ဂါမဏိ ရသဆောင်းပါးစုံ

ဂါမဏိ ● မူးယစ်သမင်၊ မူးယစ်မိုးနဲ့ ကုလမုဆိုး

ဂါမဏိ ● မူးယစ်သမင်၊ မူးယစ်မိုးနဲ့ ကုလမုဆိုး
၂ ၁ ရာ စု ပ င် လုံ စာ စ ဉ် ( ၂ ၉ )
(မိုးမခ) သြဂတ်စ် ၂၂၊ ၂၀၁၆

“အမေရိကန်၊ ရုရှား၊ တရုတ်တို့ဆီမှာ အနုမြူလက်နက်ရှိတယ်။ ငါတို့မှာလည်း ဘိန်းဖြူလက်နက်ရှိတယ်။”

ဒီစကားကတော့ ၁၉၈၀ ခုနှစ်များနဲ့ ၁၉၉၀ ခုနှစ်များတုံးက (ယာမ စိတ်ကြွဆေး ခေတ်မစားခင်) မဆလ-နဝတ-နအဖ စစ်ဗိုလ်ချုပ်တွေ ခိုးကြောင်ခိုးဝှက်နဲ့ ဂုဏ်ယူဝင့်ကြွား ဟစ်ကြွေးခဲ့တဲ့စကားဖြစ်ပါတယ်။ ဒီစကားအတိုင်း ထိုင်း အာဆီယံ အမေရိကန်တို့ကိုတိုက်ဖို့ ဘိန်းဖြူထုတ်လုပ်တင်ပို့ရေးကို ဗမာစစ်အာဏာရှင်တွေက နောက်ကွယ်က အခိုင် အမာအားပေးခဲ့ ပါတယ်။ ၁၉၉၀-၉၁ တုံးကလည်း ဗိုလ်ချုပ်မောင်အေးဟာ အမေရိကန်ကိုမူးယစ်ဆေးလက်နက်နဲ့ တိုက်ရမယ်ဆိုတဲ့ လမ်း ညွှန်ချက်ကို အသစ်တဖန်ပြန်ချပေးခဲ့ပါတယ်။

ဒီရည်ရွယ်ချက်နဲ့ဘဲ ခွန်ဆာကိုမွေးခဲ့တာဖြစ်ပါတယ်။ (ကွန်မြူနစ်နဲ့ တိုင်းရင်းသားသူပုန်တွေကို စစ်တပ်ကိုယ်စားတိုက်ပေးဖို့ ရည်ရွယ်ချက်လည်း ပါခဲ့တယ်။) လက်ရှိနအဖ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်မောင်အေး အပါအဝင် ရပခတိုင်းမှူးတွေကို ခွန်ဆာက နှစ်စဉ်ဆက်ကြေး ပုံမှန်သွင်းခဲ့ရပြီး စာအဆက်အသွယ် အမြဲရှိခဲ့ပါတယ်။ စီးပွားရေးကိစ္စတွေ၊ တိုင်းရင်းသားသူပုန်သတင်း ဗကပသတင်းတွေ၊ စစ်ဆင်ရေးသတင်းတွေ ဖလှယ်ခဲ့ပါတယ်။ ဟိုတုံးကငွေတန်ဖိုးနဲ့ တနှစ်ကို အနည်းဆုံး ကျပ် သိန်း ၃၀၀၀ လောက် သွင်းပေးခဲ့ပါတယ်။ ကတော်တွေအတွက် ယိုးဒယားပစ္စည်းလက်ဆောင် တွေကတော့ ပြောစရာကို မလိုတော့ပါ။ ဒါ့အပြင် ခွန်ဆာဟာ ၈၈ ခုနှစ် နဝတ အာဏာသိမ်းစ ဘဏ္ဏာရေးအကြပ် ဆိုက်နေချိန်၊ နိုင်ငံတကာကလည်း ငွေကြေးအထောက်အကူဖြတ်တောက်ထားချိန်မှာ ကျပ်ငွေရော ဒေါ်လာငွေပါ ထောက်ပံ့ ချေးငှားပေးတာတွေ လုပ်ခဲ့လို့ နဝတ အသက်ရှူပေါက်ရသွားခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ခွန်ဆာဟာ မူးယစ်ဂိုဏ်းပီပီသသ မနေတော့ဘဲ ရှမ်းပြည်လွတ်လပ်ရေးတွေ အမျိုးသားရေးတွေ ဝင်ယောင်လာလို့တကြောင်း၊ နဝတအဖို့ အရှေ့မြောက် အပစ်ရပ်အဖွဲ့ကြီးတွေနဲ့ စီးပွားရေးလုပ်ရတာ ပိုတွက်ခြေကိုက်လာတဲ့ အတွက်တကြောင်း နဝတဟာ ခွန်ဆာရဲ့ အမ်တီအေတပ်တွေကို အလေးအနက်စစ်ဆင်ရေးလုပ် အပြုတ်ဖြုတ် ခဲ့ရပါတယ်။

ဒီလိုနဲ့ စစ်ဗိုလ်ချုပ်တွေဟာ မူးယစ်ဆေးကုမ္ပဏီသစ်တွေကို ထူထောင်လည်ပတ်လာခဲ့ပါတယ်။ အပစ်ရပ်အဖွဲ့တွေကို မူးယစ် ဆေးလုပ်ငန်းထဲနစ်အောင် တခြားစီးပွားရေး လုပ်ငန်းတွေပိတ်ဆို့၊ ဖိအားတွေ မက်လုံး ဆွယ်လုံးတွေ ပေးခဲ့ပါတယ်။ နံပတ်၃၊ နံပတ် ၄၊ ယားမစိတ်ကြွဆေးတွေကို ပြည်ပဈေးကွက်အတွက်ဘဲ ထုတ်လုပ်ဖို့၊ ပြည်တွင်း ဈေးကွက်မှာ မဖြန့်ဖို့အတွက် မူးယစ်ဆေးထုတ်လုပ်သူတွေ မူးယစ်ဆေးကုန်သည်တွေကို နဝတ ထောက်လှမ်းရေးတွေ၊ တိုင်းမှူး တွေ၊ တိုင်းစစ်ဌာနချုပ် ဂျီ-ဝမ်း၊ ဂျီ-တူး (စစ်ဦးစီးအရာရှိ ပထမဆင့် နဲ့ဒုတိယဆင့်) တွေက ကိုယ်တိုင်ကိုယ်ကျခေါ် ပြောခဲ့ပါတယ်။ ဆက်ကြေး မှန်မှန်ပေးဖို့ နဲ့ ရှယ်ယာပါရဖို့လည်းညှိတာကတော့ ထည့်ပြောစရာ လိုမယ်မထင်ပါ။

ဒါပေမဲ့ စစ်အုပ်စုဟာ ဘယ်သူတေတေ ငတေမာပြီးရောသမားတွေဖြစ်တဲ့အတွက် အဲဒီ “အိတ်စ်ပို့ပေါ်လစီ” ကိုလည်း သူ တို့အထဲကဘဲ ပြန်ဖောက်ဖျက်ခဲ့ပါတယ်။ နအဖထောက်လှမ်းရေးတွေ၊ ဗျူဟာ-တပ်မ-တိုင်းစစ်ဌာနချုပ်အဆင့်အရာရှိတွေ ဦးစီးပြီး စစ်တပ်လက်ဝေခံ မူးယစ်ဆေးကုန်သည်တွေ လက်လီလက်ကားသမားတွေကို ရှမ်းပြည်၊ ကယား ပြည်၊ ကချင်ပြည်၊ မန္တလေး၊ ရန်ကုန်တို့မှာ ဈေးကွက်တွေဖွင့်ခိုင်းခဲ့ကြပါတယ်။

ဘိန်းဖိုတွေ  ယာမစက်ရုံတွေဟာ နယ်မြေခံ တပ်ရင်းမှူး၊ ဗျူဟာမှူး၊ ထောက်လှမ်းရေးတို့ကို ပုံမှန်ဆက်ကြေး ပေးရရုံတင်မက တိုင်းမှူးအထိပါ ပေးရပါတယ်။ တချို့ကလည်း တိုင်းမှူးကိုခွဲမပေးချင်လို့ ဗျူဟာမှူး ရင်းမှူးလောက်နဲ့ဘဲ လျှို့ဝှက်လုပ်တာတွေ ရှိပါတယ်။ ဒီထက်နိမ့်တဲ့ ဗိုလ်ကြီး ဗိုလ်မှူးတွေကတော့ မူးယစ်ဆေးချိန် မူးယစ်ဆေး၊ ဆိုင်ကယ်ချိန် ဆိုင်ကယ်၊ ဝစ်သောက် ကားချိန် ဝစ်သောက်ကား၊ ကျောက်စိမ်းချိန် ကျောက်စိမ်း စတဲ့ကယ်ရီလုပ်ငန်းတွေနဲ့ဘဲ ရပ်တည်နေကြပါတော့ တယ်။ ကုန်ကုန်ပြောရရင် ဘီယာ၊ အချိုမှုန့်တောင် ကယ်ရီလုပ်ပေးပါသေးတယ်။ ရဲဘက်စခန်းမှာ သေစာရင်းပြလိုက်တဲ့ အကျဉ်း သားလောပန်းတွေကိုလည်း စစ်ဗိုလ်တွေကဘဲ အိမ်အရောက်ကယ်ရီလုပ် ပို့ဆောင်ပေးပါသေးတယ်။ စစ်တပ်ကို အသိမပေးဘဲလုပ်နေတဲ့ မူးယစ်ဆေးကုန်သည်တွေ စက်ရုံတွေကတော့ ဖမ်းဆီးခံ သိမ်းဆည်းခံကြရပါတယ်။ နယ်မြေခံ ထောက်လှမ်းရေး တပ်ကြပ် ၂ ရစ်လောက်ကို လိုင်းကြေးပေးတဲ့ ရပ်ကွက်တွင်း လက်လီသမားတောင် အဖမ်းမခံရပါဘူး။ ဒါပေမဲ့ အထက်ကစီမံချက်လာရင်တော့ ဒီလက်လီသမားတွေကို နယ်မြေခံ ထောက်လှမ်းရေးက မကယ်နိုင်တော့ပါဘူး။ ဆင်ကြီးတွေလွှတ်ပေးပြီး ခြင်ကလေးတွေ အဖမ်းပြတာ စစ်အာဏာရှင်ခေတ်ရဲ့ လုပ်ရိုးလုပ်စဉ်ပါဘဲ။

ဒါတွေဟာ ဗိုလ်ချုပ်ခင်ညွန့်နဲ့ထောက်လှမ်းရေးယန္တရားကြီး ရှိတုံးကရော၊ ဗိုလ်ချုပ်ခင်ညွန့်ပြုတ်ပြီးနောက်မှာရော အပြောင်း အလဲမရှိ တသမတ်တည်း ဖြစ်ပေါ်ထွန်းကားနေတာ ဖြစ်ပါတယ်။

တဖက်ကကြည့်တဲ့အခါ ငြိမ်းချမ်းရေးအဖွဲ့ကြီးတွေဟာ လူအ,တွေ မဟုတ်ပါဘူး။ လက်နက်ကိုင်တိုက်နေတဲ့ခေတ်ကတည်း က တရုတ်ဘာသာနဲ့လွှင့်တဲ့ ဘီဘီစီ ဗွီအိုအေကို နားထောင်ခဲ့သူတွေဖြစ်ပါတယ်။ (ဗကပကို ပုန်ကန်အာဏာသိမ်းတုံးက သွေးထွက်သံယိုမရှိအောင် အထူးဂရုစိုက်ခဲ့သူတွေဖြစ်ပါတယ်။) ဒီကနေ့ ကမ္ဘာ့ရေစီးကြောင်းကို နားလည်သဘောပေါက် သူတွေ ဖြစ်ပါတယ်။ ကမ္ဘာမှာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးခေတ်စားလာတာ၊ မူးယစ်ဆေးပြဿနာကို လူသားအားလုံးက ရှုံ့ချ ဝိုင်းပယ်လာတာ စတဲ့ ပင်မရေစီးကြောင်းတွေကို ကိုယ့်ဒေသ ကိုယ့်အဖွဲ့အစည်း အနေအထားနဲ့ ကိုက်ညီ သဟဇာတဖြစ် အောင် လုပ်ဖို့လိုအပ်ချက်ကို ကောင်းကောင်းသဘောပေါက်လာသူတွေ ဖြစ်ပါတယ်။

ငြိမ်းအဖွဲ့ကြီးတွေဟာ ရာစုနှစ်နဲ့ချီ အမြစ်တွယ်လာတဲ့ မူးယစ်ဆေးပြဿနာကို ဖြေရှင်းဖို့ တတ်နိုင်သမျှ တခြားကောင်းရောင်း ကောင်းဝယ်ရော၊ မူးယစ်ဆေးမဟုတ်တဲ့ တခြားမကောင်းရောင်း မကောင်းဝယ်တွေပါ အမျိုးမျိုးဖြန့်ခွဲ diversify လုပ်ပြီး အဖွဲ့အစည်းရပ်တည်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ တဦးချင်းစီးပွားရေးတွေအတွက်လုံးပန်းနေတာ မြန်မာပြည်တပြည်လုံးမျက်မြင်ဖြစ်ပါတယ်။

ဒါကြောင့် မူးယစ်ဆေးပပျောက်ရေးတွေကို နှစ်ကာလသတ်မှတ်ပြီး ပြတ်ပြတ်သားသားဆောင်ရွက်ခဲ့ကြသလို ဘိန်းတပင် တွေ့ရင် ခေါင်းဖြတ်သွားပါလို့တောင် ရဲရဲကြီး အာမခံခဲ့ကြပါတယ်။ ကုလသမဂ္ဂအဖွဲ့အစည်းတွေ အဲန်ဂျီအိုတွေကို ငြိမ်းဒေသ အတွင်း အချိန်မရွေးတံခါးမရှိဓားမရှိ ဝင်ထွက်စစ်ဆေးခွင့်ပြုခဲ့ပါတယ်။ ဒါမျိုး အကန့်အသတ်မရှိ စစ်ဆေးခွင့်ကို နအဖ အုပ် ချုပ်တဲ့ဒေသတွေမှာ မရပါဘူး။

ဒါပေမဲ့ UNODC လို့ခေါ်တဲ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံးကတော့ မြန်မာပြည်ရဲ့ မူးယစ်ဆေး ပြ ဿနာမှာ နအဖစစ်အုပ်စုရဲ့အခန်းကဏ္ဍကို ရေငုံနှုတ်ပိတ်နေပြီး ငြိမ်းအဖွဲ့တွေကို အပြစ်ပုံချနေပါတယ်။ နိုဝင်ဘာ ၂၆ ရက်နေ့မှာ ကုလမူးယစ်နဲ့ရာဇဝတ်ရုံးရဲ့ အာရှ-ပစိဖိတ်ဆိုင်ရာကိုယ်စားလှယ်ဆိုသူ ဂယ်ရီလူးဝစ္စက မြန်မာပြည်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ အနာဂတ်မရေရာတဲ့အတွက် မူးယစ်ဆေးဝါးတွေ အကြီးအကျယ်ထုတ်လုပ် ရောင်းချပြီး ငွေစုနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ အဲဒီနေ့မှာ သူတို့ထုတ်ပြန်လိုက်တဲ့ ၂၀၀၉ ခု အရှေ့အာရှနဲ့ အရှေ့ တောင်အာရှဆိုင်ရာစိတ်ကြွဆေးအလားအလာနဲ့ပုံစံများ အစီရင်ခံစာမှာ စိတ်ကြွဆေးတွေကို အဓိကအားဖြင့် ကိုးကန့် နဲ့ ဝ အပစ်ရပ်နယ်မြေတွေမှာ ထုတ်လုပ်နေတယ်လို့ဆိုထားပါတယ်။ ဇွန်လက ထုတ်ပြန်တဲ့ ၂၀၀၉ ခု ကမ္ဘာ့မူးယစ် ဆေးအစီရင်ခံစာမှာလည်း ဝ ပြည်သွေး စည်းညီညွတ်ရေးတပ်မတော် (ဝ ငြိမ်းအဖွဲ့)၊ ကိုးကန့်ငြိမ်းအဖွဲ့နဲ့ ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) တို့ဟာ ယာမစိတ်ကြွ ဆေးထုတ်လုပ်ရေးကို အဓိက ဆောင်ရွက်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

ဒါပေမဲ့ နအဖစစ်အစိုးရကတိုက်ရိုက်နဲ့ အကြွင်းမဲ့ချုပ်ကိုင်ထားတဲ့ အပြီးအပိုင်လက်နက်ချတဖြစ်လဲ ပြည်သူ့စစ် အဖွဲ့တွေကို တော့ တခွန်းမှပြောမထားပါဘူး။ တကယ်တော့ ဒီအဖွဲ့တွေဟာ လုံးဝရာနှုန်းပြည့် နအဖချုပ်ကိုင်မှုအောက်မှာ နံပတ် ၃၊ နံပတ် ၄၊ ယားမတွေကို လွတ်လွတ်လပ်လပ်ထုတ်လုပ်နေကြတာ ရှမ်းပြည်ကဒေသခံတွေ အားလုံးအသိဖြစ်ပါတယ်။ ဥပမာ ပြရရင် ခွန်ဆာအဖွဲ့က အကြွင်းမဲ့လက်နက်ချခဲ့ပြီးနောက် နအဖက အထူးဖွံ့ဖြိုးရေးဒေသတွေ သတ်မှတ်ပေးပြီး ပြည်သူ့စစ် သို့မဟုတ် သကဆဖ (သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့)အဖြစ် ခန့်အပ် ပေးထားတဲ့ ဟိုမိန်းအခြေစိုက် မဟာဂျာဦးစီးအဖွဲ့၊ နားရိုင်းအခြေစိုက်လီချန်ဦးစီးအဖွဲ့၊ မတ်ကျန်း (နမ့်စန်) အခြေစိုက် လင်းဆိုင်ဦးစီးအဖွဲ့တွေဟာ ရပခကို တနှစ် သိန်း ၄၀၀၀ စီဆက်ကြေးသွင်းပြီး ဘိန်းဝါ၊ ဘိန်းဖြူ၊ ယာမကြိုက်သလို ထုတ်နေကြပါတယ်။ (မဟာဂျာကိုယ်တိုင်က ဘိန်းမည်းစွဲနေ ရှူနေပါတယ်။) ဒီအဖွဲ့တွေဟာ ဘိန်းခြံတွေပေါင်းရှင်းဖို့၊ ဘိန်းစေးခြစ်ဖို့အတွက် ခြံအလုပ်သမားတွေကို တလ ကျပ်ငါးသောင်း ပေးမယ်လို့ လော်စပီကာနဲ့ တောင်ကြီးမြို့ထဲ လှည့်အော်ငှားတဲ့အထိ ဗြောင်ကျကျလုပ်နေတာဖြစ်ပါတယ်။

ခွန်ဆာအဖွဲ့ဝင်ဟောင်းလည်းမဟုတ်၊ ပြည်သူ့စစ်လည်းမဟုတ်တဲ့ ပုဂ္ဂလိကလောပန်းတွေ ဦးစီးလုပ်နေတဲ့ ဖိုတွေ စက်ရုံ တွေလည်း ရပခသို့မဟုတ် သက်ဆိုင်ရာ ဗျူဟာ၊ တပ်ရင်းတွေကို နှစ်စဉ်ကြေးသွင်းပြီးလုပ်နေတာ ကွန်ဟိန်းနယ်ကာလိ၊ ပင်လောင်းနယ် ထီဘွာ၊ ဖယ်ခုံနယ် လအိလတိန်၊ ဆီဆိုင်နယ် မဲနယ်တောင် လွယ်မောတောင် စတဲ့နေရာ တွေမှာ ရှိနေပါတယ်။ ဒါတွေဟာ ကိုးကန့် ဝ တို့နဲ့ ဘာမှမဆိုင်ဘဲ နအဖနယ်မြေသက်သက်ဖြစ်ပါတယ်။ ရလလဖ ပအိုဝ်းငြိမ်းချမ်း ရေးအဖွဲ့ရဲ့ ဝါရင့်ခေါင်းဆောင် တာကလယ်ကို ဖြုတ်ချအာဏာသိမ်းခဲ့တဲ့ ချစ်မောင်ဟာ အာဏာရ ပြီးတဲ့အခါ ရပခတိုင်းမှူး၊ ဆီဆိုင်က စကခ-၇ ဗျူဟာမှူး၊ ဘန်းယဉ်က ခမရ ၄၂၅ နဲ့ ၄၂၆ ရင်းမှူးတို့ကို ဆက်ကြေး စုစုပေါင်း တနှစ် သိန်း ၁၀၀၀ သွင်းပြီး လွယ်မောဂွင်၊ဟိုနမ်းဂွင်နဲ့ ဘန်းမတ်ဂွင်တွေမှာ ဘိန်းဖိုတွေတည်ခဲ့တာ ဖြစ်ပါတယ်။ ဆက်ကြေးပေးရုံတင်မက အစုရှယ်ယာတွေပါ လက်ခံပေးခဲ့ရပါတယ်။ (မြို့ပေါ်ကအနှိပ်ခန်းတွေ၊ ကာရာအိုကေခန်းတွေမှာ ထောက်လှမ်းရေးနဲ့ စစ်တပ်က ရှယ်ယာဝင်သလိုမျိုးပါဘဲ။) အချင်းချင်း အဝေမတည့်ရာက  ၂၀၀၇ ဇူလိုင်-သြဂုတ်လထဲမှာ အပြီးအပိုင်လက်နက် ချသွားခဲ့ပေမဲ့ “အလုပ်” ကိုတော့ ကာလတခုအထိ ဆက်လုပ်ခွင့် ရခဲ့ပါသေးတယ်။

ရှမ်းပြည်အရှေ့ပိုင်းတြိဂံတိုင်းမှာလည်း ခွန်ဆာလက်နက်ချတဖြစ်လဲ တရားဝင်ပြည်သူ့စစ်တွေဖြစ်တဲ့ မုန်းထော်-မုန်းထ အခြေစိုက် ဆံမွန်းဦးစီးအဖွဲ့၊ နမ့်ပုန် (တာချီလိတ်) အခြေစိုက် ရီရှင်းဦးစီးအဖွဲ့၊ ဟောင်လွတ် (တာချီလိတ်) အခြေစိုက် နော်ခမ်းဦးစီးအဖွဲ့တွေဟာ ကျိုင်းတုံက နအဖတိုင်းမှူးကို သိန်းထောင်နဲ့ချီဆက်ကြေးသွင်းပြီး မူးယစ်ဆေး လုပ်ငန်းမျိုးစုံလုပ်နေ တာ ဖြစ်ပါတယ်။ နော်ခမ်းအဖွဲ့ဆိုရင် သောင်းကျန်းလွန်းလို့ နောက်ဆုံးမှာ တရုတ်အစိုးရ ဖိအားပေးမှုနဲ့ ၂၀၀၉ ဖေဖော်ဝါရီ လမှာ နအဖက ဟန်ဆောင် ပန်ဆောင်နှိမ်နင်းပြခဲ့ရပါသေးတယ်။ တြိဂံတိုင်းထဲမှာ ခွန်ဆာလူဟောင်း တခါမှမဖြစ်ခဲ့ဖူးတဲ့ မိုင်းတုံ မိုင်းဆတ်နဲ့ တာချီလိတ်နယ်တွေက လားဟူပြည်သူ့စစ်တွေ လည်း ပုဂ္ဂလိက လောပန်းတွေနဲ့တွဲပြီး ဘိန်းချက်စက်ရုံ၊ ယာမစက်ရုံတွေကို တိုင်းမှူး၊ ဗျူဟာမှူးတွေဆီ ဆက်ကြေးပေး တည်ထောင်ထားပါတယ်။

ရမခနယ်မြေ ရှမ်းပြည်မြောက်ပိုင်းမှာတော့ တိုင်းမှူးကို ရပခ၊ တသခ မှာလို ဆက်ကြေးပေး မူးယစ်ဆေး ထုတ်လုပ် ကူးသန်း ရောင်းဝယ်နေတဲ့ ခွန်ဆာလူဟောင်း တရားဝင်ပြည်သူ့စစ် ဗိုလ်မွန်းဦးစီး မန်ပန် (တန့်ယန်း) အခြေစိုက်အဖွဲ့၊ လောမား ဦးစီး မုန်းဟင်-မုန်းဟ (မိုင်းရယ်) အခြေစိုက်အဖွဲ့တွေဟာ နာမည်ကြီးတွေ ဖြစ်ပါတယ်။ ဒါ့အပြင် တသက်လုံး နအဖပြည်သူ့စစ် ဘဲလုပ်ခဲ့တဲ့ နမ့်ခမ်းနယ်မြေက (ခိုလုံလီရှော) ပန်ဆေးကျော်မြင့်အဖွဲ့၊ ကွတ်ခိုင်နယ်က တီခွန်မြတ် အဖွဲ့၊ မုံးကိုးနယ်က နော်ခမ်း အဖွဲ့၊ ဖောင်းဆိုင်နယ်ကတီခွန်တွေ အဖွဲ့၊ အုန်းစွမ် (မိုင်းငေါ့) က ကျော်အုံးအဖွဲ့၊ မုန်းဝီးက မြင့်လွင်အဖွဲ့၊ ရှောက်ဟော်က လှမြင့် အဖွဲ့၊ ကွမ်းလုံက ဟော်ရှောက်ချမ်း အဖွဲ့တွေဟာ ကိုးကန့်၊ ဝ တို့လို နာမည်မထွက်ဘဲ မူးယစ်ဆေး လုပ်ငန်းကို နအဖ တိုင်းမှူးအဆက်ဆက်ခွင့်ပြုချက်နဲ့ ဆက်ကြေးပေးပြီး တရားဝင်သဘောမျိုး လုပ်နေတာ နှစ်ပေါင်းများစွာ ကြာနေခဲ့ပါပြီ။ ကုလသမဂ္ဂက ဒါတွေကို မသိပေမဲ့ နယ်မြေခံ လူထုတွေအားလုံးက သိနေကြပါတယ်။

ဒီကနေ့ ရှမ်းပြည်မှာ ဘိန်းအဓိကစိုက်တဲ့ဒေသတွေက ရှမ်းပြည်တောင်ပိုင်း ပင်လောင်း၊ ဟိုပုံး (မဲနယ်တောင်)၊ ဆီဆိုင် (လွယ်မောတောင်)၊ မိုင်းကိုင် (ဆင်တောင်) နယ်တို့ဖြစ်နေပါတယ်။ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ အပင်ကြီးထွားဆေးတွေ ထည့်ပြီး “ခေတ်မှီသိပ္ပံနည်းကျ” “အထူးအထွက်တိုး” နှစ်သီးစား သုံးသီးစား “သီးထပ်” စိုက်နေကြတာ ဖြစ်ပါတယ်။ ဒီနယ် မြေတွေဟာ နအဖသြဇာခံ ရှမ်းပြည်နယ်ကြံ့ဖွတ်ခေါင်းဆောင် အောင်ခမ်းထီ ဦးစီး ပီအဲင်အို(အထူးဒေသ ၆) အဖွဲ့ နဲ့ လက်နက်ချ ရှမ်းခွဲထွက် တပ်မဟာ ၇၅၈ (ကွယ်လွန်သူ မိန်းစိန်ရဲ့အဖွဲ့)ချုပ်ကိုင်ရာနယ်မြေတွေ ဖြစ်ပါတယ်။ ၂၀၀၉ မတ်-ဧပြီတုံးက ပီအဲင်အိုဌာနချုပ် ကျောက်တလုံးကို ပင်လောင်းနယ်က ဘိန်းစိမ်း ၁၇၆ ပိဿာ သယ်ယူလာတုံး ညောင်ရွှေမြို့နယ် (ဘီလူးချောင်းကူး) မှော်ဘီတံတားမှာ ဖမ်းမိခဲ့ရာမှာ ၇၃ ပိဿာ စာရင်းပျောက်သွားခဲ့ပါသေးတယ်။ ဒီသတင်းကို လည်း နအဖက ဖုံးဖိထားပါတယ်။

တချိန်က ငြိမ်းချမ်းရေးအထူးဒေသ ၇ လို့ သတ်မှတ်ခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်း ပလောင်ဒေသ နမ့်ဆန်၊ မန်တုံ နယ်မြေမှာ PSLP ပလောင်ငြိမ်းအဖွဲ့ဟာ ၂၀၀၅ ခု ဧပြီလမှာ လုံးဝလက်နက်ချ ဖျက်သိမ်းသွားခဲ့ပါတယ်။ ဒါပေမဲ့ပလောင်ဒေသမှာ ဘိန်းစားတွေ ယာမသမားတွေကတော့ အထူးတိုးများလာခဲ့ပါတယ်။ နောက်ဆုံး အဲဒီဒေသမှာ စခန်း ထိုင် နယ်မြေထိန်းနေတဲ့ နအဖတပ်သားတွေ အကြပ်တွေ၊ ဗိုလ်တွေ၊ ရဲတွေပါ ဘိန်းရှူ ဘိန်းစွဲ ယာမစွဲ၊ အရောင်း အဝယ်တွေလုပ်နေလို့ လူထုတွင်း မူးယစ်ဆေးစွဲပြဿနာ ဖြန့်ဖြူးမှု ပြဿနာကို တိုင်တန်းစရာနေရာ ကိုင်တွယ်တားဆီးနိုင်စရာအာဏာပိုင် မရှိတော့ပါ။

၂၀၀၉ သြဂုတ်လက ရပခဂျီဝမ်း (စစ်ဦးစီးအရာရှိ-ပထမတန်း) ဒုဗိုလ်မှူးကြီးမောင်မောင်မြင့်ရဲ့ဇနီး ကိုယ့်ကိုယ်ကိုသတ်သေမှု ဆိုတာဟာ တကယ်တော့ မူးယစ်ဆေး အရောင်းအဝယ်ကိစ္စ ဇာတ်လမ်းရှုပ်ပြီး အသတ်ခံရတာဖြစ်ပါတယ်။ ဒီအမှုမှာ ရပခတိုင်းမှူး၊ ဂျီဝမ်းနဲ့ စရဖမှူး ဗိုလ်မှူးကြီးဝင်းဗို တို့ပါဝင်ပတ်သက်နေပြီးရန်ကုန်မှာ ဘိန်းဖြူ ကီလို ၅၀၀ ဖမ်းမိမှုနဲ့ သက်ဆိုင်နေပါတယ်။ ဒါ့အပြင် ဇူလိုင်လတုံးကတာချီလိတ်မှာ ဘိန်းဖြူ ကီလို ၁၀၀၀ နဲ့ ယာမဆေးလုံး ၂ သန်းခွဲ ဖမ်းမိတာ၊ လားရှိုးမှာ ဘိန်းဖြူကီလို ၅၀၀ ဖမ်းမိတာတွေဟာ နအဖတပ်မှူးကြီးတွေနဲ့ တိုက်ရိုက်ပတ်သက်နေ ပါတယ်။ အတွင်းသတင်း တခုအရ ကမ္ဘောဇဘဏ် အမြတ်နည်းလာလို့ အစုရှယ်ယာရှင်တြွေုဖစ်တဲ့ ဆရာကျောင်းနဲ့ ဗိုလ်ချုပ်မောင်အေးတို့က မူးယစ် ဆေးလုပ်ငန်းမှာ တိုက်ရိုက်ဝင်လုပ်လာတယ်လို့လည်း ကြားရပါတယ်။ နအဖ တပ်မှူးကြီးတွေ ကိုယ်လွတ်ရုန်းနိုင်အောင် ဖမ်းမိတဲ့မူးယစ်ဆေးတွေကို ဖုံကြားရှင်း ကိုးကန့်အဖွဲ့အပေါ်တရားခံလွှဲပြတဲ့ အနေနဲ့ (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အာရုံလွဲအောင်) သြဂုတ်လကုန်ပိုင်းကစစ်တိုက်တာလို့လည်း တောင်ကြီးမှာ သတင်းထွက်နေပါတယ်။

ဒီကနေ့ကာလမှာ နအဖဟာနယ်ခြားစောင့်တပ်ဖွဲ့စည်းရေး လက်မခံဘဲ တိုင်းရင်းသားအခွင့်အရေးတောင်းဆိုနေတဲ့ ငြိမ်းချမ်း ရေးအဖွဲ့တွေကို စွဲချက်အမျိုးမျိုးနဲ့ လက်ညှိုးထိုး အကြောင်းရှာပြီး ချေမှုန်းဖို့ ပြင်နေပါတယ်။ အဲသလိုအခြေအနေမှာ ကုလမူးယစ်ဆေးရုံး UNODC ဆိုတဲ့အဖွဲ့က နအဖအလိုကျ တိုင်းရင်းသားငြိမ်းချမ်းရေး အဖွဲ့တွေကို လက်ညှိုးထိုး တရားခံရှာ ပေးတာဟာ ဘယ်လိုမှလက်ခံနိုင်စရာအကြောင်းမရှိပါဘူး။ ခေတ်ဟောင်းအမေရိကန်ရုပ်ရှင်ကလူရွှင်တော် ဂျယ်ရီလူးဝစ္စနဲ့ နာမည်ဆင်တူနေတဲ့ ကုလသမဂ္ဂ ဂယ်ရီလူးဝစ္စလည်း ဂန်ဖလားလို ‘ကျောက်ယူပြန်’ ဖြစ်နေပြီလား။

တဖက်မှာ ငြိမ်းအဖွဲ့ကြီးတွေဟာ သူတို့အမျိုးသားတွေကို ကိုယ်စားပြုထားတာ ဘယ်သူငြင်းချင်ပါသလဲ။ နအဖက မြန်မာနိုင်ငံကိုကိုယ်စားပြုထားတဲ့အခြေခံထက် ဒီအဖွဲ့ကြီးတွေက သူတို့အမျိုးသားတွေအပေါ် ကိုယ်စားပြုတဲ့အခြေခံက ပိုနက်ရှိုင်း ပိုခိုင်မာပါတယ်။ အမျိုးသားရေးအခြေခံပေါ် အဓိကရပ်တည်နေတာဖြစ်လို့ ဗမာပြည်ရဲ့ တိုင်းရင်းသားပြဿနာနဲ့ ခွဲလို့ မရပါ ဘူး။ အမျိုးသားရေးအခန်းကဏ္ဍကို အသိအမှတ်မပြုဘဲ မူးယစ်အခန်းကဏ္ဍကိုသာ ဦးတည် ကြည့်မြင်နေသရွေ့ မြန်မာနိုင်ငံ ရဲ့ ပြည်ထောင်စုပြဿနာမှာ ဘယ်တော့မှ အဖြေတွေ့မှာမဟုတ်သလို သွေးချောင်းစီး ပြည်တွင်းစစ်သံသရာကနေ ဘယ် တော့မှ လွတ်မြောက်မှာလည်း မဟုတ်ပါဘူး။

တကယ်တော့ ဗမာပြည်မှာ နအဖခေါင်ကမလုံလို့ မူးယစ်မိုးယိုနေတာဖြစ်ပြီး မူးယစ်သမင်ဟာ နအဖမင်းကြီးတာကဘဲ ထွက်နေတာဖြစ်ပါတယ်။ ဒါကိုမသိဘဲ ကုလသမဂ္ဂ မုဆိုးကြီးက မူးယစ်သမင်ကိုဖမ်းဖို့ကြိုးစားနေရင်တော့ ရေထဲ အရုပ်ရေး သလိုဘဲ ဖြစ်နေပါလိမ့်မယ်။

ဂါမဏိ
(၂၀၀၉)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts