လူများ၊ ရုပ်ပုံလွှာများ မောင်တူး ဖြစ်ရပ်များ၊ အမှတ်တရများ

ဒီမိုကရေစီ အတွက် အသက် စွန့် ခဲ့သူ ခရမ်း ဦးတင်မောင်ဝင်း (Maung Too)

 

သက်ရှိပန်းချီ – အပိုင်း ၁၃

ဒီမိုကရေစီ အတွက် အသက် စွန့် ခဲ့သူ ခရမ်း ဦးတင်မောင်ဝင်း 

မောင်တူး၊ ဇန်န၀ါရီ  ၁၈၊ ၂၀၁၄

ခရမ်း ဦးတင်မောင်ဝင်းဟာ အင်းစိန်ထောင်မှာ နှိပ်စက် ခံခဲ့ရလို့ ဂုဏ်ရောင် ပြောင်ဝင်းစွာနဲ့  ကျဆုံးခဲ့ရ တဲ့ အာဇာနည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ခေါင်းဆောင် တဦးပါ။

တချိန်ထဲမှာ သူဟာ ဗကသများအဖွဲ့ ချုပ် နောင်တော် ကျောင်းသားခေါင်းဆောင် တဦးလဲ ဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ် ဇန်န၀ါရီ ၁၈ မှာ ကွယ်လွန်ခဲ့တယ်။ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁၈ မှာ ကျဆုံးခြင်း ၂၃ နှစ်။  

ဇန်န၀ါရီ ၁၈ ရက်တိုင်း သူအတွက်ရည်စူး ရန်ကုန် ဗိုလ်စိန်မှန် ရပ်ကွက်မှာ ဇနီးသည် ဒေါ်ကြူကြူ နဲ့ သားသမီးတွေက ဆွမ်းကပ်လှူပွဲ လုပ်လေ့ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အဖွဲ့ ချုပ် ခေါင်းဆောင်တွေ၊ နိုင်ငံရေး ခေါင်းဆောင်ကြီးတွေနဲ့ ကျောင်းသားခေါင်းဆောင်တွေ လာရောက်လေ့ ရှိ တာကလဲ သူ့ နှစ်ပတ်လည် အထိမ်းအမှတ်ရဲ့ ထူးခြားချက်။

ခရမ်း ဦးတင်မောင်ဝင်း အကြောင်း ပြောရင် ရန်ကုန်တိုင်းထဲက သံလျှင် (တညင်)၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ ဆိုတဲ့ မြို့ တွေအကြောင်း မပြောလို့ မရပါ။ ဒီဒေသ ဒီအရပ် ဒီမြို့ နယ် ဒီကျေးရွာတွေကနေ ရဲရဲတောက် ကျောင်းသား ခေါင်းဆောင် တွေ ပေါ်ထွက်ခဲ့ကြပါတယ်။ ဇန်န၀ါရီလ ၈ ရက်၊ ၁၉၉၁ ခုနှစ် မှာ ကွယ်လွန်ခဲ့သူ သုံးခွမြို့ နယ်၊ ရန်ကြီးအောင် ရွာသား ဦးစိန်ဝင်းအကြောင်း ကျနော် ရေးခဲ့ပြီးပါပြီ။ ရန်ကြီးအောင် ဦးစိန်ဝင်းကတော့ ကျနော်နဲ့ တမြို့ ထဲမို့ မှတ်မိသလောက် ပြန်ရေးမိပါတယ်။ ဒါတောင်မှ ကျနော် ရေးခဲ့တာတွေက ဦးစိန်ဝင်းရဲ့ တကယ့် စွမ်းဆောင်ခဲ့ချက် တွေကို အကုန်လုံးမှ ပုံဖေါ် နိုင်ပါ့ မလား ကျနော် စိုးရိမ်မိတယ်။ စုတ်ချက် မကျွမ်းတဲ့ ပန်းချီသမားကြောင့် ပုံကောင်း တပုံ မဖေါ်နိုင်မှာကို ပန်းချီသည်က စိုးရိမ်သလိုပါ။

ဒါကြောင့် အခု ဦးတင်မောင်ဝင်း အကြောင်း ရေးမယ် ကြံလိုက်တော့ ကျနော် လက်တွန့် မိတယ်။ ဦးတင်မောင်ဝင်းက ခရမ်းမြို့ သား။ မြို့ ချင်း ကပ်လျှက် ဆိုပေမယ့် သူ့ အကြောင်း သိပ်မသိခဲ့။ ဒီတော့ ကျနော် ဘယ်လို ရေးရပါ့။ ဒါပေမယ့် ကျနော် ရေးကို ရေးချင်တယ်။ ရေးကို ရေးရမယ်။ ရေးမှ ဖြစ်မယ်။  မှတ်မိသလောက် ရေးပါမယ်။ ကြုံဖူးသမျှ ရေးပါမယ်။

ဒီနေရာမှာ တခု သတိရမိတာက ဆရာ ဦးတင်မိုးပါ။ ကဗျာဆရာကြီး။ သူကလဲ ကွယ်လွန်တာ ဒီဇင်ဘာ ၂၂ ရက် ဖြစ်တော့ ဦးတင်မောင်ဝင်းနဲ့ တလထဲ ဆုံးသူပေါ့။ ဒါပေမယ့် ဦးတင်မိုး ဆုံးတာက ၂၀၀၇ ဇန်န၀ါရီ ၂၂ ဖြစ်ပါတယ်။ ဦးတင်မိုးနဲ့ ကျနော် နော်ဝေးနိုင်ငံ၊ အော်စလိုမြို့ ၊ ဒီဗွီဘီ အသံလွင့်ရုံမှာ အတူ နေစဉ်က သူပြောပြတာ ပြန် သတိရမိပါတယ်။ ဆရာ ပြောတာက 

 

( ဦးတင်မောင်ဝင်းရဲ့ ဇနီးက ငွေတာရီတို့  ယုဝတီတို့ မှာ ရေးနေတဲ့ စာရေးဆရာမ ခင်လှိုင်ကြူ ဖြစ်တယ်တဲ့။ ဦးတင်မောင်ဝင်းကလဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်မှာ ရန်ကုန်တိုင်း တာဝန်ခံ ဖြစ်တော့ လုပ်ဖေါ်ကိုင်ဘက်။ ဒါကြောင့် ဦးတင်မောင်ဝင်း အင်းစိန်မှာ ကျနေချိန် သူ့  သားသမီးတွေကို ဆရာတင်မိုးက စာ သွားသင် ပေးရ သတဲ့။ ဒီလို ကလေးတွေကို စာသင်ပေးနေရင်း တနေ့ မှာ လူ ၂ ယောက် ရောက်လာတယ်တဲ့။ ဗိုလ်စိန်မှန် ရပ်ကွက် အိမ်မှာပေါ့။ လူတွေ ပုံစံက စစ်ဘက် ကလိုလို၊ ပုလိပ်ဘက်က လိုလို ပုံတွေပေါ့ နော်။ ဆရာမ ခင်လှိုင်ကြူခင်ဗျာ။ ဆရာမ အမျိုးသား ဦးတင်မောင်ဝင်း ကိစ္စအတွက် အင်းစိန်ထောင် ကို လိုက်ခဲ့ဘို့ ခေါ်တယ်တဲ့။ ခင်မင်သူတွေက ဒေါ်ကြူကြူ လို့ ခေါ်တဲ့ ဆရာမဟာ ယောက်ျားဇောနဲ့  ချက်ခြင်း လိုက်ပါတယ်။ ကလေးတွေလဲ ပါတယ်။ ကွယ်လွန်ပြီး နောက်နေ့ ၁၉၉၁ ဇန်ဝါရီ ၁၉ လို့ ဘဲ မှတ်ပါတယ်။ ဒီလိုနဲ့ ငါလဲ လိုက်မယ်ဟဲ့ ဆိုပြီး ဆရာတင်မိုးလဲ အင်းစိန်ထောင်ဝကို အတူ လိုက်သွားခဲ့ ပါတယ်။ ဒါက ဦးတင်မိုး ပြောသမျှ ကျနော် မှတ်မိသမျှပါ။)))))

 

ဒီလိုနဲ့ အင်းစိန်ထောင်ဝလဲ ရောက်ပါလေရော။ ထောင်ပိုင် ထောင်မှူး တဦးဦးထင်ပါတယ်။ အဲသည် လူက မိသားစုကို ပြောတယ်တဲ့။ ဦးတင်မောင်ဝင်းတော့ ကင်ဆာ ရောဂါနဲ့ ကွယ်လွန်ပါပြီ။ ဒါကြောင့် စိတ် အေးအေး ထားကြပါလို့ လဲ ပြောရော သားအမိ တစ်တွေ ထောင်အ၀မှာ ချိတ်ထားဆဲ ဖြစ်တဲ့ ဦးနေ၀င်း ဓါတ်ပုံကြီးကို လက်ညှိုးထိုးပြီး ဒီလူကြီးကြောင့် ကျမ ယောက်ျား သေရတာ။ ဒီလူကြီးကြောင့် ကျမ အဖေ သေရတယ် ဆိုပြီး ဦးနေ၀င်းပုံကြီးကို တက်ဖြုတ်မယ် အတင်း လုပ်နေလို့ ဝိုင်းဆွဲထားရ သ တဲ့။ နောက်ပိုင်းတော့ ဦးတင်မိုးက အားလုံးကို ချော့ပြီး ပြန်ခေါ် လာခဲ့ရတယ်။ အဲ့သည်အချိန်မှာ ဦးတင်မောင်ဝင်းဟာ ဆိုးဆိုးဝါးဝါး ဒါဏ်ရာတွေ ရထားတာကို တွေ့ ရပြီး နှိပ်စက် ဒါဏ်တွေနဲ့  ဆုံး ခဲ့ရ တယ်လို့ ဦးတင်မိုးက မှတ်ချက်ချပါတယ်။))

 

ဒါဟာ ကဗျာဆရာကြီး ဦးတင်မိုး ၁၉၉၈ ခုနှစ်က အော်စလို ဒီဗွီဘီမှာ ပြောပြချက်။ 

 

++++++++++++++++++++++++++++++++++++++

 

ကြယ်ကြွေတာ

ကင်ဆာတဲ့လား

ကင်ဆာ ကျဆုံးပါစေ။

 

နောက်ပိုင်းမှာ စစ်ထောက်လှမ်းရေးမှုးချုပ် ဗိုလ်ချုပ်ခင်ညွန့် ဦးဆောင် အာဏာပိုင်တွေက ကင်ဆာ ကြောင့် ကွယ်လွန်ခဲ့တာလို့ ပြောခဲ့ပါတယ်။ ဒီအခါမှာ နှိပ်စက်ခဲ့တဲ့ ဒါဏ်တွေနဲ့ ဆုံးပါး ခဲ့ရတာကို သိပြီး တဲ့ ဇနီးက ကင်ဆာ ကျဆုံးပါစေလို့ ရေးပြီး တုန့် ပြန်ခဲ့ပုံ ရပါတယ်။

 

ဒီနေ့ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁၇ ရက်ပါ။ သူ မကွယ်လွန်ခင် တရက် ဖြစ်ပါတယ်။ ကျနော် ရေးချင် လွန်းလို့ ရေးမိတဲ့ ဦးတင်မောင်ဝင်း အကြောင်းတွေထဲမှာ ဦးတင်မောင်ဝင်းနဲ့ ဆုံခဲ့ဘူးတာတွေ၊ သတိရ နေမိပါတယ်။ ဒါပေမယ့် များများစားစား ဆုံဘူးခဲ့တာတော့ မဟုတ်ပါ။ ဒါကြောင့်လဲ ဦးတင်မောင်ဝင်း အကြောင်းတွေ လိုက်ရှာတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးတင်မောင်ဝင်းနဲ့ ၂၁ နှစ်မြောက် ဆွမ်းကျွေးတက်ရောက် ခဲ့တာတွေ တခြား နှစ်တွေမှာလဲ ဒေါ်စုဟာ အချုပ်အနှောင်မှာ ရှိမနေဘဲ သွားလို့ ရရင် နှစ်ပတ်လည် ပွဲတိုင်း သွားတက်ခဲ့တာတွေ သိလာရပါတယ်။

 

 

ဦးတင်မောင်ဝင်း အကြောင်းကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ဝေခဲ့တဲ့ ရှစ်စက္ကန့် ငြိမ် (စွန့် လွှတ်သူတို့ ရဲ့ ရာဇ၀င်) စာမျက်နှာ ၁၃၂ မှာ အခုလို ဖေါ်ပြထားပါတယ်။

 

ဦးတင်မောင်ဝင်း

ရန်ကုန်တိုင်း၊ ခရမ်းမြို့ ဇာတိ ဖြစ်သည်။

၁၉၉၀ ပြည့်နှစ် အောက်တိုဘာလ ၂၃ ရက်နေ့ တွင် ဖမ်းဆီးခံရသည်။

၁၉၉၁ ခုနှစ် ဇန်န၀ါရီလ ၁၈ ရက်နေ့ တွင် ကွယ်လွန်သည်။

ကွယ်လွန်ချိန်တွင် အသက် ၅၁ နှစ် ရှိပြီ ဖြစ်သည်။

 

နိုင်ငံရေး နောက်ခံ။ ။ နိုဝင်္ဘာ ၂၀ ရက် ၁၉၃၉ ခုနှစ်တွင် မွေးဖွားသည်။ ဦးမြို့ ၊ ဒေါ်သန်းရှင်တို့ ၏သား ဖြစ်သည်။ အထက်တန်းကျောင်း၊ ဘာသာရပ်ဆိုင်ရာ ကောလိပ်တို့ တွင် ဘာသာရပ် ဆိုင်ရာ အသင်း များ၊ ကျောင်းသားဟောင်း အသင်းများ၊ မြို့ နယ် အသင်းနှင့် ခရိုင်အသင်းများ၊ လက်ဝှေ့ အသင်း၊ ကလောင်အသင်း၊ နေ့ ကျောင်းသားအသင်း၊ ကျောင်းဆောင် သဟာယနှင့် စာဖတ် အသင်းများ၊ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ ချုပ် (ဗကသ)၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ) ရန်ကုန် တက္ကသိုလ ကျောင်းသား ညီညွတ်ရေး တပ်ဦးတို့ တွင် တက်ကြွစွာ ပါဝင် လှုပ်ရှားခဲ့သည်။

 

တော်လှန်ရေး ကောင်စီ အစိုးရက ကျောင်းသား အခွင့်အရေး၊ ဒီမိုကရေစီ အရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး လှုပ်ရှားမှူများတွင် တက်ကြွစွာ ပါဝင် လှုပ်ရှားသော ဦးတင်မောင်ဝင်းကို ၁၉၆၃ ခုနှစ် ဒီဇင်ဘာလမှ ၁၉၇၀ ခုနှစ် စက်တင်ဘာလအထိ ၇ နှစ်ကြာ ထိမ်းသိမ်းထားခဲ့သည်။

 

၁၉၈၈ လူထု လှုပ်ရှားမှူ ကာလအတွင်း စစ်ပြီးခေတ် ကျောင်းသားခေါင်းဆောင်ဟောင်းများ အဖွဲ့ တွင် ပါဝင် လှုပ်ရှား ဆောင်ရွက်ခဲ့သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် စတင် ဖွဲ့ စည်းချိန်မှ စ၍ အဖွဲ့ ချုပ် ရန်ကုန်တိုင်း စည်းရုံးရေး ကော်မတီတွင် တာဝန်ပေးအပ် ခံခဲ့ရသည်။

 

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ခရမ်းမြို့ နယ်၊ မဲဆန္ဒနယ် အမှတ် ၂ မှ ရွေးကောက်ခံခဲ့ရသော ပြည်သူလွှတ်တော် ကိုယ်စားလှယ်ဖြစ်သည်။ ဂန္ဒီ ခမ်းမတွင် ပြုလုပ်သည့် ပြည်သူလွှတ်တော် ကိုယ်စားလှယ်များ စုံညီ အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည်။

 

၁၉၉၀ ပြည့်နှစ် အောက်တိုဘာလ ၂၃ ရက်နေ့ တွင် အဖမ်းခံခဲ့ရသည်။ ၁၉၉၁ ခုနှစ် ဇန်န၀ါရီလ အတွင်း ဦးတင်မောင်ဝင်းအား အမိန့် ချမှတ်ချိန်တွင် အလွန် နာမကျန်း ဖြစ်နေသည့်အတွက် ခုံရုံး သို့ မတက်ရောက် နိုင်ခဲ့ပေ။ ဖမ်းဆီးခံရသည့် အချိန်မှ ကွယ်လွန်သည့် အချိန်အထိ မိသားစုနှင့် လည်းကောင်း၊ လုပ်ဖေါ်ကိုင်ဖက် ရဲဘော်များနှင့် လည်းကောင်း ဆက်သွယ်ခွင့် မရခဲ့။

 

သေဆုံးပုံ။ ။ ဦးတင်မောင်ဝင်းသည် အင်းစိန်ထောင်ထဲတွင် ၀မ်းကိုက် ရောဂါ ခံစားနေရသည်။ ထိုအကြောင်းကို မိသားစုက စုံစမ်း သိရှိရသောအခါ ဆေးဝါးများ ပေးပို့ ရေး ကြိုးပမ်း ဆက်သွယ် ခဲ့သော်လည်း အာဏာပိုင်များက ခွင့်မပြုပါ။

 

၁၉၉၁ ခုနှစ် ဇန်န၀ါရီလ ၁၈ ရက်နေ့ တွင် အင်းစိန် အကျဉ်းထောင်တွင် ကွယ်လွန်သည်။ ကွယ်လွန်ပြီး နောက်တနေ့ တွင် အာဏာပိုင်များက မိသားစုအား အကြောင်းကြားခဲ့သည်။ မိသားစု ရုပ်အလောင်းကို ကြံတော သုသာန်အအေးတိုက်တွင် သွားရောက် ကြည့်ရှုခွင့်ရသည်။ ထောင်အာဏာပိုင်များက မိသားစုအား ဦးတင်မောင်ဝင်းသည် ကင်ဆာရောဂါဖြင့် ကွယ်လွန်ကြောင်း ပြောခဲ့သည်။

 

အေအေပီပီ၏ မှတ်ချက်။ ။ ဦးတင်မောင်ဝင်းသည် ၀မ်းကိုက်ရောဂါ ဖြစ်နေစဉ် ဆေးကုသမှု မရခဲ့ဟု ယုံ ကြည်ရသည်။ အဟာရ ပြတ်လပ်ပြီး ကွယ်လွန်ခဲ့ရသဖြင့် ဦးတင်မောင်ဝင်း၏ ရုပ်အလောင်းမှာ အရိုး ပြိုင်းပြိုင်း ဖြစ်နေသည်ကို မိသားစုက ကြေကွဲစွာ တွေ့ မြင်ခဲ့ရသည်။ မျက်ခုံး ၂ ခု ကြားတွင် အသား ၂ ခု ကွဲနေသည့် ဒါဏ်ရာကို တွေ့ ရသည်။ ဦးတင်မောင်ဝင်းသည် ကျောက်ကပ် ရောဂါ ဖြစ်ပွားခဲ့ ဘူး သောကြောင့် လစဉ် ဆီး၊ သွေး စစ်ဆေးနေရသူ ဖြစ်သည်။ သွေး စစ်ချက် အဖြေများ ကောင်းမွန်နေသူ တစ်ဦး သည် ၃ လ မပြည့်မီ ကာလအတွင်း သွေးကင်ဆာဖြင့် သေဆုံးရသည် ဆိုသော အာဏာပိုင် များ ပြောကြားချက်မှာ သံသယ ရှိဘွယ် ဖြစ်သည်။

 

ထောင် အရာရှိများ

 

ထောင်ပိုင်ကြီး (တာဝန်ခံ အရာရှိ)      ဦးအုန်းဖေ

ထောင်တာဝန်ခံ ဆရာဝန်               ဒေါက်တာစိုးကြည်

 

“ ကြယ်ကြွေတာ

ကင်ဆာတဲ့လား

ကင်ဆာကို တိုက်ဖျက်ကြ။ ။ ”

(ဦးတင်မောင်ဝင်း ဈာပန ပန်းခွေတွင် ရေးထိုးထားသော ကဗျာတပုဒ်)

 

× × × × × × × × ×

 

ခုလို ၂၃ နှစ်မြောက် ဦးတင်မောင်ဝင်း (ခရမ်း) ကွယ်လွန်ချိန်မှာ သူ့  ဂုဏ် ပုဒ် တွေကို လိုက်ရှာ ဖတ်ရင်းက သွားတွေ့ တာ တခုရှိပါတယ်။ ဒါက http://kthwe.blogspot.com/2012/01/blog-post_26.html  မှာ အခုလို ရေးထားတာပါ။  

 

(ရွှေခြည် ငွေခြည် တန်းပါလို့  ဒီ ရုပ်ရှင်ဟောင်းကလေး ကို သေချာ ပြန်ကြည့် ရင်း..ဖတ်ခဲ့ဘူး တဲ့.. မူရင်း ၀တ္တုလေးကို ပြန် အာရုံဖော်ကြည့် နေ မိ သည်။ ဆရာမ ခင်လှိုင်ကြူ ရဲ့.. ငွေတာရီ မဂ္ဂဇင်း ၀တ္တုရှည်လေး တပုဒ်ပဲ။ ၀တ္တု ခေါင်းစဉ်က.. လှိုင်းပုတ် တဲ့ လှေ.. ။  ချောင်းကလေး နဘေး မှာ.. အမျိုးသမီးလေး တယောက် နဲ့..ခလေးမ လေး တယောက် လှေ လွှတ်နေတဲ့ သရုပ်ဖော် ပုံကလေး .. အာရုံ ထဲ မှာ ရေးတေးတေး ပြန်ပေါ်လာ သည်။ ဒါရိုက်တာ သုခ၊ ညွန့် ဝင်း၊ ခင်ယုမေ၊ ဒေါ်မေနွဲ့ တို့ ရဲ့ ရွှေခြည်ငွေခြည် တန်းပါလို့ ရုပ်ရှင်ပါ။ အကယ်ဒမီလဲ ရခဲ့ပါတယ်။ မူရင်း စာရေးဆရာ ခင်လှိုင်ကြူ။  စာရေးဆရာမခင်လှိုင်ကြူကိုလည်း၊  ၆၂ ကျောင်းသားခေါင်း ဆောင် ဟောင်းတယောက်လည်းဖြစ်…. အကျဉ်းထောင်ထဲကျဆုံသွားတဲ့.. ခရမ်းမြို့နယ်အဖွဲ့ချုပ်ကိုယ်စားလှယ်  တယောက်လည်းဖြစ်တဲ့.. ဦးတင်မောင်ဝင်းရဲ့ဇနီးအဖြစ်မသိခင်တုန်းကတော့.. အချစ်နဲ့ဘ၀ကိုလှလှပပခြယ်မှုန်းနိုင်တဲ့.. စာရေးဆရာမတယောက်အဖြစ်..သူမရဲ့.. ၀တ္တုရှည်တွေကို..ငွေတာရီတို့မြ၀တီတို့ထဲမှာ.. စွဲစွဲလမ်းလမ်းဖတ်ခဲ့ဘူးသည်ဗွီဒီယိုကားအဖြစ်ရိုက်ခဲ့ဖူးတဲ့..မဂျိုးကိုဘယ်လိုပြောရပါ့   ဆိုတဲ့..၀တ္တုလေးကိုလည်းခုထိသတိရစွဲလမ်းနေ မိသေးသည်။))))))

 

ဒါက ဦးတင်မောင်ဝင်း ဇနီး ဒေါ်ခင်လှိုင်ကြူရဲ့ ဂုဏ်ပုဒ်လေးတွေကို ကြားဖြတ် မြင်ခဲ့ရတာပါ။ ဦးတင်မောင်ဝင်း အကြောင်း ပြောရင် ၁၉၉၀ ရွေးကောက်ပွဲအကြောင်း မပါမဖြစ်။ အမျိုးသား ဒီမို ကရေစီ အဖွဲ့ ချုပ် ခရမ်းမြို့ နယ် အမှတ် ၂ မဲဆန္ဒနယ် ကနေ သူ ၀င်ရွေးပါတယ်။ သူနဲ့ ပြိုင်ဘက်က သူ့ အကိုကြီးဗိုလ်မှူးကြီးဇော်ဝင်း မဆလခေတ်နိုင်ငံတော်ကောင်စီဝင်ဖြစ်ပါတယ်။ မဆလ တဖြစ် လဲ တစည ပါတီကနေ ၀င်ပြိုင်တဲ့ ဗိုလ်မှူးကြီးဇော်ဝင်းက ငွေ အလျှံပယ် သုံးပြီး မဲဆွယ် စည်းရုံးခဲ့ ပေမယ့် ရိုးရိုးကုပ်ကုပ်နဲ့ ပြည်သူတွေကို ရဲရဲတောက် မိန့် ခွန်းတွေ ချွေခဲ့သူ (ညီဖြစ်သူ) ဦးတင်မောင်ဝင်း ကသာ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။

 

၁၉၉၀ မေ ၂၇ ရွေးကောက်ပွဲ ကျေးလက်ဆင်း မဲဆွယ်ချိန် ဦးတင်မောင်ဝင်း ပြောခဲ့တာတွေကို ပြန်ကြားရတော့ ကြက်သီး တဖြန်းဖြန်း ထမိပါတယ်။ ကြားသူတိုင်းလဲ လေးစားကြပါတယ်။ သူ့ ရဲ့ အကိုကြီး ဦးဇော်ဝင်းကို ချစ် ကြောက် ရိုသေ ပေမယ့် အကိုနဲ့ ညီဟာ ယုံကြည်ချက်မတူ ခံယူချက် ခြားနား နေပြီဖြစ်လို့ သူဟာ အကို့ ဘက် မလိုက်ပဲ တိုင်းပြည်နဲ့ ဒီမိုကရေစီ လိုလားတဲ့ ပြည်သူတွေ ဘက် လိုက်ရမယ်လို့ ရဲရဲတောက် ပြောသွားခဲ့တာပါ။

သူပြောသွားတာတွေတော့  

 

 “  အခု ကျနော်နဲ့ ယှဉ်ပြိုင် ရွေးချယ်ရမယ့် ဗိုလ်မှူးကြီး ဇော်ဝင်း ဆိုရင်  ကျနော့်အကိုကြီးပါ။ အတူအုံဆင်း ညီအကိုအရင်းပါ။ အဖေ ဆုံးပြီးတဲ့နောက် အကိုကြီးဟာ အစစအရာရာသွန်သင်ဆုံးမစောင့်ရှောက်ခဲ့ပါတယ်။ ကျနော့် အဖေ ဆိုလည်းဟုတ်ပါတယ်။ ကျနော်မကျန်း မာတုန်းက နိုင်ငံခြားကတောင် ဆေးတွေမှာယူပြီး ကျနော့်ကို ဆေးကုပေးခဲ့တာပါ။ အသက်သခင်ကျေးဇူးရှင်လို့ ပြောနိုင်ပါတယ်။ ဒီလို ကျေးဇူးတွေ တောင်လို ပုံနေပေမယ့် နောက်ဘ၀ ကျမှ ဆပ်နိုင်ပါ တော့မယ်။ ဒီဘ၀ ဒီနေ့ ဒီမိုကရေစီရရှိရေးမှာတော့ အကိုကြီးကို ကျနော် မညှာနိုင် တော့ပါ။ ဒီမို ကရေစီကို ငတ်မွတ်နေကြတဲ့ တတိုင်းတပြည်လုံး ဘက်ကိုပဲ ကျနော် လိုက်ရပါမယ်။ အကိုကြီး ခင်ဗျာ ကျနော့်ကို ခွင့်လွှတ်ပါ။”  

 

ဆိုပြီး ရဲရဲတောက် ပြောခဲ့သူ ဖြစ်ပါတယ်။  

 

ရန်ငါ စည်းပြတ်သူ

 

ကျနော် ပြီးခဲ့တဲ့ တပတ်တုန်းက ရန်ကြီးအောင် ဦးစိန်ဝင်း အကြောင်းရေးတော့။ ပြည်သူကို ပန်းပွင့် နှလုံးသားနဲ့ ဆက်ဆံ၊ ရန်သူ ဖြစ်တဲ့ စစ်ထောက်လှမ်းရေးနဲ့ ကျောင်းသား သစ္စာဖေါက်တွေကိုတော့ ပြတ်သားစွာ ဆက်ဆံကြောင်း ရေးခဲ့ပါတယ်။ ခရမ်း ဦးတင်မောင်ဝင်းကျတော့ ရန် ငါ စည်း ပြတ်လိုက် တာမှ အကိုအရင်းကြီးကိုတောင် ရန်သူလို သတ်မှတ်ထားပါတယ်။ 

 

ခရမ်းမြို့ နယ်အတွင်း ၁၉၉၀ ရွေးကောက်ပွဲ မဲဆွယ်ချိန်တုန်းက ဦးတင်မောင်ဝင်း ပြောဆိုချက်တခုမှာ

 

“ “ ပါလီမန် ဒီမိုကရေစီ အစိုးရကို ဦးနေ၀င်း စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၁၉၆၂ခုနှစ်ကာလမှာ သူ့  အကိုကြီးနဲ့သူ့ ကြားမှာ ချောင်း ခြားသွားပါပြီတဲ့။ကျောင်းသားသမဂ္ဂ တကသကြီးကို ဗုံးခွဲပြီး ကျောင်းသားတွေ သူ့ အကိုတို့ မဆလ စစ်တပ်က သတ်ပစ်လိုက်ချိန် ဇူလိုင် ၇ ရက် အရေးအခင်း မှာ တော့ သူ့ အကို ဗိုလ်မှူးကြီးဇော်ဝင်းနဲ့ သူဟာ မြစ်ပြင်ကြီးခြားသလို ခြားသွားပြီတဲ့။ နောက်ပိုင်း တကသ ကျောင်းသားတွေကိုဖမ်း ဦးသန့်အရေးအခင်း ဆရာကြီး သခင် ကိုယ်တော်မှိုင်း ရာပြည့်အရေးအခင်းကြီးတွေ အဆက်ဆက်ကို မဆလ စစ်တပ်က သတ်ဖြတ် ဖမ်းဆီး အပြီးမှာတော့ သူ့ အကိုကြီးနဲ့ သူ့ ကြား သမုဒ္ဒရာကြီးတောင် ခြားသွားပါပြီ။ ” ”  

လို့ ပြောခဲ့ဘူးပါတယ်။

 

“ ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ပိုင်းကတော့ ရဟန်းရှင်လူ ကျောင်းသား ပြည်သူတွေရဲ့ သွေး တွေနဲ့ စီးနေတဲ့ သွေးသမုဒ္ဒရာကြီး တောင်ခြားသွားပြီ”  လို့ ဦးတင်မောင်ဝင်းက ဆိုခဲ့ဘူး ပါတယ်။


++++++++++++++++++++++++++++++++

 

ဦးတင်မောင်ဝင်း ဟာ ၁၉၉၁ ခုနှစ် ဇန်န၀ါရီ ၁၈ ရက်မှာ ဦးနေ၀င်း လက်အောက်ခံ အမျိုးသား ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ် ခင်ညွန့် ရဲ့ လက်အောက်ခံ စစ်ထောက်လှမ်းရေးတွေရဲ့ နှိပ်စက်မှု နဲ့ ကွယ်လွန်ခဲ့တာပါ။

 

ကဗျာဆရာကြီး ဦးတင်မိုးလို အကောင်းမြင်သမား ငြိမ်းချမ်းရေးသမား လူအေးကြီးကတောင် ဒီကောင်တွေ ရက်စက်တယ်ကွာ။ ကင်ဆာ ကျဆုံးပါစေလို့ ကျနော့်ကို ပြောခဲ့ဘူးပါတယ်။

 

ဦးတင်မောင်ဝင်း ဇနီးသည် ဒေါ်ကြူကြူနဲ့ မိသားစုကဆိုရင် လင်သား ကွယ်လွန်ပြီလို့ သိချိန်မှာ ရက်စက်လိုက်ကြတာ။ သူတို့ သတ်ရက်ကြတယ်ဆိုပြီး ဒေါသူပုန်ထ သောင်းကျန်းခဲ့ကြဘူးပါတယ်။

 

ဦးတင်မောင်ဝင်းကိုယ်တိုင်က သွေးပင်လယ်ကြီးခြားနေပြီလို့ ပြောခဲ့တဲ့ မဆလဟောင်း တစည ခရမ်း အမတ်လောင်း သူ့ အကိုကြီး ဦးဇော်ဝင်းကတောင် 

“ ကျနော့်ညီ လုပ်သမျှ သမိုင်းနဲ့ ချီ လက်မခံခဲ့ဘူး။ ကျနော့် ညီကလဲ ကျနော့်ကို လက်မခံခဲ့ဘူး။ နိုင်ငံရေး ခံယူချက်တွေ တခြားစီ ဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် သူ့ ညီ ကိုကိုကြီး (ဦးတင်မောင်ဝင်းကို ခရမ်းမှာ ခေါ်ကြတဲ့ နာမည်) ဒီလို ရက်ရက်စက်စက် ခံရပြီး သေလိမ့်မယ်လို့ တခါမှ မစဉ်းစားမိခဲ့ဘူး။ ဒီကောင်တွေ လုပ်ရက်ကြတယ်ကွာ။” 

လို့ သံဝေဂရစွာ ပြောခဲ့တာကို ပြန် ကြားခဲ့ ရပါတယ်။

 

×××××××××××××××××

 

ကြယ်ကြွေတာ

ကင်ဆာတဲ့လား

ကင်ဆာကျဆုံးပါစေ။

ကင်ဆာကို တိုက်ဖျက်ကြ။ ။

 

ကြယ်ကြွေတာဟာ ဦးတင်မောင်ဝင်း ကျဆုံးတာ။ ကျဆုံးရတာဟာလဲ ကင်ဆာကြောင့်လို့ ပြောရင် ကင်ဆာဟာ နှိပ်စက်ခဲ့သူတွေပဲ ဖြစ်မှာပါ။ မဆလ ခေါင်းဆောင်ကြီး ဦးနေ၀င်းလဲ နိဂုံးချုပ်မှာတော့ မရှုမလှ ကျဆုံး သွားခဲ့ရတာပါ။ စစ်ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ် ခင်ညွန့် လဲ နောက်ဆုံး သွားခဲ့ ရတဲ့ လမ်းဟာ ဘယ်လမ်းဆိုတာ အားလုံး အသိ။ တခြား ကျဆုံးခဲ့တဲ့ ကင်ဆာတွေလဲ အများကြီး ရှိခဲ့ပြီး ဖြစ်သလို ထပ်မံ ကျဆုံးကြရဦးမယ့် ကင်ဆာတွေရဲ့ နိဂုံးကိုလဲ စောင့်ကြည့်ကြပါ။ ကင်ဆာကို တိုက်ဖျက်ကြရမှာကတော့ ဦးတင်မောင်ဝင်းကို လေးစားတဲ့ သူ့ ဂုဏ်ပုဒ်တွေကို အလေးပြုနေကြသူ အားလုံးပါဘဲ။ ။

 

မောင်တူး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဒီမိုကရေစီ အတွက် အသက် စွန့် ခဲ့သူ ခရမ်း ဦးတင်မောင်ဝင်း (Maung Too)
  1. ကင်ဆာတွေက နေရာပေါင်းစုံမှာ ဒုက္ခပေးခဲ့ကြလို. ကင်ဆာပေါင်းစုံ ကျဆုံးပါစေ …. လို.ဆုတောင်းလျက်။

    ဖိုးထောင်(ကင်ဆာရောဂါရှင်ဟောင်း)

Comments are closed.