ကဗျာ ဆောင်းယွန်းလ

အချိန်ပို ၂၅ နှစ်

ဆောင်းယွန်းလ
ဇန်န၀ါရီ ၁၁၊ ၂၀၁၄

 

 

ယမ်းစယမ်းနနဲ့ ယမ်းသီးတွေဟာ
လမ်းမီးတွေလို
ကမ္ဘာကို ကမ္ဘာအတွက်
ကမ္ဘာထဲ အရဲစွန့်ပြီး ပြူးပြဲရှာခဲ့ကြ…..

 

အမှောင်တွေအကြောင်း
အရောင်တွေအကြောင်း
အကြောင်းကြောင်းတွေအကြောင်း
အကျိုးနဲ့ အကြောင်း
အကြောင်းတွေပေါ် အက်ကြောင်းထပ်တဲ့ အကြောင်း
ကောင်းရောင်းကောင်းဝယ်လုပ်ရင်
မသမာမှုက ဓားပြထပ်တိုက်တယ်….

 

မိုးကောင်းကောင်း မလင်းခဲ့ရ
မိုးစုန်းစုန်း မချုပ်ခဲ့ကြ
နေထိန်ထိန်မသာခဲ့ လ၀င်းဝင်းမလင်းခဲ့
ထိန်ထိန်လင်းလင်း မ၀င်းခဲ့ရ….

 

ဆရာတပါးရဲ့ ကဗျာစကားအရ
စိန်စိန်ရေ အချိန်တွေသိပ်မရှိကြတော့ဘူး
ဘုရားပဲဖူးရမလား လိပ်ဥပဲတူးရမှာလား
စကားပဲပြောရမလား တရားပဲဟောကြမှာလား….

 

ဧဒင်ဥယျာဉ်ထဲက ဧ၀မျက်နှာပေါ်
တမေ့တမော အိပ်မောကျနေတဲ့
သန်းခေါင်ယံတချို့ကို
ဆေးပေါ့လိပ်တတိုမီးညှိဖို့ လက်တို့ပြီး
နိုးအောင်နှိုးတဲ့အခါ နိုး(No)လို့ မပြောကြေး
ကြေးကကြီးတယ် ဈေးကကြီးတယ်
အရင်းကော အဖျားပါ အရင်းအနှီးကကြီးတယ်….

 

ခရစ်နှစ် သက္ကရာဇ်တွေ
ငြိမ့်ငြိမ့်ငြောင်းငြောင်းမရှိလှအောင်
ကြာပြီးညောင်းခဲ့လို့
မိသားစုအရေး ဆယ်ရေးရှိရင်
တရေးလောက်ကို တိုင်းရေးနဲ့ပြည်ရာထဲ အလှုထည့်ပေး
နှစ်လုံးထီထဲ ရှိသမျှပစ္စည်းပုံအောပြီး
လောင်းကြေးထပ်တယ်လို့ သဘောမထားကြေး
ထည့်ပြီးသားတရေးကို တရေးလောက်ထပ်နိုးအောင်
ဂျစ်ဂျစ်ဂျက်ဂျက်မြည်တဲ့ စက်တပ်အင်ဂျင်တလုံးနှိုးသလိုမျိုး
နိုးအောင်ထပ်ထပ်ပြီးနှိုး….

 

လဲလဲ ကွဲကွဲ ပြဲပြဲ
ဒူးကွဲကွဲ ခြေကျိုးကျိုး ထိပ်ပေါက်ပေါက်
မှန်အောင်ပစ် ထိအောင်ရိုက် ဂိုးအောင်ကန်
မှန်မမှန်ကို မှန်ထဲမှာ မှန်အောင်ကြည့်
ကြည့်တဲ့မှန်ထဲမှာ ဒဏ်ရာတွေရှိတယ်….
သေရာပါ..။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts