ကဗျာ
စကားပြောသော မီးပွိုင့်များ
မောင်စိုးချိန်
ဇန်န၀ါရီ ၈၊ ၂၀၁၄
နွေနေရောင်ထဲ
မီးကျည်းခဲတွေပါလာ
ဦးခေါင်း ကျောပြင် အရေပြားတွေနဲ့ 
သူတို့ မှာအံတုရဲခဲ့ကြ။
ဒီလိုပါပဲ
ဆောင်းလ သိတ်အေးမြဲ
ရေခဲအမှတ်အနုတ်လက္ခဏာ
လူဟာသွေးခဲ သွေးတောင့်
လမ်းတောင့်မှာ ကျောက်ဆစ်ရုပ်ဖြစ်နေ
မတ်တပ်ရပ်လျှက်သား..။
ခန္ဓာကိုယ်မှာ အနွေးထည်အုပ်ထား
မျက်နာတခုထဲဖေါ်ထား
ဖြူဖွေးနှင်းဖတ် ခေါင်းဆောင်းထားလို့ ။
ဒီနေ့  ၂၀၁၃ ဒီဇင်္ဘာ ၁၀
မနေ့ က ဒီဇင်္ဘာ ၉
တနေ့ က ဒီဇင်္ဘာ ၈
ရက်စွဲတွေပြောင်းသွား
အဖြူကောင် အဖြူမ
အသက်ကြီးသူ အသက်ငယ်သူ
သိက္ခာမျက်လွှာ ချထားသူ
ရင်ဘတ်မှာ စာဆွဲထားသူတွေ
ကျတော့်မှာ သားနှစ်ယောက်ရှိတယ်
နေစရာ အိမ်မရှိလို့ ပါ
ကျမက အိုးမဲ့အိမ်မဲ့ (ဟုမ်းစ်လက်စ်)ပါ
စားစရာ နေစရာမရှိလို့ ပါ
ကျမကို ငွေကြေးကူညီပါတဲ့
လည်ဆွဲစာတမ်းတွေပြောင်းသွား
ပြောင်းမသွားတာက နေရာ
ဟောဒီမီးပွိုင့်တွေပါ။
“အနုပညာသည် ပြည်သူ့ အတွက် ဆိုတဲ့အယူအဆ
မြောင်းထဲရောက်သွားပြီ“ ဆိုတဲ့ကဗျာဆရာ
“လက်ဝဲ၀ါဒီ ဆန့် ကျင်ရေးလမ်းကြောင်းပေါ်မှာ
အဆက်မပြတ်ရပ်ခဲ့တယ်“ ဆိုတဲ့ကဗျာဆရာ
“သုံးစားလို့ မရတော့တဲ့ မာ့စ်ဝါဒ
လုံးဝဆန့် ကျင်တယ်“  ဆိုတဲ့ကဗျာဆရာ
အမေရိကန်အရင်းရှင် ခေတ်ပေါ်ကဗျာဝါဒ
ဦးထိပ်ပန်ဆင်တသသ
ဗမာပြည်မှာဟိုတုန်းထဲက သူကမိတ်ဆွေပါ
ဟောဒီမီးပွိုင့်မှာ လာထိုင်စမ်းပ ကဗျာဆရာ
အမေရိကန် သူတောင်းစားများဘဝ
သူတို့ ဘ၀ သူတို့ ဝမ်းခေါင်းထဲ
ဝင်စား စာနာကြည့်စမ်းဗျာ
လက်တဆုပ်စာအရင်းရှင် ၀.၉ ရာနုန်း
အိုးမဲ့ အိမ်မဲ့ စားစရာမဲ့
လူမွဲ ဓါးစာခံသားကောင် ၉၉.၁ ရာနုန်း
ဗမာပြည်စစ်အာဏာရှင်
စစ်အရင်းရှင် မြေရှင်ပဒေသရာဇ်
ဒီခေတ်ထဲမှာပဲ
သွေးစုတ်ဖိနှိပ်သူ
သွေးစုတ်ဖိနှိပ်ခံရသူ
မိုးနဲ့ မြေ ဆန့် ကျင့်ရန်ဘက် လူတန်းစားနှစ်ရပ်လဲ
အမေရိကန် ရာခိုင်နုန်းအတိုင်းပါပဲ။
အရင်ရှင် မြေရှင်စနစ်
ထွန်းသစ်ပါစေဆိုတဲ့ကဗျာ
ခေတ်ပေါ်ကဗျာဝါဒနဲ့  ရေးစမ်းဗျာ
အနုပညာသည် အုပ်စိုးသူအတွက်
ဒါမှမဟုတ် ကဗျာသည် ကဗျာအတွက်ဖြစ်  ရမည်ပေါ့ဗျာ
ဗမာပြည်မှာလဲ
သူတောင်းစားတွေ တပုံကြီးပါပဲ
သူတောင်းစားဆိုတာ မိုးကျရွှေကိုယ်စစ်စစ်ပါ
အဲဒီမီးကျိုးမောင်းပျက်
ရူးကြောင်ကြောင်အတွေးအခေါ်နဲ့ ရေးစမ်းဗျာ
သင်လဲပဲ စစ်အာဏာရှင်ခေတ်ထဲမှာ
ခေတ်ပေါ် စစ်ကျွန်ကဗျာဆရာ
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts