ကဗျာ

ဂွါတီမာလာနဲ့ ဗမာပြည်က အရိုးတွန်သံများ

မောင်စိုးချိန်
ဇန်န၀ါရီ ၁၄၊ ၂၀၁၄

 

 

ပြည်တွင်းစစ် သုံးဆယ့်ခြောက်နှစ် မီးလျှံထဲမှာ
ခင်ဗျားဟာ အာဏာရှင်  ရို့စ်မွန်ကိုမွေးထုတ်ခဲ့
ပြည်တွင်းစစ် ၁၇နှစ်အကြာ
၁၉၈၂ မှာသူအာဏာရယူခဲ့
လူမျိုးတုန်းသတ်ဖြတ်ခဲ့ အာဏာရှင်တဲ့
လက်ဝဲသူပုန်တွေရဲ့   ထောက်ပံ့ရေးသမားတွေအဖြစ်နဲ့
မဲမဲမြင်သမျှ စွဲချက်တင်သတ်ဖြတ်ခဲ့ လူထု၂သိန်းကျော်
ဂွါတီမာလာ…….သင့်ကိုယ်ပေါ်မှာ  သွေးညှီနံ့တွေ စွဲနေတုန်းလေ။

 

 ဘာကြာသေးလို့လဲ
၂၀၁၃ မေလ၁၁ရက်မှာ
အာဏာရှင်ရဲ့ဖိနှပ်ဒဏ်
ပြည်တွင်းစစ်ဒဏ် ကုန်းခံခဲ့
အတေခံ အထုခံ ပေဖြစ်ခဲ့ သေဖြစ်ခဲ့
သမိုင်းတကွေ့ ဒီတလှည့်
အာဏာရှင် ပေ ပြန်ဖြစ်ခဲ့ပြီ
ငါးပျံတလှဲ့ ဗုံလုံတလှဲ့
မှန်ကင်းတလှဲ့ ထင်းတလဲု့ပေါ့နော်း
အာဏာရှင်ဟောင်း ရိုစ့်မွန့်တ် ကိုတရားစွဲဆိုရုံးတင်ခဲ့။

 

“သူဟာ ဥပဒေအတိုင်းဆောင်ရွက်ခဲ့ပါတယ်’”  တဲ့
ဗမာပြည်က သမတလုပ်စားနေတဲ့ စစ်ဗိုလ်ချုပ်
ခေါင်းပေါင်းဦးထုပ်က ဘီဘီစီကိုဖြေတယ်
“ သတ်ဖြတ်ဖိနှပ်ချေမှုန်းတာဟာ
ကိုယ့်အလုပ်ကိုယ်လုပ်တာ ဖြစ်သတဲ့”
စစ်မီးလျှံအမှောင်ခေတ်ထဲက
ပေါ်ထွက်လာခဲ့ကြ အာဏာရှင်တိုင်း
ငယ်ပေါင်းကြီးဖော်တွေ
တရွာထဲနေ တရေထဲသောက်တွေပေါ့။

 

အာဏာရှင်ဟောင်းကို အမိန့်ချမှတ်ခဲ့
စစ်ရာဇဝတ်မှုကျူးလွန်တဲ့အတွက် အနှစ်ငါးဆယ်
ဂျီနိုဆိုက် လူမျိုးတုံး သတ်ဖြတ်မှုအတွက် နှစ်သုံးဆယ်
နှစ်ပေါင်းရှစ်ဆယ် ထောင်ဒဏ်ကာမိပါရဲ့လား
အပေါင်းအနှုတ် အမြောက် အစား ကိန်းဂဏန်းများ
အသင်ဂွာတီမာလာ  စဉ်းစားသာကြည့်ပေတော့။

 

ငါတို့ဗမာပြည်
ပြည်တွင်းစစ်နှစ်ခြောက်ဆယ်
လူနှစ်သိန်းကျော်မက သတ်ဖြတ်ခံခဲ့ရ
စစ်အာဏာရှင်တွေရဲ့ ဖိနှပ်မှုအောက်မှာ
အရှင်လတ်လတ် ငရဲကျ လူညွန့်တုံးခဲ့
သန်းပေါင်းများစွာ အမျိုးသားအသီးသီး
စစ်မီးစကောထဲ အလူးလူး အလိမ့်လိမ့် ဇီးဖြူသီးဖြစ်ခဲ့
ပြာပူဖြစ်ခဲ့ မီးသွေးဖြစ်ခဲ့
အာဏာရှင် ရိုစ့်မွန့်တ်  လိုအမိန့်ချခံရရင်
ကျူးလွန်ခဲ့ စစ်ရာဇဝတ်မှု
လူ့သိက္ခာပျက်ပြားစေမှု
ဆင်းရဲတွင်းနက် ခြောက်ကမ္ဘားထဲ တွန်းချမှု
ထောင်ဒဏ်ဘယ်နှစ်နှစ် စီရင်ချက်ချမလဲ
နှစ်တစ်ရာနဲ့ ထေမိနိုင်ပါ့မလား
ကြိုးစင်တင် သေမိန့်ချခဲ့ရင်ကော…………။

 

တောင်လိုပုံခဲ့တဲ့ အရိုးတွန်သံများ
ဘယ်လိုများကြားရမလဲလေ။

(၂၀၁၃ မေလ ၁၁၊ ထောင်ဒဏ် အနှစ် ၈၀ အပြစ်ပေးခံခဲ့ရသည့် အသက် ၈၇နှစ်၊ အာဏာရှင်ဟောင်း Jose Efrain Rios Montt ဖိနှိပ် အုပ်စိုးခဲ့သော ဂွာတီမာလာသို့……….)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts