ကဗျာ

ဆေးမီးတို ဗိန္ဓောဆေးနဲ့ အူမြူးနေတဲ့ကင်ဆာ

မောင်စိုးချိန်
ဇန်န၀ါရီ ၁၇၊ ၂၀၁၄

 

 

ကြက်ကန်းဆန်အိုးတိုး
ဘာတခုမှ မသိပဲလုပ်နေတာလား
မမြင်ပဲနဲ့လား
သိသိနဲ့ မသိယောင်ဆောင် လုပ်နေတာလား
မမြင်ယောင်ဆောင် သိသိနဲ့ပဲလား

 

တဟွတ်ဟွတ် ချောင်းဆိုးသွေးပါတာကို
ဘုန်းကြီးလျှာပွတ်ဆေးနဲ့ ကုနေတယ်
အရေပြားပေါ်မှာ အနူကွက်တွေ အပိန့်လိုက်
ဟိုတကွက် ဒီတကွက် ပွေးကိုင်းဆေးလိမ်းနေကြ
အဆစ်အမြစ်တွေ ရောင်ရမ်းကိုက်ခဲ
မထနိုင် မထိုင်နိုင် မကွေးနိုင် မဆန့်နိုင်
လာခဲ့စမ်းဟဲ့ ဆိုပြီး ဆီမှန်းနဲ့ ဥုံခံလိမ်းနေတယ်
အိပ်မရ စားမရ ခန္တာကိုယ် တချက်လှုပ်လိုက်မှဖြင့်
မောပမ်းနွမ်းလျ အသက်ထွက်မတတ်
ဗိန္ဓောဒူလာ ပျောက်ဆေးသောက်နေတယ်
ပန်းနာရင်ကြပ်ဆေးနဲ့ကုသ
မှိုစွဲမီးယပ်သွေးဆေး တဖုံထဲနဲ့ကုသနေတယ်။

 

တယ်လဲခက်ပါလား ကရို့
မဟုတ်မဟပ် မတော်မတဲ့နည်းတွေနဲ့
ဆန်စင်ရာ ကျည်ပွေ့လိုက်နေပြီ
ခုတ်ရာတခြား ရှရာတခြား
အနာနဲ့ဆေး တည့်အောင်မပေးဖြစ်နေပြီ
တလွဲဆံပင်ကောင်း မရောင်ရာဆီလိမ်း………။
ကင်ဆာ……ကင်ဆာ……ကင်ဆာ
ကိုယ်ခန္တာမြေတခွင်လုံးမှာ
မိစ္ဆာကင်ဆာ စွဲကပ်ပျော်ပါး
အရင်းအမြစ် ရောဂါအညှီကြောင့်
နောက်ပွားရောဂါတွေမှာလဲ ယင်ကောင်တွေ အုံကျင်းဖွဲ့လို့
ကင်ဆာဟာ ကိုယ်ခန္တာတပြည်လုံး ဖိနှိပ်ဖိစီးမြိုဝါး

 

အဓမ္မ သိမ်းပိုက် အမြစ်စွဲမင်းမူနေတယ်လေ
ရန်သူရောဂါကြီးနဲ့ စေ့စပ်ကြေအေးရေးဆေးဝါး
ဘုန်းကြီးလျှာပွတ်ဆေး  ဗိန္ဓောပွေးကိုင်းဆေး
ဒူလာမီးယပ်ဆေး
ဆေးမီးတိုပေါင်းစုံနဲ့ မန်းမှုတ်
ခေတ်သစ်ဗိန္ဓောဆရာတွေ ကုသနေသတဲ့လား။

 

အမြစ်စွဲ မိစ္ဆာကင်ဆာကို
နောက်ဆုံးပေါ်သိပ္ပံနည်းကျ တိုက်ပွဲနဲ့ ဖြိုဖျက်
ကင်ဆာကုသဆေးဝါးနဲ့ ဖျက်သိမ်းပါမှ
နောက်ဆုံးရောဂါကင်းပ ကိုယ်စိတ်နှစ်ပါးငြိမ်းအေးမယ်လေ။

 

အခုတော့
မသိလို့ပဲလား မမြင်လို့ပဲလား
တမင်သိသိနဲ့ ကုသနေသလား
ကိုယ်ခန္တာထဲက မိစ္ဆာကင်ဆာဟာ
ဗိန္ဓောဆေးမီးတိုတို့ရဲ့ လက်ထဲ
ဒူးတနှံ့နှံ့လေ တချွန်ချွန်
အူးမြူးသိပ်ပျော်နေလို့ပေါ့။
မောင်စိုးချိန်
ဇူလိုင် ၁၆၊၂၀၁၃

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts