ရသဆောင်းပါးစုံ အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)

ကွန်ကရစ်တောထဲက သားကောင်၊ လှောင်ချိုင့်ထဲက ချိုးငှက် – အပိုင်း (၁၀)

အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း)
ဇန်န၀ါရီ ၁၁၊ ၂၀၁၄
ရောက်ပြီး အရေးပေါ်အဖြစ်ချင်ဆုံး အရာတွေထဲတွင် ပြင်ပက ကိုယ်ယ်နှင့်သက်ဆိုင်သူများနှင့် အဆက်အသွယ် ရလိုချင်းကလည်း ထိပ်ဆုံးကရှိနေသည်။ ထောင်ကပေးသော ထမင်းဟင်းနှင့် ဘယ်လိုမှမစားနှိုင်။ တချိန်တုန်းက ကိုယ့်ရှေ့တွင် ထောင်ကျတွေမရှိပဲ ထောင်ထဲ ရောက်လာသူတွေ၏ အဖြစ်အပျက်ကို ပြောဆိုနေသံထဲတွင် ဆေးလိပ်သောက်ချင်လွန်းလို့ အပြင်က ဝတ်လာသော ဂျင်းအကျီင်္ နှင့် ဆေးလိပ်(၁၀)လောက်ကို လဲသောက်ကြသည်ဟုပြောသံကြားနေရသည်။ အခု ကိုယ့်ရှေ့မှ ထောင်ကျ ရဲဘော်တွေရှိနေသည်။ သူတို့၏ အကူအညီက နေလို့ဖြစ်နေသည်။ ဦးစွာ ရောက်နှင့်နေသူတွေ၏ ရဲဘော်ရဲဘက် စိတ်ဓာတ်က နောက်လူတွေကို သူတို့တုန်းကလို အခက်အခဲ မရောက်အောင် ဖန်တီးပေးနေသည်။ ဘဝမှာ အဆင်ပြေနေတုန်း ပေးလာသော အကူအညီထက် အခက်အခဲကြုံစဉ် ကူညီပေးသူကို ပိုအမှတ်ရမိတာကတော့ အမှန်ပင်။ ပင်လယ်ထဲရွာသော မိုးကြီးထက် ကန္တာရထဲကျသော မိုးတပေါက်က ပိုတန်ဖိုးရှိသည် မဟုတ်လား။ ထိုအေးမြသော မိုးပေါက်တို့ကျရောက်မှုက ဘဝ စာမျက်နှာ နောက်ကြောင်းပြန် လှန်လိုက်တိုင်း  ရင်ထဲသို့ အေးမြမှုကိုပေးနေတုန်းပင်။ 

 

ထောင်ထဲ ရောက်စမှာပဲ သူက လိုအပ်တာတွေကို ကူညီပေးခဲ့ကြသည်။  မှတ်မိနေသေးသည်။ ဆေးတွေမှာပေးသည်။ အခန်းထဲရှိသမျှ လူအားလုံးကဘာတွေလိုအပ်သလဲ ဆိုတာကိုလာမေးသည်။ မရှိမဖြစ် လိုအပ်သော ပစ္စည်းကိုသူ ရှာဖွေပေးရန်ဖြစ်သည်။ သူကတော့အရှည်လေးဖြစ်သည်။  နေ့စဉ် စားဖို့ ဟင်းတမျိုးမျိုးကိုပါ သူက စီစဉ်ပေးသည်။ အခြားအခန်းများကလည်း တမျိုးမျိုးတော့ ကူညီကြသည် ။ အထူးသဖြင့် သူတို့ထောင်ဝင်စာလာပြီးလို့ ပြန်ရောက်တာနှင့် ပထမဆုံးဦးစားပေး ပေးပို့တာကတော့ လူသစ်ဖြစ်သော ကိုယ့်အခန်းသို့ မဖြစ်မနေ လာပို့ကြခြင်းပင်။ တစ်ယောက်တစ်မျိုး လာပေးကြသူများကိုလည်း မှတ်မှတ်ရရ စိတ်ထဲ မြင်နေတုန်းရှိသည်။  မနက်တိုင်း ရေနွေး ကို ကိုဇေယျ ကစီစဉ်ပေးသည်။ ရေနွေးကို အပူမပျက်  ကြာရှည်ခံအောင်ထားနည်းပါမျှလိုက်သေးသည်။

 

နောက်တစ်ယောက်ကူညီလာသူက ကိုကိုကြီး။ ဦးဇင်းတို့ ထောင်ထဲစရောက်ခါစက သူ့မှာ သွေးစုနာပေါက်နေသည်။ လူအများ စကားတွေလာပြောချိန်မှာ သူအနားကိုမလာသေး။ ရက်အနည်းငယ် ကြာပြီး သူ့သွေးစုနာကို ဆေးမှူးကခွဲပေးအပြီး အခန်းရှေ့လူနဲသွားသောအခါမှာမှ သူကရောက်လာသည်။ သူနေထိုင်ရာ နေရာက စမ်းချောင်း။့ ကိုယ်ကလဲ စမ်းချောင်းမှာ နေခဲ့ဘူးသူမို့ စကားဆက်စပ်ပြီး မေးမိကြတော့ ကိုယ်နေခဲ့ဘူးသော ကျောင်းရဲ့ကျောင်းဒကာတွေဖြစ်နေသည်။ သူ့ဆီက အကူအညီတွေကို အများကြီးရခဲ့သည်။

 

ပထမ ဦးဆုံး ဆန္ဒပြည့်ဝသူကတော့ ဦးဝင်းကြည်။ သူ့ အမျိုးတွေထဲမှာထောင်ကျဘူးထားသူရှိဘူးထားတော့ ထောင်နဲ့ပတ်သက်တာတွေ၊ လိုအပ်တာတွေကို ဘယ်နေရာကနေ လုပ်ပေးလိုက်ရင် အဆင်ပြေမယ်ဆိုတာ သူ့အိမ်က ကောင်းကောင်းကိုကျွမ်းကျင်ကိုသိနေသည်။ သူ့ဝမ်းကွဲ ညီ ထွန်းမြင့်အောင်က ကျောင်းသားအဖွဲ့ အစည်းတွေထဲမှာ ထင်ရှားတဲ့ သူတစ်ယောက်။  ထောင်နဲ့ ပတ်သက်တာ ဘယ်လိုအဆင်ပြေအောင် လုပ်ပေးရမယ်ဆိုတာကို  အိမ်ကနားလည်ပြီးသား။ ထောင်ဗူးဝမှာ -၅ ည -တွေထောင်ဝင်စာ တွေ့မည့်ရက် ကိုစောင့်ပြီး လူကြုံလာပေးလိုက်ရုံသာ။ ဒီအထာကို သူ့အိမ်ကကောင်းကောင်းသိနေသည်။ ထောင်ထဲရောက်ပြီး တစ်ရက် နှစ်ရက်မှာပဲ သူ့အိမ်က ပါဆယ်ရောက်လာသည်။ သီးသန့်ထောင် ထောင်ဝင်စာက လူနည်းသည်။  အရင်ရောက်နှင့်သူတွေကို လာတွေ့သူ နှင့်ထောင်အပြင်တွင်ချိတ်လိုက်ရုံသာ။ ဦးဝင်းကြည်က နှလုံးခွဲစိတ်ထားသူ။ နှလုံးဆေးက အမြဲကိုလိုအပ်နေသည်။ ဒီကိစ္စကိုအရှည်လေး ကူညီထားလို့ သူထိုက်သင့်သလောက်တော့ အဆင်ပြေနေပြီ။ အိမ်ကတော့  ထိုက်သင့်သလောက် အဆင်ပြေနေတာကိုသိမည်မဟုတ်။ သူတို့ကလည်း သူတို့ဘာသာ အထဲကလိုအပ်ချက်ကို ပို့နှိုင်ရန် လမ်းစတွေ ရှာဖွေ နေမည်သာ ။ ဒီလမ်းစကို သူအိမ်က အလွယ်တကူ ရှာလို့ရလိုက်သည်။ ဆေးတွေကော စားစရာကော အစုံ ပါလာသည်။ ဇော်ဟန် ကို ကမာရွတ်မှ ထောင်ဝင်စာလာသူ  ကိုသန်းဌေးက ဇော်ဟန် နေတဲ့ လိပ်စာကိုမေးပြီးအိမ်ကို အကြောင်းကြားပေးမည် ။

 

ကိုကိုကြီး စီစဉ်ပေးမှုဖြင့် ကျောင်းနဲ့ အဆက်အသွယ်ရသည်။  ကျောင်းက ဦးဇင်းလေးတွေက စာရေးလာသည်။ သတင်းစာထဲပါပြီး နောက်တစ်နေ့  လူတစ်ယောက်ရောက်လာသည်။ ထိုသူက  ဘုန်းကြီးလွှတ်လိုက်တာ အရေးပေါ်ငွေလိုတယ် ဟုပြောသောကြောင့် ငွေတွေ ပေးလိုက်ကြောင်း စာတွင်ပါလာသည်။ ဖမ်းသွားကတည်းက ပြင်ပ ကိုဘယ်လိုမှ ဆက်သွယ်လို့ မရခဲ့။အခု သတင်းစာထဲပါလျှင်ပါပြီးချင်း ဘယ်ကဘယ်သူက လာတောင်းသွားမှန်းမသိ။ ဒီကိစ္စကိုအားလုံးကို ပြောပြလိုက်သည်။ ဒီတော့ အတွေ့ အကြုံ ရှိသူတစ်ယောက်ကပြောပြသည်မှာ

 

“ လိမ်ပြီး ငွေတောင်းသူများက ချောင်းနေတာ သူတို့အတွက် အကွက်ပဲလေ ဒီလိုပဲ သတင်းစာထဲပါလာပြီးရင် သေချာပေါက် စားကွက်တစ်ခုကို သူတို့ ရလိုက်တာပဲ အဲ့ဒါလိမ်ပြီး လာတောင်းတာ ”

 

ခရီးသွားစဉ် လမ်းမှာမေ့ကျန်ရစ်သော ပစ္စည်းကို နောက်ရက်အတန်ကြာမှ ပြန်လာသောအခါ မပျောက်မပျက် ပြန်ရဘူးသည့် အကြောင်းကို မြန်မာပြည်တွင် နေထိုင်ခဲ့ဘူးသော ဆရာကြီး ဦးဂိုအင်ဂါက စာတစ်ပုဒ် ရေးဘူးသည်။ သူကတော့ မြန်မာတွေ၏ စာရိတ္တကို ချီးမွမ်းခန်း ဖွင့်ထားခြင်း ဖြစ်သည်။  ဒါကလွန်ခဲ့သောနှစ်ပေါင်းများစွာက မြန်မာတွေဖြစ်သည်။ ယခုခေတ်မှာတော့ မြန်မာပြည်၏ စာရိတ္တမဏ္ဍိုင်က လေအတိုးမခံတော့သော အနေထားတွင်ရှိနေပြီ။ ဌာနတိုင်းတွင် နေရာကောင်းကို ဝန်ထမ်းတွေ မက်မော ကြသည်။ အဆိုးဆုံးက ထိုနေရာကောင်းရသူများကို အထင်ကြီး ခြင်းပင်ဖြစ်သည်။ ရှက်စရာကိစ္စကို ရှက်စရာဟု မမြင်တော့သော ကာလဟုပင် ဆိုရမည်။

 

မတရားမှု လာဘ်ပေးလာဘ်ယူမှုတွေ အများဆုံးသော နေရာက ထောင်ဟုပင်ဆိုရမလားမသိ။ ဝန်ထမ်းတွေ၏ ဘဝရပ်တည်ရေးသည် အခက်အခဲ ကြီးမားလှသည်။ မိသားစုများလေ အကျပ်အတည်းကြီးမားလေဆိုတာကိုတွေ့ရသည်။ ထိုသူတို့၏ ကယ်တင်ရှင်သည် အကျဉ်းသားများပင်။ အဘယ့်ကြောင့်ဆိုသော် အကျဉ်းသားတွေ၏ လိုအပ်ချက်ကို လုပ်ပေးရင်း သူတို့၏ လိုအပ်ချက်ကို တဖန်ပြန်လည် ရရှိနှိုင်သောကြောင့်ပင်။ ဒီလိုနှင့် အကျဉ်းသားနှင့် အောက်ခြေဝန်ထမ်း  ဆက်ဆံရေးသည် အပြန်အလှန် အမှီသဟဲ ပြုရင်း တည်ရှိလာခဲ့သည်။ ဝန်ထမ်းအချို့ကသာ အကျဉ်သားအပေါ် လူလိုမြင်တတ်ကြပြီး ဝန်ထမ်းအများစုကတော့ အကျဉ်သားဆိုတာ သူတို့ လုပ်ချင်သလို လုပ်ခွင့်ရသော အနိုင်ကျင့်ချင်သလို အနိုင်ကျင့်ခွင့်ရှိသော သူတွေဟု သတ်မှတ်သူက ပိုများမည်ထင်သည်။ သာမန် ရာဇဝတ်သား ထောင်ကျတို့ အပေါ်ထားသောသဘောထားကို နိုင်ငံရေးသမားတို့ အပေါ်အထိကျင့်သုံးချင် လာတတ်ကြသည်။ သို့သော် ထိုကျင့်သုံးချင်စိတ်သည် နိုင်ငံရေးသမားတို့၏ စုစည်း ညီညွတ်မှုနှင့်တိုးသောအခါ ရာဇဝတ်သားတွေကိုထားသလိုသဘောထား မျိုးသဘောမထားဝံ့ကြတော့ပေ။ နိုင်ငံရေးသမားတွေကို တလေးတစားရှိသူများကောမရှိဘူးလာဟုမေးလာလျှင် ရှိကြသည်သာ။ ထိုသူများက နိုင်ငံရေးသမားတို့နှင့်ဆုံးစည်းဖို့ဆိုတာ အင်မတန်မှခက်ခဲသောကိစ္စဖြစ်နေသည်။ စိတ်ဓာတ်ရှိသူတွေကလည်းပေါက်ကြားမည်စိုးရွံ့စိတ်က စိတ်ရှိသော်လည်းခပ်လှမ်းလှမ်းမှနေကြရသည်။ စိတ်ချယုံကြည်ရသော ကာလတစ်ခုရောက်မှသာ လုပ်ချင်လုပ်ပေးမည်။ အသစ် ရောက်စလူများကိုတော့သူတို့ ချက်ခြင်းမကူညီရဲကြ။   သူတို့၏ ဘဝကိုနားလည်ထားကြသော နိုင်ငံရေးသမား တို့က  သူတို့၏လိုအပ်ချက်ကို လိုအပ်သလို ကူညီပေးကြသည်သာ။  လူသစ်ကို မကူညီရဲသော်လည်း လူဟောင်းတွေကတော့ စိတ်ချရသောဝန်ထမ်းတစ်ယောက်အမြဲရှိတတ်သည်။

 

ဘယ်လိုအနေထားရောက်နေနေ မြန်မာကတော့မြန်မာပဲဖြစ်သည်။ အထက်အရာရှိကို မျက်နှာလိုမျက်နှာရ လုပ်တတ်သူတစ်ချို့ ရှိသော်လည်း အားနာတတ်သောမြန်မာ စိတ်ဓာတ်က စားထားဘူးသော အစားတလုပ် အတွက် ထိုက်သင့်သလောက်တော့ပြန်လည်ကူညီ ပေးကြသည်သာ။   အထဲကသတင်းစကားတွေ ပြင်ပ က မကြာခန ကြားသိခဲ့ရစဉ်က တော်တော်အံ့သြမိခဲ့ဘူးသေးသည်။ အခုတော့ ဘာကြောင့် သတင်းစကားများ အပြင်ရောက်လာကြ သနည်းဆိုသော အဖြေကို တွေ့သလို ရှိလာသည်။

 

“အင့် အဲ့ဒီစာကိုဖတ်ပြီး ဖျောက်ပစ် ”

 

စာကိုသံတိုင်ကြားကလာထိုးထည့်ပြီး သတိပေးစကားကိုပါ တဆက်တည်း ပြောလာသည်။

 

“ကျောင်းကဦးဇင်းလေးတွေ ကပြောလိုက်တယ် မှာတာတွေအားလုံး ထည့်ပေးလိုက်မယ် ပြောတယ်”

 

ကိုယ်ကသူ့ကို ကျေးဇူးတင်နေမိသည်။ ဝမ်းသာအားရ သူ့လက်ကိုဆုပ်ကိုင်လိုက်သည်။ သူပေးသောစာကို နံရံကွယ်ပြီး အသာအယာ ဖတ်လိုက်သည်။ မှာလိုက်သည့်ဆီကို သူတို့သွားမည် ဆိုသည့်အကြောင်းနှင့် စာလာပေးသူကို ငွေပေးလိုက်သည်ဆိုတာကို စာမှာ ရေးထားသည်။  မှာလိုက်သော မြမန္တလာ ဆိုင်ကို သူတို့သိရှိကြောင်း ပါ စာတွင်ပါလာသည်။

 

ဒီကစလို့ နောက်ပိုင်းရက်တွေ ကိုကိုကြီးထောင်ဝင်စာ လာတဲ့ရက်သည် ကိုယ့်အတွက် လိုအပ်သောပစ္စည်း အစုံပါလာသောရက်ဖြစ်လာသည်။ ဘယ်လောက်ပဲ ပိတ်ဆို့ထားထား ပွင့်နေသော တံခါး ချပ်များကတော့ ရှိနေသည်။ ငရဲခန်း နေ့ရက်တွေထဲ နေဖြစ်အောင် စွမ်းဆောင် ပေးခဲ့သူတို့၏ ကျေးဇူးတရားကား ဒီတသက် မေ့ရက်စရာမရှိတော့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts