ကဗျာ

အစိမ်းစားသတ္တဝါများနဲ့ ကဗျာဆရာတချို့

keith Vaughan

အစိမ်းစားသတ္တဝါများနဲ့ ကဗျာဆရာတချို့

မောင်စိုးချိန်

ဇန်န၀ါရီ ၂၀၊ ၂၀၁၄

 

 

ပဲပြောင်းဆန်စပါး
တန်ပေါင်းများစွာစားတယ်
ထွက်ကုန်မှန်သမျှ
ကျွှန်းပျဉ်းကတိုး အင် ကညင်
သစ်လုံးတွေကို မြိုချတယ်
တန်ပေါင်းများစွာ
ကြော်-ချက်-နှပ်စရာမလို
ဟင်းခတ်အမွှေးအကြိုင်မလို
မင်းသားးခေါင်းဆောင်းထား သူတွေအတွက်ပေါ့။

 

သူတို့ရဲ့ ဓနဥစ္စာ ကိုယ်ခန္တာ ကြီးလာတယ်
အိမ်ခန်းထဲက ရတနာသေတ္တာ
မီးခံသေတ္တာ
သိတ်သည်းကြီးထွားလာတယ်။
အဆောက်အဦး အဆောင်အရောင်
ပြောင်ပြောင်လက်လက် ထိုးထွက်လာတယ်။

 

သံသတ္တု ကျောက်မီးသွေး
ပတ္တမြား ကျောက်စိမ်းနီလာ
ရတနာကျောက်မျက်
ထွက်သမျှရေနံဓါတ်ငွေ့
တိုးဝှေ့ ဝါးစားကြ မြိုဆို့ကြ။

 

အကောင်းစား ဟော်တယ် စားသောက်ဆိုင်
ကြော် ချက် ပေါင်း နှပ် နတ်သုဒ္ဓါထက်
လျှာမြက်တဲ့အစားအစာတွေပေါ့။
ဆယ်သက်စာလှောင်ထား
ပြည်တွင်းပြည်ပ ဘဏ်ဝမ်းခေါင်းကြီးထဲမှာ။

 

ဆောက်လုပ်ရေးသံချောင်းသံပြား
အရွယ်အစားအမျိုးမျိုး တဂျွှတ်ဂျွှတ်ဝါးစားခဲ့
သဲနဲ့ဘိလပ်မြေ ဖျော်စားတာက တမျိုး
တိုက်တာ အဆောက်အဦ ကင်ပြီးသားအလုံးလိုက်
ပြုတ်ကြော်လုပ်ထား တလမ်းပြီးတလမ်း
တကြိုက်ကြိုက် မြိုချ မြိုဆို့
အာဏာအခွင့်အရေးရထား မိသားစုတွေမှာ
ဒေါ်လာအသိန်းအသန်း
ဘဏ်ဝမ်းဗိုက် အစာအိမ်ထဲအတောင့်လိုက်။

 

သဘာဝ သယံဇာတ အစိမ်းလိုက်
အသက်ရှင်သွေးလည်ပတ် လူစင်စင်အစိမ်းလိုက်
ဝါးစားတယ် အစိမ်းလိုက်
ဒီအရာတွေက သူတို့ရဲ့ သကြားလုံး
သူတို့ရဲ့ ဖူဂျီ ပန်းသီး
ဟော်လန်လုပ် ထောပတ်ဒိန်ခဲ
မိစ္ဆာတို့ တခုပြီးတခု မြိုတယ်ဆို့တယ်
မယားပါ တောကြောင်  ခရိုနီ နဲ့ စစ်တပ်တွေ
လယ်ယာတွေမြိုဆို့
သီးစားခ သီးထောက်ခ
လယ်သမားသွေးကို မြိုဆို့
ပက်ပက်စက်စက် သောက်နေကြတယ်။

 

လုယက်ခိုးတိုက်ဓါးပြတွေပေါ်စုပြုံထား
ကဗျာဆရာတချို့ဒေါသကိုစားတယ်
ရင်နာမဆုံး အမုန်းကိုမြိုတယ်
ကဗျာဆရာ ဘဝအတူ လူထုအနာ ဒဏ်ရာ
အသည်းမှာသံမှိုစွဲခဲ့ပေါ့။
စစ်အာဏာ ဘီးလူးသွားတွေနဲ့
ကြိတ်ဝါးခံရတဲ့ ဒဏ်ရာ ကဗျာဖွဲ့တယ်။
ခုခံရေးဓါးသွား ကဗျာ စကားလုံး
မီးလောင်ဗုံးနဲ့ ပစ်ခတ်တယ်။
ကဗျာဆရာတွေပဲလေ။
မောင်စိုးချိန်
ဧပြီ ၂၉ ၊ ၂၀၁၃

နိုဝင်ဘာ ၂၃ ၊ ၂၀၁၃ ဆန်ဖရန်စစ္စကို ဘေးဧရိယာ ဖရီးမောက် စာပေဟောပြောပွဲ၌ရွတ်ဆိုခဲ့သောကဗျာဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts