ ခံယူချက် သူ့ ဂုဏ်ပုဒ်တွေကို ရေးရာမှာတော့ ပိုခက်လွန်းတာ တွေ့ ရပါတယ်။ သူ့ ကဗျာ အကြောင်း တခုကိုပဲ ရေးမယ်ဆိုရင် တကယ့်အရှိ ဖြစ်တည်မှူရဲ့ တစ်ရာခိုင်နှုန်းကိုတောင် ရေးပြဘို့ မလွယ်ဘူးဆိုတာ မြင်လာပါတယ်။ ဒါပေမယ့် ကျနော် ရေးလိုက်ပါပြီ။ ကျနော်ရေးတာထက် သူ နောက်ဆုံးရေးခဲ့တဲ့ ကဗျာတပုဒ်ကို ထပ်မံ ဖေါ်ပြတာက သူ့ သရုပ်ကို ပိုပြည့်စုံမလားပဲ။ ဒါကြောင့် တင်မိုးဆိုတာ ဘာလဲ သိချင်ရင်ဖြင့် အောက်ပါ နောက်ဆုံး ကဗျာကို ဖတ်ကြည့်ကြပါစို့ ။
သာမန်လူသားတဦးရဲ့ ဆန္ဒ (ဆရာတင်မိုး)
+++++
အာကတံ ပါကတံနဲ့
ဗာလာနံတွေနဲ့
ဝါစာကမာဆန်ဆန် မြိုင်တောလယ်မှာ
လှိုင်ဘောလယ်နေသူ မဟုတ်။
သူ့နေရာနဲ့ သူ့နေရာ
ဗဟုသုတ ပဒေသာဖြိုင်ဖြိုင်သီးနေတဲ့
ဂနိုင်ကြီး မြိုင်ကြီးမှာ
ခိုမှီးနေထိုင်သူ ဖြစ်ပါတယ်။
ကျမ်းဂန်အသီးသီးက
လမ်းမှန်နည်းတွေကို
ရှာမှီးဝေဖန်ရင်း
အနေကန် မရေမရာကိုခွာ
ဧကန် အဖြေကိုရှာနေသူသာ ဖြစ်တယ်။
ဘဝရဲ့ အတိမ်အနက်ကို
တခဏနဲ့ ချိန်စက်
အိပ်မက်လို ဝိုးတိုးဝါးတားနဲ့
ကိုးယို့ကားယားကို အဟုတ်မှတ်
ရုပ်ဓါတ် နာမ်ဓါတ် မကွဲမပြားနဲ့
အသည်းတယားယား ဖဲကစားသလို
အလွဲအမှားတွေ လွန်ကျူးနေတဲ့
စာတမူးတန်နဲ့
ချာတူးလန်လည်း မဟုတ်ပါချေ။
အခွင့်အရေး မြက်တဆုပ်နဲ့
မဟုတ်သည်ကို အဟုတ်ပြော
ဗုဒ္ဓေါ တ ရတဲ့ လူအညံ့စား
ခန့်ညား ရိုသေဖွယ်မရှိ
အဂတိလိုက်စားတဲ့ ငမိုက်သား သတ္တဝါ
ပကာသနကို ငတ်ကြီးကျတဲ့
နှပ်ချေးတမျှ ရွံစရာ
လူ့ဗလချာ မဟုတ်ပါ။
ဘဝမှာ အနေရိုးပေမယ့်
သဝေထိုးခြင်းလည်း မရှိ၊
အသိပညာ အတတ်ကို ရှာပြီး
မြတ်ရာကို ကိုးကွယ်
အမျိုးအနွယ်ကို ချစ်မြတ်နိုး
ရိုးသားမှုကို စံနမူနာယူ
မြန်မာဇမ္ဗူမှာ လူကောင်းတယောက်
ကျောက်ကောင်းတစေ့ ဖြစ်ခွင့်ရရင်
ဘဝမှာကျေနပ်
အနေမြတ်တယ်လို့ ယုံမှတ်သူဖြစ်ပါတယ်။
ကိုယ် ကြီးကျယ်ဖို့ထက်
နိုင်ငံကြီးကျယ်ဖို့ အရေးကြီး
ရီးတီးယားတားနဲ့
ဆီးသီးနွားစား နေ့မပါးလိုဘူး
တရားမျှတ၊ လွပ်လပ်မှ ချမ်းသာ
သူ ငါ အားလုံး၊ ညီညာညာ ရုန်းကြမှ
လူလုံးလှလတ္တံ့ဟု
စိတ်နေသန့်သန့်နဲ့
မထိတ်မလန့် နေချင်သူပါ။
ရေမှုတ်ထဲမိကျောင်းပေါ်သလို
တကိုယ်တော် ကျော်ကြားမှုမလို
ကိုယ်က အစ၊ သူက အားလုံး
ရွှင်ပြုံးချမ်းမြေ့၊ ပျော်တဲ့နေ့ကို
မြင်တွေ့လိုစိတ်နဲ့
အတိတ်က အမှားတွေကိုကျော်
ဒိဋ္ဌတရားကို မျှော်ရင်း
ဘုရားပေါ်သို့ ပျော်ပျော်တက်
ဒိုးပတ်ဝိုင်းနဲ့ ပျော်တော်ဆက်ချင်ပါကြောင်း။ ။
တင်မိုး (ဇန်န၀ါရီ ၂၁၊ ၂၀၀၇။ တနင်္ဂနွေ ညဦး အိပ်ရာဝင်)
++++++++++++++++++++++++++++++++
အထက်ပါ သာမန်လူသားတဦးရဲ့ ဆန္ဒကဗျာကိုရေးပြီး ဦးတင်မိုးဟာ ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ ၂၂ ရက်မှာ အမေရိကားက လက်ဘက်ရည် ဆိုင်ကလေးမှာ လဲကျသွားပြီး ကွယ်လွန်ပါတယ်။ အခုဆိုရင် ၇ နှစ် ရှိပြီပေါ။
အော်စလို ဒီဗွီဘီမှာ အချိန်တခု အတွင်း အတူနေခဲ့ကြတာတွေ၊ ရေဒီယိုအစီအစဉ်တွေ အတူ လုပ်ဖြစ် လွှင့်ဖြစ်ခဲ့တာတွေ သတိရနေမိပါတယ်။ ကျနော်တို့ ချင်းမိုင်မှာ ရောက်တော့လဲ ဆရာတင်မိုး လာရောက်လည်ပတ် နေထိုင်ခဲ့တာတွေကို သတိတရ ဖြစ်မိပါတယ်။ ဆရာရေ။ ဆရာ နှစ်သက် စွဲလန်းလွန်းတဲ့ နှင်းဆီ ပွင့်ပေါ် အိပ်ပျော်နေခဲ့တာ ၇ နှစ် ရှိသွားခဲ့ပေမင့် ဆရာ့ကဗျာစာတွေကိုတော့ ကျနော် ရွတ်ဖတ်နေဆဲပါ။ နောင်လာနောက်သား မျိုးဆက်သစ်တွေလဲ ရွတ်ဖတ်နေကြ ရဦးမှာ ဧကန်မလွဲပါ ခင်ဗျာ။