မြို့ကို ခေါ်လာသူတွေ

မင်းညွှန့်လှိုင်
ဇန်န၀ါရီ ၁၆၊ ၂၀၁၄

 

 

ဗန်ဂိုးအဝါရောင်တောက်လောင်လွင်တီးခေါင်ကြီး
နေရဲ့လျှာတစ်ထောင်ကလွဲလို့ ဘာမှမရှိ ။

 

နေရဲ့လျှာတစ်ထောင်ကလွဲလို့ ဘာမှမရှိ
အဲဒီ လွင်တီးခေါင်ကြီးထဲ
ကျောကုန်းမည်းပြောင်ပြောင်ကြီးတွေလေ
ကျေးလက်သီချင်းတွေ အပြိုင်ဟဲရင်း
တဲအိမ်လေးတွေကိုယ်စီဆောက်လို့
ရွက်ကျပင်ပေါက်သလို ရောက်လာကြပေါ့ ။

 

နောက်တော့ လွင်တီးခေါင်ကြီးထဲ
အုတ်သဲကျောက်တောင်ပူစာတွေ
သံချည်သံကွေး အရိုးစုတွေ
ကွန်ကရစ်ဖျော်စက်အော်မြည်သံတွေ
စက်ယန္တရားလမ်းလျှောက်သံတွေ
အသင့်စိုက်ပျိုးပြီးသစ်ပင်ပန်းမန်တွေ
တန်းစီပြီးပစ်ဝင်လာလေရဲ့ ။

 

ငြမ်းတွေကိုချွတ်ချလိုက်တဲ့အခါ
သုတ်ဆေးနံ့မစင်သေးတဲ့
အသစ်စက်စက်မြို့တစ်မြို့ကို
မိမွေးတိုင်း ဖမွေးတိုင်း တွေ့ ကြရတယ် ။

 

မြို့အသစ်ကိုမြင်ရတာပျော်ရွှင်စရာ
ထပ်ထပ်ပြီးပျော်ချင်ရှာလို့
ကျေးလက်သီချင်း တကြော်ကြော်နဲ့
ခြေသလုံးအိမ်တိုင် ကျောကုန်းမည်းမည်းကြီးတွေ
နယ်မြေသစ်ရှာထွက်ကြပြန်ရော ။

 

သူတို့ဘယ်လိုပစ်ပစ်ပေါ့
မြို့ကသူတို့ကို သိပ်ချစ်တာ
သူတို့သွားလေရာနောက်
တကောက်ကောက်လိုက်နေတော့တာပါပဲ ။        ။