ရသဆောင်းပါးစုံ

အမယ်ဘုတ် ချည်ခင်ရှုပ်

ဆလိုင်း ကီးလဲအောမ်း
ဇန်န၀ါ၇ီ ၂၀၊ ၂၀၁၄
 
ရှုပ်အောင်လုပ်တဲ့လူက လုပ်ပြီးပြီ။ လုပ်တဲ့လူပြန်ရှင်းဆိုရင် မရှင်းတတ်ရင်လဲ ပိုရှုပ်မယ်။ သို့သော် ရှင်းတာကတော့ ရှင်းရမယ်။ 

 

မြန်မာနိုင်ငံ နေ့စဉ်သတင်း။ ပြန်ပေး၊ ပြန်ရှင်းရမဲ့ လယ်သိမ်းမြေသိမ်းခြင်းကျူးလွန်ခြင်းတွေကလဲ နေရာတကာ။ သိမ်းတော့လဲ ဥပဒေမရှိဘူး။ ပြန်ပေးဘို့လဲ ဥပဒေမရှိဘူး။ သန်းခေါင်စာရင်းကလဲ ကောက်ဦးမယ်။ လူမျိုးဘဲထည့်၊ ကျန်တာမထည့်နဲ့ တချို့ကဆို။ သူ့အမျိုး၊ သူဘာသာထည့်ပေး တချို့က ပြော။ တိုင်းရင်းသား၁၃၅မျိုး ဆိုတာလဲ အတည်လိုလိုဘာလိုလို။ ဖွဲ့စည်းပုံအခြေခံဥဒေ ပြင်ဆင်ရေး။ ဘယ်ဟာက လိုတယ်၊ သိတဲ့လူတွေနဲ့ မဟုတ်ဘူး၊ တခုလုံးဘဲ တတ်တဲ့လူချည်းပါဘဲ။ ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် တပ်မတော်ပါဝင်လာရေး ဆိုတဲ့လူလဲ ရှိသေးတယ်။ အောင်မင်းရဲ့ ငြိမ်းချမ်းရေး၊ အလိမ်ခံချင်နေတဲ့ လူတွေ သွားပြီးလိမ်တယ်၊ အောင်မြင်သမှ သိပ်အောင်မြင်။ “ယူမယ်မယူမယ်ဖြင့် မသေချာသေးဘူး၊ တက်ချင်တာက အရင်၊ အရင်”နဲ့ တွေ့ကြပြီ၊ မှတ်ကရော။ ရေမှုတ်တဘက်၊ မီးစတဘက်၊ ရာဇပရိယာယ်ပေါ့၊ လက်နက်ချတဲ့လူကို တိုက်နဲ့ကား၊ မချတဲ့လူကို တုတ်နဲ့ဓါး။ အပြောက တတိုင်းတပြည်လုံးအပစ်အခတ်ရပ်စဲရေး။ တိုက်နေတုံး၊ ပြေးနေဆဲ။ တိုင်းပြည်မှာ မနေချင်တဲ့လူတွေ၊ တရားမ၀င်ခိုးဝင်မှု နှိမ်နင်းမယ်၊ ဟိုကကြေငြာပြန်ပြီ။ အခုမှ ဖက်ဒရယ်လေ့လာရေးသွားတဲ့လူကလဲ ရှိသေး။

 

၂၀၁၅ ရွေးကောက်ပွဲက လာအုံးမယ်။ ဒေါ်အောင်ဆန်းစုကြည် သမတဖြစ်မှာကို စိုးရိမ်တဲ့လူနဲ့ မဖြစ်မှာကို စိုးရိမ်တဲ့လူတွေ၊ ဒီတချက်နဲ့တင် ရတက်မအေးတဲ့လူတွေလဲ ဒုနဲ့ဒေး။ ဖွဲ့စည်းပုံ ပြင်ပြင်၊ မပြင်ပြင်။ ကော်မရှင်သာ တည်ကြည်ပါစေ။ မဖြစ်မှာတော့ မပူနဲ့။ ဖွဲ့စည်းပုံ Constitution ဟာ ဥပဒေအချုပ်၊ လူပြိန်းသိတယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေး Constitution Amendment သည် အဲဒီပုဒ်မ ပြဌာန်းချက်ဘဲ။ နဂိုပြဌာန်းချက် လွယ်ချင်လွယ်၊ ခက်ချင်ခက်။ ဒီအချက်ကို စပြီးပြင်။ ဒါဆိုရင်ဆက်သွားနိုင်တယ်။ ဘယ်လိုပြင်ရမလဲ။ ဒီပုဒ်မကို လွှတ်တော်ကိုပေးလိုက်ရင် ပြတ်ရော။ ဘာလို့ ပေးရမလဲ။ ပြည်သူ့ကိုယ်စားလှယ်တွေ မဟုတ်ကြဘူးလား။ ဒီလုပ်ပိုင်ခွင့်လောက်မှ အပ်နှင်းမခံရဘူးဆိုရင်တော့ ဘာလွှတ်တော်လဲ။ ဒါကဖြေးဖြေးငြင်သာ ပြောင်းလဲချင်တဲ့ဘက်က ပြောတာ။ အဓိကသည် ပြောင်းလဲချင်တဲ့ဆန္ဒ အားလုံးမှာ ရှိရင် ဖြစ်တယ်။ ဘယ်အပိုင်းကဖြစ်ဖြစ် အမှန်ကိုမြင်တဲ့ခေါင်းဆောင်တွေတက်လာရင် တဆင့်ပြီးတဆင့် ပြောင်းလဲလာမှာဘဲ။

 

ဒေါ်စု။ ၉၀ ရွေးကောက်ပွဲ အဖြေထွက်လာတော့ သတင်းထောက်က ရုတ်တရက် မေးတယ်။ “ဖွဲ့စည်းပုံအခြေခံဥပဒေမရှိဘူး။ ခုချက်ခြင်း အာဏာလွှဲအပ်ရင် ဘယ်ဥပဒေသုံးမလဲ” “၄၇ ဥပဒေ ပြုပြင်ပြီး သုံးမယ်” “ဒါပြီးရင် ဘာဆက်လုပ်မလဲ”  “ဒုတိယ ပင်လုံသွားမယ်” ဒါဟာ တကယ့်လုပ်သင့် လုပ်ထိုက်တဲ့ အမှန်တရားဖြစ်တယ်။ အမှန်ကိုမြင်တဲ့အတွက် ခေါင်းဆောင်အဖြစ် ဒေါ်စုကို ယုံကြည်ရတဲ့ အချက်ဟာ အဲဒါဘဲ။  ဖွဲ့စည်းပုံ Constitution က မရှိလို့ မဖြစ်တော့ မရှိတာထက်ကတော့ Better than Non ရှိတဲ့ဟာသုံးရမယ်။ အသားလွတ်မဟုတ်ဘူး၊ ဆီလျော်အောင် ပြုပြင်သုံးရမယ်။ ပြုပြင်သွားဘို့သည် လွှတ်တော်တာဝန်။ ဘာလို့လဲဆိုတော့ ဒုတိယပင်လုံသွားနိုင်အောင် လုပ်ဆောင်ရမဲ့အလုပ်တွေကို လုပ်နိုင်ဘို့ ဖြစ်တယ်။ အဲဒါက ဘာတွေလဲ။

 

နံပါတ်တစ်က တိုင်းရင်းသားဆိုတဲ့ အခေါ်အဝေါ်ကို ရှင်းရမယ်။ ပြဌာန်းတဲ့ ဥပဒေရှိရမယ်။ ၁၃၅ မျိုးဆိုတာကို ပြန်စီစစ်ရမယ်။ လူမျိုး ရှစ်မျိုးဆိုတာကတော့ ၁၉၆၁ ဇွန်လ ကျင်းပတဲ့ တောင်ကြီးညီလာခံ ဆုံးဖြတ်ချက်များ Processအမှန်ရှိတော့ အားလုံးက အတည်ပြု လက်ခံတယ်လို့ ယူဆလို့ရတယ်။ ကဲ ၁၃၅ မျိုးဆိုတာ ဘယ် Process ကလဲ။ ကျနော်က ချင်းဖြစ်လို့ ချင်းကို ဥပမာထားပြီးပြောမယ်။ တိုင်းရင်းသား ၁၃၅ မှာ ချင်း ၅၄မျိုးလို့ ပြောတယ်။ အမျိုးအမည်၊ နယ်ပါယ်အမည်၊ ရွာအမည်တွေ ရော ထွေးနေတယ်။ အမျိုးဆိုတာမှာလဲ ဥပမာ Tribe ကနေ Clan တွေ ပွါးလာတယ်။ အဲဒီ ၅၄ မျိုးမှာ Tribe နဲ့ Clan လဲ ရောထွေးနေတယ်။ မပါတဲ့ဟာက ရှိသေး။ မြန်မာနိုင်ငံ အတိုင်းအတာအတွင်းမှာ ချင်း (၆)မျိုးဘဲ ရှိတယ်။ ၅၄မျိုးဆိုတာ ဘယ်ချင်းတွေရဲ့ တင်ပြချက်လဲ။ ဘယ်တုံးကလဲ။ သောက်ရမ်းသတ်မှတ်လို့ မရဘူး။ အမျိုးအနွယ်များ ဆင်းသက်လာပုံ သမိုင်းရှိတယ်။ ချင်းဘယ်နဲ့မျိုးရှိတယ်။ ချင်းကိုမေး။

 

ကျနော်တို့ ပြည်ထောင်စုကိုသွားမယ်ဆိုရင် ပြည်ထောင်စုမှာ ဘာ၊ ပြည်နယ်မှာ ဘာထားမယ်၊ သိကြတယ်။ အေး – အဲဒီပြည်နယ်မှာ လူမျိုး National က ရှင်းတယ်၊ ထား။ အဲဒီ လူမျိုး(National)မှာ ဘယ်တိုင်းရင်းသား (Ethnic)များပါဝင်သလဲ။ ချင်းလူမျိုး (Chin National)မှာ ဘယ်ချင်းတိုင်းရင်းသားတွေ (Chin Ethnics) ပါဝင်သလဲ။ သတ်မှတ်ပြဌာန်းဘို့လိုတယ်။ ဘာလို့လဲ။ ပြည်နယ်က ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ ပိုင်ဆိုင်ရမယ်။ အဲဒီပြည်နယ်မှာ ဥပဒေအတူပြုပြီးတော့ အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင်ရေးအာဏာကို ပိုင်ဆိုင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွေ ပြန်ခွဲရမယ်။ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသကိုပိုင်ဆိုင်မဲ့ တိုင်းရင်းသားအုပ်စုများ သတ်မှတ်ရမယ်လေ။ အမျိုးမှန်တယ်၊ စတင်အခြေချစဉ်က ခွဲပြီးတော့ နေရာယူလာကြတယ်။ တူညီတဲ့ အချိန်ကာလကို ဖြတ်သန်းလာကြတယ်။ ဒါကြောင့် ပိုင်ဆိုင်တဲ့ နယ်မြေအကျယ်အ၀န်း၊ တိုးပွါးလာတဲ့လူဦးရေ၊ ဘာသာစကား၊ ယဉ်ကျေးမှုအုပ်စု အဘက်ဘက်က မတိမ်းမယိမ်း တန်းတူရှိကြတယ်။ ကျနော်ပြောတဲ့ အဲသလို တန်းတူတဲ့ ချင်း (၆)မျိုးဟာ –  နာဂ၊ ဇိုမီး၊ လိုင်မီး၊ ခူမီး၊ ချိုး၊ အရှို တို့ ဖြစ်တယ်။ ပြည်ထောင်စုမှာဖြစ်ဖြစ်၊ ပြည်နယ်မှာဖြစ်ဖြစ် ဥပဒေအတူပြုခြင်းဟာ တခုနဲ့တခု ဆက်သွယ်၊ ဆက်ဆံ၊ ပေါင်းသင်းရဘို့အတွက် ဖြစ်တယ်။ ခုကာလ ပြည်နယ်တခုမှာ လူမျိုးတခုထဲ ဖြစ်ချင်မှ ဖြစ်မယ်။ ပြည်နယ်တခုအတွင်း ဒီကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ပိုင်ဆိုင်ရတဲ့ အဆင့်အတန်းမရှိတဲ့ တိုင်းရင်းသားတခုခုလဲ ရှိကောင်း ရှိနိုင်တယ်။ ဒါပေမဲ့ ဒေသကို ဒေသန္တရမြို့နယ်များ ပြန်စိတ်ပိုင်းတဲ့အခါ မြို့နယ်ကိုတော့ ပိုင်ဆိုင်ခွင့်ရမှာဘဲ။ ဒေသန္တရ အုပ်ချုပ်ရေးဟာလဲ သဏ္ဍန်တူ ကိုယ်ပိုင်အုပ်ချုပ်ရေးပါဘဲ။ သူ့မြို့နယ်အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟာ သူ့နယ်ခံသား ပိုင်ဆိုင်ရမှာဘဲ။ တိုင်းရင်းသားတခုခုဟာ မြိုနယ်တခုအဖြစ် လောက်မှ မစုစည်းဘူး၊ ပြန့်ကျဲနေတယ်ဆိုရင်တောင်မှ  သူ့အသင်းအဖွဲ့ Association နဲ့ ရပ်တည်ပြီး ထိုက်သင့်တဲ့စုရပ် နေရာတခုခုမှာတော့ လာပြီးပါဝင်နိုင်မှာပါဘဲ။ ဒါကြောင့် “တိုင်းရင်းသား Ethnic” ပြန်လည်စီစစ်သတ်မှတ်ရေးသည် အဓိကလိုအပ်ချက်ဖြစ်ပြီး ပြည်နယ်ကို ဒေသများစိတ်ပိုင်းဘို့က ဒုတိယလိုအပ်ချက် ဖြစ်တယ်။ ဘယ်ဖွဲ့စည်းပုံ၊ ဘယ်လွှတ်တော် နဲ့မဆို ဘယ်အချိန်ကာလမှာဖြစ်စေ လုပ်ဆောင်သင့်၊ လုပ်ဆောင်နိုင်တဲ့အရာ ဖြစ်တယ်။

 

ဒါပြီးတော့ ဘယ်ကိုသွားရမလဲ။ ဒုတိယ ပင်လုံကို သွားရမယ်။ ဘာလို့သွားရမလဲ။ မသွားရင် ပြည်ထောင်စု မဖြစ်ဘူး။ မသွားရင်ကော။ မသွားရင် ပြည်ထောင်စုနဲ့ တူကောင်းတူလာမယ်။ ဒါပေမဲ့မဖြစ်ဘူး။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့ဟာ ပင်လုံစာချုပ်ကိုချုပ်ဆိုတဲ့ သမိုင်းမှတ်တိုင်ကြောင့် အဲဒီအကြိမ်ကို ပထမပင်လုံလို့ လူသိများပါတယ်။ ဒါပေမဲ့ အဲဒီအကြိမ်မတိုင်ခင်မှာ ခေါင်းဆောင်များ ပင်လုံမှာ တကြိမ်ဆုံခဲ့ကြဘူးတယ်။ ဒုတိယဖြစ်ဖြစ် တတိယဖြစ်ဖြစ် ပြည်ထောင်စု ဖြစ်ဘို့ရာအတွက် ပင်လုံမှာ ပြန်ဆုံဘို့လိုတယ်။ ၁၉၄၇ ဖေဖော်ဝါရီလ (၁၂)ရက် ချုပ်ဆိုတဲ့ စာချုပ်ဟာ ပင်လုံစာချုပ်ဘဲ ဖြစ်တယ်။ တောင်တန်းနဲ့ပြည်မ လွတ်လပ်ရေးအတူယူဘို့ သဘောတူတဲ့ စာချုပ်ဖြစ်တယ်။ ချင်း၊ ကချင်၊ ရှမ်း နဲ့ မြန်မာပြည်ကြားဖြတ်အစိုးရတို့ရဲ့ အစည်းအဝေးဖြစ်ပြီး လွတ်လပ်ရေးအတူယူဘို့ သဘောတူကြောင်းနဲ့ ကြားဖြတ်အစိုးရမှာ ပါဝင်ကြမဲ့အကြောင်း ချင်း၊ ကချင်၊ ရှမ်း နဲ့ ကြားဖြတ်အစိုးရတို့ လက်မှတ်ရေးထိုးတဲ့ စာချုပ်သာလျှင်ဖြစ်တယ်။ ပြည်ထောင်စု စာချုပ်မဟုတ်ဘူး။ ဒါကြောင့်လဲ အခုထက်ထိ ပြည်ထောင်စုဟာ အီးယောင်ဝါးခံရတာ ဖြစ်တယ်။ အခုပြန်ဆုံမဲ့ပင်လုံဟာ ပြည်ထောင်စုစာချုပ် ချုပ်ဆိုဘို့ ဖြစ်တယ်။ ဒီညီလာခံဟာ ဒီလူမျိုးရှစ်မျိုးရဲ့ ညီလာခံ ဖြစ်တယ်။ အဲဒီလူမျိုးရှစ်မျိုးမှာ ပါဝင်တဲ့ တိုင်းရင်းသားအုပ်စုတွေရဲ့ ကိုယ်စားလှယ်တွေ စုံညီပါဝင်ရမှာ ဖြစ်တယ်။ ဘယ်နိုင်ငံရေးပါတီ၊ လူတန်းစားအဖွဲ့အစည်းနဲ့မှ မဆိုင်ဘူး။ ပြည်ထောင်စုစာချုပ်ထွက်လာပြီဆိုမှ ဒါကိုအခြေခံမူအဖြစ် အခြေခံပြီး ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရမှာ ဖြစ်တယ်။ ဥပဒေရေးဆွဲတဲ့အခါကျတော့မှ သက်ဆိုင်ရာ ပညာရှင်၊ နိုင်ငံရေးပါတီ၊ လူတန်းစားအလွှာပေါင်းစုံ၊ ပြည်သူလူထု မည်သူမဆိုများ ပါဝင်ရမှာ ဖြစ်တယ်။

