ရသဆောင်းပါးစုံ မောင်စွမ်းရည်

မောင်စွမ်းရည် – လဝန်းအိမ်ရဲ့ ပို့စ်မော်ဒန် သတို့သမီး

မောင်စွမ်းရည် – လဝန်းအိမ်ရဲ့ ပို့စ်မော်ဒန် သတို့သမီး
(မိုးမခ) စက်တင်ဘာ ၂၅၊ ၂၀၁၅

ကျနော်တို့ ပြည်ပကို ရောက်နေခိုက် ဆယ်စုနှစ်တခေတ်လောက် အတွင်းမှာ ပြည်တွင်း`ကလောင်သစ် ´ တွေ အများကြီးထွက်ပေါ်ထွန်းပေါက်နေခဲ့ကြပါတယ်။ သူတို့စာအုပ်တချို့ကို စာပေဝါသနာပါသူတွေက ဒုက္ခခံပြီး ပြည်ပကို သယ်ဆောင် လာကြလို့ ကျနော်တို့ ဖတ်ခွင့်ကြုံခဲ့ရတာတွေရှိပေမဲ့ မဖတ်ရဘဲ လွတ်ထွက်သွားတဲ့ စာအုပ်တွေလည်း အများကြီးရှိပါတယ်။

စက်တင်ဘာပထမပတ်ထဲတုန်းက နယူးယောက်ရဲ့ `ကွင်း´ ခေါ် ဘုရင်မမြို့နယ်ထဲရှိမဟာ ဝိသုဒ္ဒါရုံကျောင်းခေါ် သုံးပါး ကျောင်းမှာ စာပေ ဝါသနာရှင်များ အစည်းအဝေးလုပ်ကြတော့ ကျနော်လဲရောက်သွားပါတယ်။ စာပေဟောပြောပွဲဖြစ်မြောက် ရေးအတွက် တိုင်ပင်ဆွေးနွေးကြတာပါ။ နိုင်ငံရေးအရ နည်းနည်းပွင့်လင်းတဲ့ရာသီထဲ ရောက်လာလို့လားမသိ။ မမြင်ဖူးတဲ့ လူတွေ တော်တော်များများ အစည်းအေ ဝးတက်ရောက်လာကြတာကို တွေ့ရပါတယ်။

အစည်းအေ ဝးတက်ရောက်လာကြတဲ့ လူသစ်တွေထဲမှာ မမြင်ဖူးတဲ့ စာရေးဆရာမလေးတယောက်ပါလာခဲ့ပါတယ်။ `လ ဝန်းအိမ် ´ တဲ့။ အမည်ရင်းက  ဧကရီဖြိုး´။အိမ်အမည်က `သမီးချော´တဲ့။သူကရုပ်ရှင်မင်းသား၊ဆရာ ဝန်စာရေးဆရာကြီး မောင်သင်ရဲ့ မြေးတဲ့။ မောင်သင်က သူ့အဖေဘက်က အဖိုး။ အမေဘက်ကလည်း စာရေးဆရာမကြီး ယုဝတီခင်စိန်လှိုင်တဲ့။ အဖိုးအဖွား နှစ်ဖက်လုံး  စာပေမျိုးရိုးဖြစ်တဲ့အပြင် သူကိုယ်တိုင်ကလည်း စာပေဝါသနာ ထက်သန်လို့ အမေရိကန် တက္က သိုလ်တခုက အင်္ဂလိပ်စာပေ (ရသစာပေဆိုင်ရာ) ဘွဲ့တခုကို ယူထားခဲ့သူတဦးဖြစ်ပါတယ်။ ကျနော်က သူ့ကို မတွေ့ရဖူး သေးလို့ ခုလို မိတ်ဆက်ရပါတယ်။

`ကျနော် မောင်စွမ်းရည်ပါ။ နွားထိုးကြီးမြို့ရဲ့အနီး မြင်းခြံမြို့နယ်ထဲက ရွာတရွာကပါ။ ဒေါက်တာမောင်သင်တို့နဲ့ တနယ်ထဲ သား ဖြစ်ပါတယ်။ ဆရာရဲ့ အကိုတဦးနဲ့လည်း ဦးကြီးတယောက်လို ခင်မင်ရင်းနှီးပါတယ်။ စသဖြင့် ပြောဆို မိတ်ဆက် လိုက်ပါတယ်။

သူရေးတဲ့ ဝတ္ထုတပုဒ်ကို သူ့မိတ်ဆွေတဦးဆီက ငှားဖတ်ဖူးပါတယ်။ ဝတ္ထုအမည်က`ပို့စ်မော်ဒန်သတို့သမီး ´တဲ့။ ပို့စ်မော် ဒန်ဆိုတော့ မော်ဒန်ခေတ်အလွန်လို့ ဗမာလို အဓိပ္ပါယ်ရမယ်ထင်ပါတယ်။ မော်ဒန်ဝတ္ထုရေးသူတဦးက ပို့စ်မော်ဒန် သတို့သမီး တဦးကို ဘယ်လိုဖော်ကျူးမယ်ဆိုတာကို စိတ်ဝင်စားမိလို့ သူ့ဝတ္ထုလေးကို ဖတ်ကြည့်မိတာပါ။

ဗမာစာပေလောကမှာ ကာလပေါ် ဝတ္ထုရယ်လို့ပေါ်လာတာကို ၁၉၀၄ ခုလောက်လို့ စာပေပညာရှင်ကြီးများက သတ်မှတ်ခဲ့ကြ ပါတယ်။ ကာလပေါ်ဝတ္ထုအစ -မောင်ရင်မောင် မမယ်မကလို့ အဆိုပြုခဲ့ကြပါတယ်။ မောင်ရင်မောင် မမယ်မ ဝတ္ထုကိုရေးသူက စိန်ဂျွန်းကျောင်းသားဟောင်း `ဂျိမ်းလှကျော်´ တဲ့။ သူ့နောက်မှာ ဦးလတ်၊ ပီမိုးနင်း၊ ရွှေဥဒေါင်း၊ ရန်အောင်၊ မဟာဆွေ၊ ဇဝန၊ သိန်းဖေမြင့် စသဖြင့် ကာလပေါ်ဝတ္ထုရေးဆရာတွေ အလျှိုအလျှို ပေါ်ထွန်းခဲ့ပါတယ်။ အဲဒီခေတ်ကို ဗမာနိုင်ငံ၊ ကိုလိုနီခေတ်။ ကာလပေါ် ဝတ္ထုတွေ ပေါ်ထွန်းတဲ့ခေတ်လို့ သတ်မှတ်ခဲ့ကြပါတယ်။ ဒီနောက် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်တယ်။ ဒုတိယကမ္ဘာ စစ်ကြီးက ဗမာပြည်ကိုလိုနီခေတ်နဲ့ လွတ်လပ်ရေး ခေတ်တို့ကြားမှာ ခေတ်နှစ်ခေတ်ကို ပိုင်းခြားလိုက်ခဲ့ပါတယ်။ လွတ်လပ် ရေးခေတ်ထဲမှာတော့ တင့်တယ်၊ သန်းဆွေ၊ ဂျာနယ်ကျော်မမလေး၊ ဒဂုန်ခင်ခင်လေး၊ ခင်နှင်းယု၊ ယုဝတီခင်စိန်လှိုင် စတဲ့ ဝတ္ထုရေးဆရာတွေ ပေါ်ထွန်းပါတယ်။ လွတ်လပ်ရေးခေတ်နောက်ပိုင်းမှာ ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်၊ မြသန်းတင့်၊ လင်းယုန်နီ၊ အောင်လင်း စတဲ့ စာရေးဆရာအသစ်များက ပိုပြီးသစ်ဆန်းတဲ့ဝတ္ထုတွေကို ရေးလာကြပါတယ်။

လွတ်လပ်ရေးခေတ်ရဲ့ ဝတ္ထုဇာတ်လိုက်တွေက နိုင်ငံရေးသမားတွေ၊ စစ်ဗိုလ်တွေ၊ ဆရာဝန်တွေဖြစ်လာကြပါတယ်။ ခုခေတ် မှာလို လုပ်ငန်းရှင်ကြီးတွေ၊ ခရိုနီတွေဆိုတာ မရှိကြသေးပါဘူး။ လုပ်ငန်းရှင်တွေဆိုတာက လဝန်းအိမ်တို့ နောက်ဆုံးပေါ်တွေ။ မော်ဒန်တော်လှန်တွေ။ ဖိနပ်၊ ခါးပတ်၊ နာရီ၊ လည်စည်း၊ ခေါင်းလိမ်းဆီ၊ နှုတ်ခမ်းနီ၊ လက်သည်းနီ၊ မိတ်ကပ် အားလုံး ပြင် သစ်နဲ့ အင်္ဂလန်မော်ဒန်တွေချည်း။ ဒီလို ဝတ်စားဆင်ယင်၊ စားသောက်သုံးစွဲမှုတွေဟာလည်း မော်ဒန်ပို့စ်မော်ဒန်တို့ရဲ့ လက္ခ ဏာရပ်တွေပဲပေါ့။ သူတို့ဘယ်လို ဝတ်စားဆင်ယင်၊ သွားလာ၊ ပြောဆိုဆက်ဆံကြတယ်ဆိုတဲ့ ခေတ်ရဲ့လက္ခဏာတွေကို ကျနော်တို့ သိရတာပေါ့။ ခေတ်ရဲ့ အမူအရာအလေးအပေါ့ကို သိချင်ရင်၊ ခေတ်ရဲ့ဝေါဟာရ အကွေ့အဝိုက် အနိမ့်အမြင့်တွေ ကို နားလည်ချင်ရင်၊ ခေတ်ရဲ့စကားလုံးေ ဝါဟာရတွေ၊ ခေတ်ရဲ့ဆိုက်ကိုလိုဂျီတွေ (စိတ္တဗေဒ) စကားလုံးတွေ လေ့လာ ချင်ရင် လဝန်းအိမ်တို့ရဲ့ဝတ္ထုတွေကို ဖတ်ရှုလေ့လာကြရမှာပေါ့။ လူမှုမနုဿဗေဒပညာရှင်၊ စိတ်ပညာရှင်၊ ဘာသာဗေဒ ပညာရှင်တွေဟာ ဒါတွေကိုပဲ လိုက်ရှာနေကြရပါတယ်။

ဝတ္ထုပညာမှာတော့ `အိုင်ကျင်း´ ဖွဲ့ပုံ၊ ဇာတ်လမ်းအနိမ့်အမြင့်၊ အဆင့်ဖန်တီးပုံတွေ၊ အလှည့်အကွေ့ ဖန်တီးပုံတွေ ခေတ်အ လျောက် ဘယ်လိုဆန်းပြားလာသလဲဆိုတာရော၊ ပြောကြဆိုကြပုံတွေရော စာပေဝေဖန်ရေးဆရာတွေကလည်း အသေးစိတ် ဆန်းစစ်ကြရမှာပေါ့။ အထူးသဖြင့် ခေတ်အခြေအနေပေါ်မှာ နောက်ခံပြုပြီး ဇာတ်ဆောင်တွေရဲ့ စိတ်နေစရိုက်ကို ဘယ် လိုသရုပ်ဖော်သလဲဆိုတာ မျိုးပေါ့။ ဝတ္ထုထုံးစံအတိုင်း `အားပြိုင်မှုအပေါ်အားပြုပြီး လဝန်းအိမ်ကလည်း စာဖတ်သူတို့ရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားပါတယ်။ ဇာတ်လိုက်နှစ်ယောက်က လူတော်တွေချည်းပဲ။ ပြီးတော့ ငယ်သူငယ်ချင်းတွေ။ လှေနံနှစ် ဖက်နင်းရမယ်ဆိုရင် အလွန်အသဲယားစရာပေါ့။

တကယ်တမ်း ကြည့်ကြရင် ကျနော်တို့ ဗမာပြည်ရဲ့ တနိုင်ငံလုံး အခြေအနေအရ ခေတ်နောက်ကို အများကြီးကျန်ရစ်နေခဲ့ပါပြီ။ ကမ္ဘာကြီးတခုလုံးက မော်ဒန်လွန်ခေတ်ထဲရောက်နေမှတော့ ဗမာပြည်လည်း မော်ဒန်ကို ရှေးရှုရတော့မှာပေါ့။ ဘဏ်တွေ၊ စတော့ရှယ်ယာတွေ၊ ကွန်ဒိုတွေ၊ ဆူပါမားကက်တွေ၊ ပလာဇာတွေ စသဖြင့် တည်ဆောက်လာကြရပါတယ်။ ဒါပေမဲ့ ရန် ကုန်မြို့ကြီးတမြို့ တည်လောက်သာ ကွန်ဒိုတွေ၊ ကွန်ဒုန်းတွေ ကြားသိနေရပေမဲ့ အင်းစိန်၊ မှော်ဘီလွန်တော့ ကွန်ဒိုတွေ ကျန်ရစ်ပြီ။ ဒေါက်တာမောင်သင်တို့ရဲ့ နွားထိုးကြီး မြို့လိုနေရာမှာတော့ ပေတရာလမ်းဘေးက ထန်းလက်တဲ အကြော် ဆိုင်လေးတွေထိုင်လိုက်ရင် အဝေးက ထန်းလျက်တံတွေက ထန်းလျက်နံ့လေးရတုန်းပါပဲ။ စက်ဆီနံ့ဆိုတာက ရန်ကုန် လောက်ပဲေ ဝ့ပျံ့နေတာမဟုတ်လား။ လူတန်းစား၊လူ့အလွှာတွေ အများကြီးရှိပြီး ကွာဟမှုတွေကလည်း တာဝတိံသာနဲ့ အ ဝိစိလို ဖြစ်နေဆဲပါပဲ။

ဒီနေ့ ပို့စ်မော်ဒန်ခေတ်ကြီးရှေ့တန်းမြို့ကြီးတမြို့ဖြစ်တဲ့ နယူးယောက်မြို့မှာနေတဲ့ မော်ဒန်ကဗျာဆရာမောင်စွမ်းရည်ဟာ အိမ်နဲ့ ဘုန်းကြီးကျောင်း ၁၀ ကျောင်းလောက်အတွင်းမှာ လှည့်လည်သွားလာနေတော့ ဗမာပြည်က ပို့စ်မော်ဒန်တွေကို မသိ နိုင်ပါဘူး။ သူ့ကဗျာဖွဲ့ရင် ရွာဦးထိပ်က ညောင်ပင်နဲ့ ရေချမ်းစင်လောက်က မတက်သေးပါဘူ။မောင်သာနိုးပြောတဲ့ `အာ ဘန်နစ္စ´ မဖြစ်ကသေးပဲ။` ရူရာလ´ ရှိပါသေးတယ်။ ဘုန်းကြီးကျောင်းထွက်ပေကိုး (Urbanize, Rural) လ ဝန်းအိမ်က ရန်ကုန်တီတီစီကျောင်းထွက်၊ နယူယောက် ` အီစီကလီ ´ကျောင်းထွက်။

သူတို့လို မော်ဒန်လွန်ခေတ်လူငယ်များကသာ ကွန်ဒို၊ ဖက်ရှင်အရောင်းဆိုင်၊ ကဖေးတို့ကို နောက်ခံထားတဲ့ ပို့စ်မော်ဒန်ဇာတ်ဆောင်ဇာတ်ကောင်တွေကို ဖော်ကျူးနိုင်ပါမယ်။ ခုခေတ်က လဝန်းအိမ်တို့ခေတ်။ `မောင်သင်´ တို့၊ `မယ်ခင် ´ တို့ခေတ် မဟုတ်တော့ဘူးလေ။ စာရေးဆရာ ဆိုတာ သူ့ခေတ်ကို သူဖော်ကျူးရမြဲ ဖြစ်ပါတယ်။သူ့ခေတ်ကိုပဲ ထင်ဟပ်ဖော်ကျူးပါတယ်။

မော်ဒန်ကုန်ကာလသားနှစ်ဦးက နိုင်ငံခြားပြန်မော်ဒန်လွန်တွေ ဖြစ်သလို ကာလသမီးဇာတ်လိုက်မင်းစမီးကလဲ နိုင်ငံခြားပြန် အပျံစား ဖက်ရှင်စတိုးပိုင်ရှင်ပေကလား။ဟုတ်ကဲ့ — စာရေးဆရာမကိုယ်တိုင်ကလည်း နယူးယောက်မြို့ကြီးသူဆိုတော့ သူ့အရပ်နဲ့သူ့ဇာတ်နဲ့ အံကျနေတာပါပဲ။ လဝန်းအိမ်က သူ့ခေတ် ဝန်ကို သူ့နည်းနဲ့သူ ကျေပွန်အောင် ထမ်းဆောင်နေပါတယ်။ ဒေါ်ခင်ဆွေဦးတို့က ရဲဘော်သုံးကျိပ်ခေတ်ကို လွမ်းခဲ့ပြီ။ ဒေါ်စန်းစန်းနွဲ့တို့၊ ဒေါ်နုနုရည်တို့က ခေါက်ထီးကလေးနဲ့ ထမိန် တထည်လောက်နဲ့ မျက်ရည်လည်ခဲ့ပြီ။ လဝန်းအိမ်တို့က ခေါက်ထီးလည်း မသိတော့၊ ကျောက်ထီးလည်း မရှိတော့။ ထမိန် လေးတထည်ကို တီတီစီက ထွက်လာကတည်းက မေ့လောက်ပြီပေါ့။ ဒေါ်ခင်ဆွေဦးတို့ခေတ်လို သိချင်ရင်စာကြည့်တိုက် မှာ သူ့စာတွေ သွားရှာပြီး ငှားဖတ်ရပါတယ်။ လဝန်းအိမ်တို့ခေတ်ကို သိချင်ရင်တော့  အင်တာနက်မှာ ဝင်ကာသာတက်ပြီး  ဖတ်ပေတော့။ ဒါကလည်း တခေတ်နဲ့ တခေတ်မတူမှ မတူပဲကိုး။ ရှုတ်ချစရာလည်း မရှိ။ ချီးမြှောက်စရာလည်း မရှိ။ သူ့ ခေတ်တာ ဝန်ကျေကြစတမ်းပေပ။

လဝန်းအိမ်က သူ့ခေတ်အကြောင်းကို သူပြောဖော်ရရင် တာဝန်ကျေတာပါပဲ။ သူက သူ့အဖိုးရဲ့ နွားထိုးကြီးဘက်က ထန်း လက်တဲကို ရောက်ဖူးတာမဟုတ်။ ခဏရောက်ဖူးရုံနဲ့လည်း စာဖွဲ့နိုင်မှာမဟုတ်။ သူ့ခေတ် သူ့ရှေ့ကလူတွေကို ဖွဲ့ပြခဲ့ပြီ။ သူဖွဲ့ပြတဲ့လူတွေကို သူလို မြင်ဖူးသူကလည်း သတိပြုမိရပြီ။ မမြင်ဖူးသူကလည်း ကြားဖူးရပြီပေါ့။ ခေတ်နောက်ခံ ကွန်ဒို၊ ကုန်တိုက်တွေနဲ့ အဲဒီနေရာကလူတွေရဲ့ ပြောဆိုဆက်ဆံပုံ၊ စိတ်ဓာတ်စိတ်ထားတွေကို ကျနော်တို့ သိတန်သလောက် သိရပြီ။ သူတို့ရဲ့ စကားလုံးဝေါဟာရတွေကိုလည်း ရိပ်စားမိရပြီ။ ဒီအတွက် လဝန်းအိမ်ကို ခေတ်တာဝန်ဆောင်နေသူအဖြစ် ကျေးဇူးတင်ရပါမယ်။ ဒီစာအုပ်ကို ၂၀၁၅ ဇူလိုင်က ထုတ်ဝေခဲ့ပါတယ်။ ထုတ်ဝေသူ၊ ကျီတော်စာပေတိုက်ကိုလည်း ကျေးဇူးတင်ပါကြောင်း။

မောင်စွမ်းရည်
၂၀၁၅ စက်တင်ဘာ ၇

အသုံးပြုထားသည့် ဓာတ်ပုံအား လ၀န်းအိမ်၏ လူမှုကွန်ယက်ပေါ်မှ ကူးယူပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts