About MoeMaKa သတင်းပဒေသာ

ရန်ကုန်မြို့မှာ မိုးမခ လစဉ်မဂ္ဂဇင်း ပုံနှိပ်ထုတ်ဝေမည်

ရန်ကုန်မြို့မှာ မိုးမခ လစဉ်မဂ္ဂဇင်း ပုံနှိပ်ထုတ်ဝေမည်

မိုးမခ၊ ဇန်န၀ါရီ ၁၀၊ ၂၀၁၄

 “မြန်မာစာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ လွတ်လပ်တဲ့ လူ့ဘောင်သစ်” ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အွန်လိုင်းမှာ ၁၀ စုနှစ် တစု ရပ်တည်နေတဲ့ မိုးမခ အွန်လိုင်းမီဒီယာက မြန်မာပြည်၊ ရန်ကုန်မြို့မှာ မိုးမခလစဉ် မဂ္ဂဇင်းတစောင်အဖြစ် ပုံနှိပ်ထုတ်ဝေဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ အွန်လိုင်းစာဖတ်ပရိသတ်အပြင် ပုံနှိပ်စာဖတ်သူများနဲ့ပါ ပေါင်းကူးတွေ့ဆုံနိုင်ဖို့ လစဉ်မဂ္ဂဇင်းတစောင်အဖြစ် စီစဉ်တာ ဖြစ်ပါတယ်။

ဆရာ ဦးဝင်းတင်နဲ့ ဆရာ မောင်မိုးသူတို့ကို မိုးမခရဲ့ မူလဂုဏ်ထူးဆောင်နာယကကြီးတွေဖြစ်တဲ့ ဆရာမောင်စွမ်းရည်၊ ဆရာဦးဝင်းဖေ၊ ဒေါ်မာမာအေးတို့နဲ့အတူ ဂါရ၀ပြုပြီး လမ်းညွှန်မှုကို ခံယူသွားမှာ ဖြစ်ပါတယ်။ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ဆရာကြီး ကြေးမုံဦးသောင်း၊ ဆရာကြီး ဦးတင်မိုးတို့ဟာလည်း မိုးမခရဲ့ နာယကကြီးများအဖြစ် ရပ်တည်ပေးခဲ့ကြပါတယ်။

ရန်ကုန်မြို့ရှိ မိုးမခရဲ့ စာနယ်ဇင်းမိတ်ဆွေတွေက စာစောင်ဖြစ်မြောက်အောင် ၀ိုင်းဝန်း တာဝန်ယူ ဆောင်ရွက်ကြမှာ ဖြစ်တဲ့အတွက် မိုးမခမီဒီယာ (ရန်ကုန်)ရဲ့ ဖွဲ့စည်းမူဟာ အွန်လိုင်းနဲ့ မတူ အသွင်ထူးခြားမှာ ဖြစ်ပါတယ်။ 

 တာဝန်ခံအယ်ဒီတာများအဖြစ် ကိုမြင့်ကျော်၊ ကိုခင်မောင်ထွေး၊

သတင်းအယ်ဒီတာအဖြစ် အိမ့်ခိုင်ဦး၊

သတင်းထောက်များအဖြစ် ရန်နောင်(ဗိုလ်တထောင်)၊ ဆူးအယ်လင်း၊ ဟန်သစ်နိုင်၊

အတိုင်ပင်ခံများအဖြစ် သားကြီးမောင်ဇေယျ၊ ထွန်းဝင်းငြိမ်း၊ ကိုဇာဂနာ၊ ကိုရာဇာတို့က ဆောင်ရွက်ပေးကြမှာ ဖြစ်ပါတယ်။

ဝိုင်းတော်သားများရဲ့ ရုံးလိပ်စာက အမှတ် ၅၀၊ ၆၀ ဗိုလ်အောင်ကျော်လမ်း (အောက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့၊ 

အထွေထွေဆက်သွယ်ရန် – စာတိုက်သေတ္တာ ၈၂၅၊ ရန်ကုန်စာတိုက်ကြီး၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

          မဂ္ဂဇင်းစာစောင်ကို မြို့၊ နယ် အသီးသီးကို ပြန့်နှံ့အောင် ဖြန့်ချိဖို့ စီစဉ်မှာ ဖြစ်တဲ့အပြင် စာနယ်ဇင်းသမား မိတ်ဆွေများ၊ စာပေ၀ါသနာရှင်များ၊ စာဖတ်အသင်းများ၊ စာကြည့်တိုက်၊ စာကြည့်အသင်းများဆီသို့ လက်ဝယ်ရောက်ရှိနိုင်အောင်လည်း ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

          စာပေ၊ အနုပညာ၊ အတွေးအမြင်တို့ကို ဦးစားပေးမှာဖြစ်တဲ့အပြင် မိုးမခအွန်လိုင်းမှာ ရေးသားနေကြတဲ့ မြန်မာပြည်အဝေးက စာရေးသူများရဲ့ စာတွေ ဆောင်းပါးတွေနဲ့အတူ မြန်မာပြည်တွင်းက စာမူအသစ်တွေကိုလည်း တပေါင်းတစည်းတည်း ဖတ်ရှုနိုင်အောင် စီစဉ်ကြမှာ ဖြစ်ပါတယ်။

          ပုံနှိပ်စာစောင်တခုအဖြစ် စာဖတ်သူတွေအတွက် အမှတ်တရသိမ်းဆည်းဖွယ်ဖြစ်အောင် တန်ဖိုးထားစီစဉ်မှာ ဖြစ်တဲ့အတွက် စာနယ်ဇင်းလုပ်ငန်းများ၊ အခြားစီးပွားရေးလုပ်ငန်းရှင်များကလည်း ကြော်ငြာများ ထည့်သွင်းလိုပါက ကြိုဆိုပြီး စနစ်တကျစီစဉ်ပေးမှာ ဖြစ်ပါတယ်။

          လောလောဆယ် အီးမေးနဲ့ ဆက်သွယ်လိုပါက contacts@moemaka.net ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်။ ဖုံးနံပါတ် ရရှိပါက ထုတ်ပြန်ပေးသွားပါမယ်။

(ဓာတ်ပုံ – မိုးမခ ၂၀၁၃ နိုဝင်ဘာ ထုတ် အီးဇင်း ကော်ပီဖြစ်ပါတယ်။ ထုတ်မယ့်မဂ္ဂဇင်းအဖုံး မဟုတ်ပါ)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts