ရသဆောင်းပါးစုံ အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)

ကွန်ကရစ်တောထဲက သားကောင်၊ လှောင်ချိုင့်ထဲက ချိုးငှက် – အပိုင်း (၁၂)

အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း)
ဇန်န၀ါရီ ၁၇၊ ၂၀၁၄

 

၁၉၉၃ အောက်တိုဘာလ ၁၅  -လူတွေအားလုံးစိတ်ထဲ တစ်စုံတခုတော့ ခံစားနေရသည်။ ရင်ဆိုင်မှု အသစ်တစ်ခုဆီသို့  စိတ်တွေ လွင့်မျော နေကြသည်။ ခရီးထွက်တော့မည့်သူကို လိုအပ်သည်များကို ဝိုင်းဝန်းပြင်ဆင်ပေးသလိုမျိုး ခံစားနေရသည်။ မနေ့ကတည်းက ဒီနေ့ရုံးထွက်ရမည်ဟု လာရောက်ပြောထားပြီးဖြစ်သည်။  အခန်းတိုင်းက ရုံးထွက်ဘူးသော အတွေ့အကြုံရှိကြသည်သာ။ ဒီတော့လည်းသူတို့ စိုးရိမ်မှူနှင့်  လိုအပ်သည်ကို မှာကြားကြသည်။ ကြုံတွေ့ရနှိုင်သည်တို့ကို လာရောက်ပြောပြနေကြသည်။ ဗူးတံခါးရောက်တော့ လူတွေကိုတန်းစီပြီး နှစ်ယောက်တတွဲ လက်ထိပ်တွေခတ်သည်။ 

 

ဗူးထဲက ကားနှင့် ထွက်သည်ဆိုလျှင်ပဲ အပြင်ဘက်ကလေသည် လူ၏စိတ်ကို တမျိုးဖြစ်သွားစေသည်။ သုံးလနီးပါး မမြင်တွေ့ရသော မိတ်ဆွေများကို တစ်ခဏဖြစ်ဖြစ် တွေ့ရတော့မည်။ ဒီလိုအမှုမျိုးက ဖမ်းထားပြီး ပြန်လွတ်ရိုးမရှိ ဆိုသည်ကို သိရှိထားပြီးသူတစ်ယောက်အနေနဲ့ တရားရုံးထွက်ခြင်း ထောင်ကျခြင်းများကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်သည် သောကနှင့်ပူဆွေးမှုကို အထူးတလည် မဖြစ်စေတော့။ အင်းစိန်ထောင်ဘေးက ထောင်နံရံကြီးဘေးတွင် ကားကမောင်းနေသည်။ သီးသန့်ထောင် အပြင်ဘက် မြင်ကွင်းတွေကို ငေးနေရင်း ထောင်ဝန်းထဲတွင်ရှိသော အဆောက်အဦး ကြီးတခုရှေ့ ကားကိုရပ်လိုက်သည်။ ဓမ္မာရုံကြီး တစ်ခုသဖွယ် အဆောက်အဦထဲကို အားလုံး ဝင်ကြရသည်။ စင်မြင့် ထက်တွင် တရားသူကြီးတစ်ဦးထိုင်ရန် ပြင်ဆင်ထားသည်။

 

လူးအားလုံး(၁၆)ယောက် အတွက် ထိုင်ခုံများကို အောက်အဆင့် တွင် တန်းစီ ချထားသည်။ ခနအကြာမှာ အမြင့်နေရာတွင် အသီးသီး နေရာယူကြသည်။ အမှုဖြစ်စဉ်တွေကို သူတို့ဇာတ်လမ်းဆင်ထားသည့်အတိုင်း ရွတ်ဖတ်ပြနေသည်။ အမှုကိုတရားရုံးတင်ခြင်းဖြစ်သည်။ အမှုကိုသုံးစုခွဲပြီး တင်သည်။ မိမိအပြင် တိုက်ယဉ်၊ ထွန်းထွန်းဦး၊ ဦးဇင်းစန္ဒော၊ ဦးသောင်းကြည်တိုက တတွဲ။ ကိုယ် အပါဝင်နောက်တွဲက တိုက်ယဉ်၊ ထွန်းထွန်းဦး၊စန္ဒော၊ဦးဝင်းကြည်၊ဦးထွန်းမြင့်၊ဦးသိန်းအောင်၊ ညီညီဝင်း တို့ကတတွဲ၊နောက်တတွဲကတော့၁၆ယောက်ပေါင်း တတွဲ။ တတိုက်တည်းအတူနေကြသော်လည်း ရှေ့အခြမ်းအနောက်ခြမ်း ကွဲနေလို့ မတွေ့ကြရ။ ခုလိုဆုံတုန်း စကားတွေပြောမဝကြ။ အသိမိတ်ဆွေတွေ၊အပြင်လောကတွင် ဘယ်လောက် ရင်းရင်းနှီးနှီး ရှိ တစ်ယောက်ကို တစ်ယောက်က ကူညီခွင့် စကားပြောခွင့်ဆိုတာ အပိတ်အပင် ခံထားရသည်။ ခုတော့ကြုံတုန်း ပြောကြသည်။ ထူးခြား လူတစ်ယောက်က ကိုတင့်လွင်။

 

ကိုတင့်လွင်က ရွှေပြည်သာ နာမည်ကြီး လဘက်ရည်ဆိုင်ပိုင်ရှင် ။ သူ့ဆိုင်ကို ယနေ့တိုင် လူတွေသိကြသည်။ ရွှေညာမောင် မှတ်တိုင်ဟုပင်  သူ့ဆိုင်ကို အစွဲပြု ခေါ်ဝေါ်နေကြသည်။သူ့ အမှုဖြစ်စဉ် ကထူးဆန်းသည်။ ကိုတင့်လွင်၏ အမေက အခု လူ၁၆ယောက်ထဲတွင်ပါသော မောင်မောင်သန်းကို အကြွေးဆပ်စရာ ရှိနေသည်။ မောင်မောင်သန်းရောက်လာတော့ ကိုတင့်လွင်ကဆိုင်ထိုင်နေသည်။ သူ့အမေပေးစရာရှိတဲ့ငွေကို သူကပေးလိုက်သည်။ ထိုအကြွေးပြန်ရသော ငွေသည် မောင်မောင်သန်း အတွက်ခရီးစာရိတ်။ ထောက်လှမ်းရေးက မောင်မောင်သန်းကို မင်းဘယ်က ရတဲ့ငွေနဲ့ ခရီးသွားတာလဲမေးတော့  သူကိုတင့်ဆီက အကြွေးပြန်ဆပ်တဲ့ငွေဆိုတာ ပြောသည်။ ဒီကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံသော ကိုတင့်လွင်တို့မိသားစုကို ထောက်လှမ်းရေးက မယုံ ။ သူတို့စကားအရဆိုလျှင် ဒေါ်စုကို ထောက်ခံတာနှင့်ပင် ထောင်ချ၍ ရနေပြီ။ အခုထိုယုံမှားသံသယသည် သူ့ကိုထောင်ချဖို့ဖြစ်စေသည်။ သံသယရဲ့အကျိုးကို ထောက်လှမ်းရေး ခံစားခွင့်ရသော ခေတ်ကြီးကို။ သူ့ကိစ္စ ကိုအမှုတင်သည့် (SB)ကလည်း သိနေသည်။ ထို (SB)က သူ့ထက် အာဏာရှိသော အဖွဲ့တစ်ခုက တာဝန်ပေးထားတော့ သိသိကြီးနှင့်ပင် ထောင်ချရပေမည်။

 

“ကိုတင့်လွင်ရာ ခင်ဗျားကိစ္စက တကယ်ဆို မိခင်အတွက် ခံပေးရတာ ဂုဏ်မငယ်ပါဘူး စိတ်ဓာတ်မကျပါနဲ့”

 

ကိုယ်တွေက နိုင်ငံ အတွက် လုပ်သင့်တာတခုကို ကိုယ်စွမ်းသမျှ လုပ်ခဲ့ရတာဟု မိမိကိုယ် မိမိ ကျေနပ်နေချိန်မှာ သူက ဝမ်းနဲ ပက်လက် ခံစားနေရမှာကိုစိုးသည်။ သူ့ကိုအားပေးနှစ်သိမ့်ကြည့်တော့ သူက ကျေကျေနပ်နပ်ပင် အမေအတွက် ရှေ့က ခံပေးရတာကို ဂုဏ်ယူနေသည်။ အိမ်တွေနှင့် အဆက်အသွယ်ရထားကြောင်းလိုအပ်တာတွေကို သူ့ဆီလူလွှတ်ပြီးတောင်းခိုင်းဖို့ပါ ကိုတင့်လွင်က ပြောရှာပါသည်။

 

အားလုံး အကြာကြီး စကားပြောခွင့်တော့မရကြ။ အမှုတွဲဖိုင်ရုံးတင်ပြီး အချင်းချင်းစကားပြောခွင့်ကို ခနသာပေးသည် ။ ကဲပြန်ကြမယ်ဆိုပြီး အသံတစ်သံကိုကြားရတော့သည်။ အားလုံးထောင်ထဲပြန်ဝင်ဖို့ပြင်ဆင်နေကြတုန်းမှာပင် အမျိုးသမီး ဝန်ထမ်း ၂ယောက်က အမျိုးသမီးငယ်တစ်ယောက်ကို ခေါ်ပြီး တရားရုံးလုပ်ရာ ဓမ္မာရုံသို့ ခေါ်လာသည်။ ထိုအမျိုးသမီးက တဖက်ခြမ်းတွင်း ဖျာကို ခါပြီး ထိုင်ရန်ပြင်နေသည်။ ပြီး အံသြသော မျက်လုံး အစုံနှင့် မိမိတို့ ၁၆ ယောက်ကို ကြည့်နေသည်။ သူလူတွေကို ကြည့်နေစဉ် မိမိတို့ထဲမှ တစ်ယောက်ဆီအရောက်တွင သူ၏မျက်လုံးမျာ် ပို၍ ပြူးကျယ်သွားသည်ဟု ထင်လိုက်ရသည်။ ထိုသူက ဦးဝင်ကြည်။

 

ဦးဝင်းကြည်အလုပ် က စာအုပ်အဟောင်းတွေစုဆောင်းသည်။ နောက် စာအုပ်အဟောင်းဈေးကွက်တွင် သူ့ကို မသိသူမရှိ။ သူ့နာမည်ကို သူ့ဟန်ပန်နေထိုင်ပုံထဲက ထူးခြားသော အချက်တစ်ခုကိုအစွဲပြုပြီး ခေါ်ဝေါ်ကြသည်။ သူ့ကို ပုဆိုးတို ဝင်ကြည်ဆို စာပေလောက သားတွေ နောက်နိုင်ငံရေးလောက သားတွေ တော်တော်များများက သိကြသည်။ဒီတော့ သူ့နားကပ်ပြီး

 

“ ဦးဝင်းကြည် အဲ့ဒါဘယ်သူလဲအသိလား ”

 

သူကခေါင်းငြိမ့်ပြသည်။ ပြီးလေးသံဖြင့်

 

“မသီတာ စမ်းချောင်း”

 

ထင်ရှားသည့် စာရေးဆရာမတစ်ဦး။ သူ့ကို အတူနေသူတွေထဲက နေတင်မြင့်၊ကိုသက်ဦး တို့ သူတို့အမှုတွဲ ဖြစ်ကြောင်းပြောသံကို ကြားဖူးနေသည်။ ခုသူတို့ကိုအမိန့်ချတော့မည်ဆိုတာကိုပါ ထောင်ထဲက ကြားထားခဲ့သည်။ အဖမ်းမခံရခင် ရက်ပိုင်းကမှ ဖတ်မိခဲ့သော သတင်းစားထဲကသတင်းတွင် ဒေါက်တာအောင်ခင်ဆင့်၏ အမျိုးသားညီလာခံထဲက ကိစ္စနှင့်ပတ်သက်ပြီး ဖမ်းဆီး ထားသောသတင်းကို အမှတ်ရလိုက်မိသည်။ ထို အမှုတွဲတွေနှင့် ခုမသီတာတို့ ဆက်စပ်နေသည်။ စာရေးဆရာတစ်ဦးက စာအုပ်သမားတစ်ဦးကိုမရင်းနှီးသော်လည်း မကြာမကြာတွေ့မြင်ဘူးနေမှာကသေချာသည်။ ခုတော့မသီတာ တအံ့တအောဖြစ်နေပြီ။သူလည်းငါ့လိုပါပဲလားလို့ ပါတွေးချင်တွေး နေမှာ။

 

စာအုပ်သမားနှင့် ပစ္စည်းဟောင်းတွေ စုဆောင်းတာဝါသနာ ထုံသော ဦးဝင်းကြည်၊ နိုင်ငံရေးစိတ်ဝင်စားသော ဦးဝင်းကြည်။ ဒီအချက်တွေကပင် သူအားလည်း ခုလိုအဖမ်းခံရဖို့ ဖြစ်လာသည်မဟုတ်လား ။ သူရှာဖွေ တွေ့ရှိခဲံ့ စုဆောင်းထားရှိသည့် အထဲမှ အသုံးဝင်မည်ထင်သော ပစ္စည်း၂ခုကို ပေးခဲ့မှုဖြစ်သည်။

 

အားလုံး ထောင်ထဲကိုပြန်ဝင်ကြဖို့ကားပေါ်သို့ တက်လိုက်ကြသည်။ ရုံးထွက်ဖြစ်လျှင် ကိုယ်နှင့်ပတ်သက်သူတွေနှင့် ဆုံရသည်ဆိုသော်လည်း တစ်ယောက်ကိုမျှမတွေ့ခဲ့ရ။ နောက်တခေါက်ရုံးချိန်းကိုသာစောင့်မျှော်ရတော့မည်။ တစ်ခဏသာ အပြင်ကိုထွက်ခဲ့ရခြင်း ကိုပင် အရသာထူးတစ်ခုကို ဆုလာဘ်တစ်ခု ရယူလိုက်ရသလို စိတ်ထဲက ကျေနပ်မှုက လူတိုင်းကိုယ်စီ ရွှင်ရင်ပြပြ ဖြစ်နေတာကိုကြည့်ပြီးသိနှိုင်ပေမည်။ ထောင်ထဲက လူတွေ မှာကြားလိုက်တာက သတင်းကိုရသမျှနားထောင်ခဲ့ ဟုဖြစ်သည်။ ခုတော့ အထဲကမိတ်ဆွေ တောင့်တနေသော သတင်းလေးထူးလေး တွေက တခုမှရမလာခဲ့။

 

ထောင်ဝင်စာ လာပြီးသူတိုင်း ပါလာတတ်သည့် စကားများတွင် သတင်းက လူတိုင်းငံလင့်နေသော အရာဖြစ်သည်။ သတင်းစုံ ပါတတ်သည့် လူများထောင်ဝင်စာအပြန်ဆိုလျှင်  လူတွေဝိုင်းနေတတ်သည်။ ခုလို အပြင်ရုံးထွက်သူများ အပြန်သည်လည်း ထောင်ထဲကလူတွေ စောင့်မျှော်နေသော ကာလတစ်ခုပင်။

 

နောက် တခါ ရုံးချိန်းသည်  ရုံးမှာရင်ဆိုင်ရမှာတွေအတွက်ကော အပြင်က ကိုယ်နှင့်သက်ဆိုင်သူတွေကို ဆုံတွေ့နှိုင်ဖို့အတွက် ပါ ဘယ်လိုတွေ လုပ်ဆောင်သင့်သည် ဆိုတာကိုပါ စိတ်စောနေသည်။ ရုံးချိန်းပေါင်းမျာဒးစွာကို ဆက်တိုက် တွေ့ရပေဦးမည်။ ရင်ဆိုင်ရမှုအသစ် များနှင့် ဖြေရှင်း စရာရှိသည်တို့ကို မျှမျှတတ ဖြေရှင်းခွင့်ဆိုသည်က တောင့်တ၍ ရကောင်းသောအရာမဟုတ်မှန်းသိနေကြပြီးဖြစ်သည်။

 

နေတတ်လျှင်ကျေနပ်စရာကိုရရမည်ဆိုသောအသိစိတ်က ရုတ်တရက် စိတ်ထဲ ဝင်လာသည်။  ပြင်ပက ကိစ္စ တာဝန်ဟူသမျှ ကိုယ့်ပခုံးပေါ်တွင်မရှိတော။့သည်အသိ သည်အတွေးက စိတ်ထဲကဝန်ထုတ်ကြီးတခုကိုထုတ်ပစ်လိုက်သလိုတောင် သက်သာရာကိုရလိုက်သေးသည်။ ဝင်ရောက်လာတောအတွးက  သံဃာ ၄၀ကျော်တို့အတွက် ပူပန်ခဲ့ရသော နေရက်များကို တံခါးပိတ်သော့ ခတ်ပြီးထားသလိုဖြစ်သွားရသည်။ 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts