မိုးမခကို ပေးတဲ့စာ

ကလေးစစ်သားကိစ္စ ကူညီဆောင်ရွက်ပေးနေသူတွေ ခြိမ်းခြောက်ခံရ

မိုးမခပေးစာ
ဇန်န၀ါရီ ၁၆၊ ၂၀၁၄
Photo : CNN

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့၊အမှတ်(ခ)ရပ်ကွက်နေ၊ ယုဇနလမ်း၊ အမှတ် (၁၂၈/ခ) နေ (ဘ) ဦးလှသိန်း၊ (မိ) ဒေါ်စန်းရီတို့၏သား မွေး သက္ကရာဇ် (၅-၅-၁၉၉၅) ရက်နေ့မွေးဖွားသူ ကလေးစစ်သား မောင်ကျော်နိုင်ဝင်းသည် ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလတွင် တပ်မတော်သို့ ၀င်ရောက်ခဲ့ပြီး ဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း (ဖောင်ကြီး) တွင် အခြေခံသင်တန်းတက်ရောက်ခဲ့ကာ ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလတွင် သင်တန်းဆင်း၍ ကိုယ်ပိုင်အမှတ်- တ/၄၅၄၈၆၀ တပ်သားအဆင့်ဖြင့် ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်၊ ခမရ (၃၄၈) တွင် တာဝန်ကျပြီး (၃-၇-၂၀၁၂) ရက်နေ့တွင် ခွင့်မဲ့ပျက်ကွက်ပြီး (၂၄-၇-၂၀၁၂) မှစ၍ စစ်ပြေးကြေညာခံရသူဖြစ်သည်။

 

(၂၂-၅-၂၀၁၂) ရက်နေ့တွင် ကလေးစစ်သား မောင်ကျော်ဝင်းနိုင်သည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) မှ  ကာကွယ်ပေး သည့်စာ (Protection Letter)  ထုတ်ပေးထားခံရသူဖြစ်ပါသည်။

 

(၁၃-၁၂-၂၀၁၃) ရက် နေ့လည် (၂) နာရီမှ (၁၄-၁၂-၂၀၁၃) ရက် မနက် (၁၀) နာရီအထိ ဗိုလ်ကြီးထူးလင်းသိန်းက ကလေးစစ်သား မောင် ကျော်နိုင်ဝင်းကို ဘိုကလေးမြို့မရဲစခန်းမှူး ဦးကျော်ဆန်းထံတွင် နာရီ (၂၀) ခန့် ထိန်းသိမ်းခံရခြင်းခံရသူဖြစ်ပါသည်။

 

(၁၁-၁-၂၀၁၄)ရက်နေ့ မနက်(၁၀)နာရီခွဲခန့်တွင် ဘိုကလေးမြို့၊ (၄)လမ်း၊ (၄)ရပ်ကွက်၊အမှတ်(၂၆) အခမဲ့ပညာသင်ကြားပေးနေသော ဒေါ်ဆွေဆွေဦးထံ ဗိုလ်ကြီး မျိုးအောင် ကိုယ်ပိုင်အမှတ်- ၄၉၀၈၈ သည်ကလေးစစ်သားနှင့်ပတ်သက်ပြီး လာရောက်မေးမြန်းရန် ရောက်လာသဖြင့် ဒေါ်ဆွေဆွေဦးက ခုံချပေးခဲ့သည်။ ကလေးစစ်သားနှင့်ပတ်သက်ပြီး “ခင်ဗျားနဲ့ပြောရင် ပြီးလား”ဟု ဗိုလ်ကြီးမျိုးအောင်ကမေးသောအခါ “ကျွန်မယောင်္ကျားနဲ့ ပြောမှရမယ်” ဟု ဒေါ်ဆွေဆွေဦးက ပြန်ဖြေပါသည်။ “ခင်ဗျားနဲ့ ပြောလို့မရရင်၊ ပြောစရာ၊ ထိုင်စရာအကြောင်းမရှိဘူး၊ ခင်ဗျားတို့ ဒီရုံးခန်းတွေ၊ စာသင်ခန်းတွေ၊ ကွန်ပြူတာတွေ သတိထား ” ဟု ကလေးမိသားစုများ၊  ကူညီဆောင်ရွက်ပေးသည့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ (HRDP) အဖွဲ့ဝင် အချို့နှင့် အဖွဲ့မှဖွင့်လှစ်ထားသည့် အခမဲ့ပညာသင်ကြားပေးနေသည့် ကျောင်းအားလည်းကောင်း ၊ ရိုင်းစိုင်းစွာ ပြုမူ ခြိမ်းခြောက်ပြောဆိုသွားခဲ့သည်။

 

လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ (HRDP) ဘုတ်အဖွဲ့ဝင် ဦးဇော်ထွန်းက “အဲဒီဗိုလ်ကြီးရဲ့အပြုအမူပြောဆိုမှုတွေဟာ နိုင်ငံတော် အစိုးရနဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမာအဖွဲ့ချုပ် (ILO) သဘောတူပူးပေါင်းဆောင်ရွက်ချက်တွေ၊ (၂၀၁၅) ခုနှစ်မှာ အဓမ္မခိုင်း စေမှု လုံးဝ ပပျောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်နေမှုတွေကို ပျက်ပြားအောင်လုပ်ဆောင်နေတာဖြစ်နေတယ်။ အဲဒီ ကလေးစစ် သားက အသက် (၁၆) နှစ်မပြည့်သေးခင် စုဆောင်းခံရတာ။ ကလေးသူငယ်ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (က) (ခ)၊ နဲ့ ကလေးသူငယ်များအခွင့်အရေးဆိုင်ရာသဘောတူစာချုပ် အပိုဒ်(၃၈)ကိုလည်း ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာ။ ကလေးမိသားစုဝင်များနဲ့ကူညီဆောင်ရွက်ပေးနေတဲ့ အရပ်ဖက် လူ့အဖွဲ့အစည်းများရဲ့ တည်ရှိမှုနှင့် လုံခြုံရေးမှုကိုပါခြိမ်းခြောက်နေတယ်။ နောက်နောင် ဤကဲ့သို့ မပြုလုပ်ဖို့ လိုအပ်ပါတယ်။ ကလေးသူငယ်ဥပဒေဟာ ကလေးသူငယ်တွေကိုလည်း ကာကွာပေးဖို့လိုပါတယ်။ ဒါမျိုးနောက်ထပ်မဖြစ်အောင် သက် ဆိုင်ရာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီကိုလည်း တင်ပြသွားပါမယ်။”ပြောသည်။

 

လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ (HRDP) က ကလေးစစ်သားနှင့်ပတ်သက်ပြီး (၁၅-၁-၂၀၁၄) ရက်နေ့တွင်  ထုတ်ပြန်ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts