ကဗျာ မင်းတာရာ
ရိုကျိုးလို့  ရှိခိုးပါ၏
မင်းတာရာ
ဇန်န၀ါရီ ၁၆၊ ၂၀၁၄
ကံ-စိတ်-ဥတု-အာဟာရ
မနုသတ္တဒုလ္လဘကို ကိုယ်ထင်ပြ
လောကဓံရှစ်ဝကို စစ်မက်ဖက်ပြိုင်
တပြန်တလှည့် အရှုံးအနိုင်တွေနဲ့ 
ပြည့်သူ့ကဗျာဆရာကြီး..ဦးတင်မိုး။
ဆေးလိပ်တိုချိန်
နေညိုမှိန်ပြီမို့ 
အိမ်အပြန်ပို့  ခိုင်းခဲ့တဲ့
ပြည်သူ့ ဘက်က ဆရာကြီးဦးတင်မိုး။
ဖန်မီးအိမ်နဲ့ …
ဘ၀ခရီးအချိန်တွေမှာ
ကြီးသူကို -ရိုသေ
ရွယ်တူကို -လေးစား
ငယ်သူကို- (ကရုဏာတရား)သနား
အသိ- တိုးပွါးစေခြင်းအလို့ ငှါ
စာကောင်း စာမွန်များစွာ
တပုံတခေါင်းကိုချန်သွား.ထားခဲ့
မြင့်မိုရ်ထက်က ဆရာကြီးဦးတင်မိုး။
မတရားစစ်ကို ဆောင်ဓါးမဖက်
အစွမ်းထက်မြက်ကလောင်လက်နက်စွဲကိုင်
အာဏာရှင်စနစ်ကို ဖြိုဖျက်ခဲ့သူ….သူလည်း
သူရဲကောင်းဆရာကြီးဦးတင်မိုး။
ရောက်ရာအရပ်မှာ
လောကကောင်းကျိုးကဗျာစပ်
ဗုဒ္ဓနှင့်တွေ့ ဆုံခြင်း ဆိုတာက အစ
မချန်မလပ်
မြင့်မြတ်တဲ့ စိတ်ထားတွေနဲ့ 
အသိတရား သတိစကားတွေ
ရာထောင်ချီ ချန်သွားခဲ့
အိုဘယ့်..ဆရာမြတ်သခင် ဦးတင်မိုး..။
နောင်မျိုး နောင်ဆက် (ငါတို့ တတွေ)
ဘယ်လိုမျိုးဖြစ်လို့  မေ့ဖို့ ကြိုးစားအံ့ပါ့နည်း..။
လူသေသွားလည်း…ဂုဏ် ညဏ်မသေ
သမိုင်းအတုတွေ ဘယ်သူပြုနိုင်အံ့မည်နည်း။
အို….
ရတနာ့ ရတနာ မြတ်ဆရာသခင်
ထိခြင်း ငါးအင်ဖြင့် ဦးနိမ့် ချချိုး
အကျွန်ုပ် ရိုကျိုးလို့ ရှိခိုးပါ၏ ဆရာသခင်။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives
Similar Posts