ဟိုတလောက အင်းဝဆောင်ပုံကြီးပို့လာတာ ကျေးဇူးတင်ရမလိုလို လွမ်းရလွန်းလို့ ငိုရတော့ မလိုလို….. ခေတ်စံနစ်တွေ ဘယ်လိုပြောင်း ပြောင်း လူတွေလဲ ပုတ်သင်ညိုလို အရောင်ဘယ်လိုပြောင်းပြောင်း.. အင်းဝဆောင်ကြီးကတော့ ..အထီးထီး မပြောင်းမလဲ….၊ မယိုင်မလဲ မားမားမတ်မတ်…..၊ အဟောင်းအတိုင်း အကောင်းကြီးရှိနေတဲ့ အဆောင်ကြီးနဲ့အတူ.. အင်တာနက်လိုင်းပေါ်က ရန်ကုန်တက္ကသိုလ်ကြီး ကိုတော့ မေ့မရ ..ဖျောက်မရ……၊၊
တတိယနှစ်တုံးက နင်တို့သီရီဆောင် ညစာစားပွဲမှာ… အဆိုတော် မင်းသမီးချိုပြုံးကို ဆိုစေချင်တဲ့သီချင်းတပုဒ် တောင်းဆိုခဲ့တာကို သဘောကောင်းတဲ့ မင်းသမီးက ချက်ချင်းဘဲ ..” သူငယ်ချင်းမောင်ဘဦး ..” သီချင်းဆိုလိုက်တော့ .. နောက်ဆုံးနှစ်က ကျောင်းသူ ကျောင်း သားတွေ မှိုင်တွေသွားတာကို အကျေနပ်ကြီးကျေနပ်ခဲ့တဲ့ငါ… နင်ပို့လိုက်တဲ့ အဆောင်ဓါတ်ပုံကြီးမြင်ရတော့…ရင်ထဲ နှစ်ကနဲ ..ကျင့်ကနဲ …စူးစူးရှရှ ကြီးကွာသူငယ်ချင်း.. ကံ့ကော်တော မျိုးအောင်က “အလိုက်သင့် မောင်ဘဦး“ တဲ့ ….ငါကကော……….အလိုက်သင့်လား….ဝေလေလေလား….ယောင်ချာချာလား ..မသိ မသိတော့ ..၊ မပြော မပြောတတ်တော့…..၊၊
ငါတို့တတွေရဲ့  ဟိုတုန်းကအကြောင်းတွေ ရေးပါလား ….ဆိုလို့ကွာ……… အရင်ဆုံး အစဖော်တဲ့နင့်အကြောင်းကိုဘဲ ပထမဦးဆုံးသတိရမိတယ်သူငယ်ချင်းရေ…. လွိုင်ကော်ကနေ မလည်မဝယ်ရောက်လာတဲ့ ကျောင်းသူသစ်ကလေး နင့်ကို သီရီဆောင်ပို့အပြီး.. အဆောင် အခန်းထဲ ပစ္စည်းတွေ ပစ်ထည့် …ကမန်းကတန်းပြေးထွက်လာပြီး… ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ပထမဦးဆုံး နင်ဖွင့်ဟပြောလိုက်တဲ့ စကားလေးက ..ဒီစကားလေ……၊ လာ…..ငါတို့ ဦးချစ်ဆိုင်သွားကြမယ်လေ……တဲ့။ ငါနဲ့ သူငယ်ချင်းတယေက် ဝါးကနဲ ပြိုင်တူ အော်ရီ လိုက်တော့ အိပ်ငိုက်နေတဲ့ဂျပ်ဆင်ကြီး လန့်နိုးလာသလို… တက္ကသိုလ်မြေချချချင်း …နင့်ပါးစပ်က ထွက်တဲ့စကား….မိဘများသိခဲ့ရင်တော့ ……“တော်လိုက်တဲ့သမီးရယ်“…..လို့ ရင်ဘတ်စည်တီးနေမလားမသိ………၊၊
တကယ်တော့လဲ..ရာမညရယ်..တခေါ်ဘဲဝေးတဲ့ ဦးချစ်ရယ်……၊ နင်တို့ရဲ့ သီရီဆောင်ရယ်နဲ့ နံဘေးက ဂျပ်ဆင်တွေကို ဥပဒေကဘဲ အပိုင်စီးထားသလိုလို ..နော်…….၊ ရာမညမှာစာသင် ၊ဦးချစ်ဆိုင်မှာ ဝိုင်းဖွဲ့ ထိုင်….၊ ဂျင်ဆင်ရှေ့ မှာ..တွေ့ ကြ ဆုံခဲ့ကြ ၊သစ္စာတိုင်တည်ကြ ၊ ဓါတ်ပုံရိုက်ခဲ့ကြ ၊ ခွဲခွာ အလွမ်းမျက်ရည်ကျခဲ့ရ၊ နှုတ်ဆက်သီချင်း သီဆိုခဲ့ကြနဲ့ နယ်မြေလေးက ကျဉ်းကျဉ်းလေး….. ဇာတ်လမ်းတွေက အထောင်အသောင်းမကပါဘဲလေ… အဲဒီ ဇာတ်လမ်းထဲ နင်အပါအဝင်ပါဘဲ ……လို့ ငါမပြောဘူးနော်သူငယ်ချင်း….၊၊
ဒီအချိန် ဒီအရွှယ်ရောက်လာတော့လဲ ကဗျာမဆန် ပန်းမဆန်ချင်တော့…………….
တွေ့ ဆုံ ခွဲခွာ လွမ်းခဲ့ရတဲ့အဖြစ်တွေ ဂျပ်ဆင်ကိုဘဲ ပြန်အပ်လိုက်ပါတော့လား……..
တရင်းတနှီးမိတ်ဖွဲ့  သိကျွမ်းပြောဆိုခဲ့ ပျှော်ခဲ့ရတာတွေကို ဦးချစ်ဆိုင်မှာဘဲ ထားလိုက်ပါတော့လား……
ချိုမြိန်တဲ့ဂီတ သံစဉ်လေးနဲ့ အီမ်မက်လှလှလေးတွေကိုလဲ အဆောင်မှာ ချန်ထားခဲ့လိုက်ပါတော့လား……..၊၊
ဒီလိုနဲ့ဘဲ သူငယ်ချင်းေ၇….အချိန်အကုန်ခံ ပိုးအကုန်ခံပြီး သင်ယူခဲ့တဲ့ စောင်းပညာလေးနဲ့ ဇာတ်စင်ပေါ်အတက် တရားရုံးဇာတ်စင်ပေါ် ဘီလူးဆိုင်း တီးကွက်နဲ့တိုးလေတော့…မရှုမလှ အလဲအကွဲပေါ့ …. အမှန်တရားအတွက် ဆင်ဖမ်းမယ် ကျားဖမ်းမယ် ဆိုပြီး တရားရုံးမှော်ရုံ တောအဝင် …. လဒကလွဲပြီး ဘာဆိုဘာမှ မရှိတော့..ငါ့မှာလေ…ရှေ့ တိုးရအခက် နောက်ဆုတ်ရအခက် …….၊ ငါ့အတွေးတွေ ခြင်္သေ့ လည်ပြန် လှည့်တွေးမိတာက အရင်ရွှေထီးဆောင်းခဲ့တဲ့အဖြစ်မဟုတ်…. အမှိုက်ကစ ပြသာဒ်မီးလောင် ဆိုစကားလို အသေးအဖွဲ့ အဆို စကားတခုကို အခြေတည်… လုံးဝ ပျက်သုန်းသွားခဲ့ရတဲ့ တရားစီရင်ရေးစံနစ်တခုကိုပါဘဲ….၊၊
သစ်တပင် ဝါးတပင်အောက် တရားစီရင်ရေးစံနစ်ရယ်လို့ …ပြည်သူ့တရားစီရင်ရေးစံနစ်ကို ပမာတင်စား စတင်ခေါ်ဝေါ်သုံးစွဲခဲ့တဲ့ …ငါတို့ ရဲ့  ဥပဒေဂုရုကြီး ဒေါက်တာမောင်မောင်ကိုတော့ နင်သိပါတယ်လေ.. တတိယနှစ်မှာ သူ့ပါရဂူဘွဲ့ စာတမ်းဖြစ်တဲ့ မြန်မာ့ဓလေ့ ထုံးတမ်း ဥပဒေအကြောင်း ဖွဲ့ ဖွဲ့ နွဲ့  နွဲ့  နဲ့ ရေးသားထားတာ သင်ခဲ့ ကျက်ခဲ့တာ နင်မမေ့လောက်ပါဘူးနော်….. ပါလီမာန်ခေတ်အချိန်တုံးက ………. .အင်္ဂလိပ်ဥပဒေအကြောင်းကို ရေပက်မဝင်အောင် ဘက်စုံ ထောင့်စေ့ ချီးမွှမ်း..ညွန်းဆိုယုံသာမက..သက်မဲ့ မရွှေ့ မပြောင်းနိုင်တဲ့တရားရုံးအဆောက်အအုံကြီးကိုမချန်.. ချီးမွှမ်းထောပနာပြုခဲ့တဲ့ ငါတို့ရဲ့ဂုရုကြီး….ဥပဒေမှော်ဆရာကြီး…… မကြာပါဘူး သူငယ်ချင်းရယ်.. ခေတ် ပြောင်း စံနစ်ပြောင်းချိန်မှာတော့ သူရဲ့ကျော်ကြားတဲ့ စာအုပ်တအုပ်ထဲ… အရာရာအားလုံးကို တချက်ချင်း ပြောင်းပြန်ရေးပစ်လိုက်တာ…အစာပိတ် တရားရုံးအဆောက်အဦးကိုလဲ.. အဖွင့်အပိတ် ဟာမိုနီဖြစ်အောင်..ရေးလိုက်တာ ဖတ်ကြည့်လိုက်ပါအုံးလား…..၊၊
“အင်္ဂလိပ်ခေတ် ကြီးမားထည်ဝါ ခန့်ငြားသော တရားရုံးကြီးကား ပြည်သူ့အတွက် စိတ်အဟန့်အတား အနှောက်အယှက်ဖြစ်စေယုံသာမက..မလိုလားအပ်သော တဖိတ်ဖိတ်တောက် တရားရုံးပရိဘောဂ၊ အဆောင်အယောင်တွေက သက်သေထူမည့် သက်သေခံ သာမန်ပြည်သူတွေ ဆွံအစေ၊ လေးလံဖိစီးစေခဲ့လို့ ဥပဒေအတိုင်း အမှန်တရားက မထွက်၊ ကြီးမားသောတရားရုံးအောက် နစ်မြှပ်ပျောက်ကွယ်ခဲ့ရ၏…” တဲ့ကွာ…၊၊
စကားလုံးက သစ်လွင် ၊ အရေးအသားက ပြေပြစ်၊ ဖွဲ့ ဆိုလိုက်တာ စင်းလုံးချော…. ဘာဆို ဘာမှ ပြောစမှတ်မရှိ .အကွက်စေ့ ထောင့်စေ့တဲ့ တင်ပြချက်လေးက ထိထိမိမိ ….၊ ဟော် ..အခု ပြည်သူအတွက် သစ်လွင်ပြီး မျှမျှတတ အကာအကွယ်ပေးထားသော ဥပဒေအသစ်အောက်.. ပြည်သူကိုယ်တိုင် ကျေကျေနပ်နပ် ရွှေးချယ် တင်မြှောက်လိုက်သော တရားသူကြီးတွေက…… အဆောင်အယောင်မဲ့ လွတ်လပ်ကျယ်ပြန့် သော ပြည်သူအများဝင်ရောက်နားဆင် ဗဟုသုတရှာနိုင်သော… သစ်တပင်ဝါးတပင်အောက် တရားစီရင်ရေးစံနစ်ကား….. “လွတ်လပ်၏ ၊မျှတ၏။ စိတ်ချမ်းသာ ကိုယ်ချမ်းသာနှင့် ဥပဒေရေးရာ အစုံစုံ လက်ပွန်းတတီးဆွေးနွေးမေးမြန်းနိုင်၏၊ `ပြည်သူ့တရားသူကြီး ၊တရားခံ တရားလိုတို့ လက်ရေတပြင်တည်း ထိုင်ညှိနှိုင်း၍ ကြီးသောအမှုငယ်… ငယ်သောအမှု ပပျောက်အောင် လူအများရှေ့  လူထုကျေနပ်အောင် ပွင့်ပွင့်လင်းလင်း တရားစီရင်နိုင်၏ …တဲ့ကွာ..၊၊
ဒီလိုနဲ့ ကြီးမားထည်ဝါ တောက်ပတဲ့တရားရုံးအတွင်း ဥပဒေစာအုပ်ကြီးငယ် အများကြီးကို ကိုင်ဆောင် ကိုးကားလျှောက်လဲချက်ပေးခဲ့သော ရှေ့ နေကြီးတွေလဲ သစ်တပင် ဝါးတပင်အောက်မှာ ဥပဒေစာအုပ်ကိုလဲ မကိုင်နိုင်၊ စီရင်ထုံးအချက်အလက်ကိုလဲ မကိုးကားနိုင်၊ ပြည်သူ့ တရားသူကြီး၊ တရားလို၊ တရားခံ တထိုင်ထည်း ညှိနှိုင်းတရားစီရင်ရေးအောက်…. “သံသယအကျိုး တရားလိုခံစားစေ“ စကားတခွန်းကြား လိုက်ရတော့ ခေါင်းတခါခါ စုပ်တသပ်သပ်….၊ စွပ်စွဲခံရသူတရားခံတို့ရဲ့  နောက်ဆုံးတံတိုင်း အကာအရံကြီးဖြစ်တဲ့ သံသယအကျိုးကို
တရားစွဲဆိုတဲ့ တရားလိုက ခံစားစေဆိုတော့….ကံဆိုးသူမောင်ရှင်….သွားပေတော့ ငရဲ……ပေါ့…….၊၊
အဲဒီလို သစ်တပင် ဝါးတပင်အောက် တရားစီရင်ရေးစံနစ်ကြီး အမြီးအမှောက်မတည့် ဝရုန်းသုန်းကား၊ ထင်ရာစိုင်းနေရာကနေ အချိန်ကာ လ တခုအရောက်..စစ်ဦးဘီလူးတွေဝင်လာတော့ . အရာရာပုံကျသွားပြီလေ…..ဥပဒေအချက်အလက် မသိဘူးလာမပြောနဲ့……၊ တရားစီ ရင်ရေးစံနစ် လုပ်ထုံးလုပ်နည်း နားမလည်ဘူး လာမရှင်းပြနဲ့…..၊ ငြင်းဆိုရင် ၁၀ နှစ် ၊ ဝန်ခံရင် ၅ နှစ် ……ငွေပေးရင် လွတ်ဆိုတဲ့ သတ် မှတ်ချက်အောက်မှာ အမှန်တရားအတွက်သာမက အမှားကျူးလွန်သူပါ ဖွတ်ဖွတ်ကြေ ဘဝပျက်ခဲ့ရတဲ့အဖြစ်တွေ ထုနဲ့ဒေးပေါ့ကွာ….၊၊
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ကော်မီတီကို တနှစ်အတွင်း တိုင်ကြားစာ နှစ်သောင်းတထောင်ကျော်မှာ.. တရားစီရင်ရေးစံနစ် လွဲ မှားလို့ တိုင်ကြားတာ အများဆုံးဘဲလို့သိရတော့…သိပ်မထူးဆန်းဘူးသူငယ်ချင်း…၊ ပြောလို့မယုံ ကြုံဖူးမှသိရတာ…တရားရုံးမှာဘဲပေါ့ … ဟိုတလောကတောင် ဘာကော်မီတီဆိုလား ..မသိ၊ တိုင်ကြားစာ တသောင်းကျော်မှာ တရားသူကြီး လာဘ်စားလို့ တိုင်တဲ့စာက ကိုး ဆယ်ရာခိုင်နှုန်းကျော်တယ်လို့ ပြောသံသဲ့သဲ့ ကြားမိလိုက်ပါတယ်.. အော်တချိန်က ငါ့ရဲ့ပထမဦးဆုံး အမှုကြီးက ချဲအမှုလေ… ရှေ့ နေ လော က ဝင်ဝင်ချင်း ပထမဦးဆုံးအမှုဆိုတော့ ဈေးဦးပေါက် လာဘ်ရွှင်အောင် ဝေပစ်လိုက်တာလေ… တရားခံလဲ ကွင်းလုံးကျွတ်လွတ် ..ပတ်သက်တဲ့သူတွေကလဲ အိတ်ကပ်ဖောင်း… ငါ့မှာတော့…၂၀၀ ကျပ်တန် တရုတ်တိုင်ကပ်နာရီတလုံး…..မှတ်မှတ်ရရပေါ့ကွာ…. အဝေမတတ် ဆရာငတ်လို့ပြောရမလား ? ဖဲအဝေမတတ်တော့ ဘူဖဲတချပ်ရသွားတာလို့ပြောရမလား ?..၊
အိမ်က မဒမ်ကြီးတော့ တခါတခါ သတိတရ ပြောရှာပါတယ်…… “ တော့်.နာရီကြီးကလေ…ခဏခဏပြုတ်ကျလဲ မပျက်ရှာဘူး ..ကောင်း လိုက်တဲ့နာရီလေး..”….တဲ့လေ…၊၊
အိုကေကွာ ..သူငယ်ချင်း စာလဲရှည်သွားပြီ..၊ နောက်ကြုံမှဘဲ စီတ်ဝင်စားစရာ အမှုအကြောင်းတွေ ပြောပြမယ်နော် …. ပျော်ပျော်ပါးပါးပေါ့ ၊၊
နင့်ရဲ့ သူငယ်ချင်း…….၊၊