 

ကဲ – မြန်မာ့အမယ်ဘုတ်ရဲ့ နိုင်ငံရေးချည်ခင်ရှုပ်ကို ရှင်းဘို့နည်းလမ်းကတော့ ဒါပါဘဲ။ သက်ဆိုင်သူအပေါင်း ကြားကြ၊ နာကြစေသတည်း။

———————————————————————————————————————
ရေးသားသူ ဆလိုင်းကီးလဲအောမ်းသည် ၁၉၉၇ ခုနှစ် နိုဝင်ဘာလတွင် ပြည်ပသို့ထွက်ပြေးလာရသူ ဖြစ်ပြီး မြန်မာ့ ဒီမိုကရေစီအရေးတွင် တက်ကြွစွာ ပါဝင်လာခဲ့သူ ဖြစ်ပါသည်။ သူကိုယ်တိုင် မူဝါဒချမှတ်၍ ၂၀၀၈ ခုနှစ်တွင် ဖွဲ့စည်းသော ချင်းတိုင်းရင်းသားလူမျိုးများကောင်စီ၊ စည်းရုံးရေးကော်မိတီမှ အခြေခံကောင်စီများဖြစ်သော ချိုးတိုင်းရင်းသားကောင်စီ၊ ခူမီးတိုင်းရင်းသားကောင်စီ၊ ဇိုမီးတိုင်းရင်းသားကောင်စီ၊ လိုင်မီးတိုင်းရင်းသားကောင်စီတို့ ပေါ်ပေါက်ရေးကြိုးပမ်းစဉ် Refugee Resettlement Program အရ ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် Illinois State, U.S.A သို့ရောက်ရှိနေထိုင်ရသူ ဖြစ်ပါသည်။ ယခုအခါ သူကိုယ်တိုင် ၂၀၀၈ ခုနှစ်တွင် လမ်းညွှန်ထူထောင်ခဲ့သည့် နိုင်ငံရေးနှင့် ဘာသာရေးမပါသော လူမှုရေးအဖွဲ့ဖြစ်သည့် KCho Ethnic Association (CEA) တွင် နာယကတာဝန် ထမ်းဆောင်နေပါသည်။
———————————————————————————————————————

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts