အခန်းဆက်များ အုန်းနိုင် ဖြစ်ရပ်များ၊ အမှတ်တရများ
ဒီမိုကရေစီအရေးတော်ပုံ – အပိုင်း (၂၀)
အုန်းနိုင်
ဇန်န၀ါရီ ၆၊ ၂၀၁၄
မဆလ၏ နောက်ဖဲတချပ်
အဲဒီလိုနဲ့   သြဂုတ်လ(၁၉)ရက်နေ့   ကျတော့   ဒေါက်တာမောင်မောင်က    သမ္မတရော ပါတီဥက္ကဌရော ဖြစ်လာ ပြန်ပါတယ်။ သူက  မိန့် ခွန်းပြောရာမှာ    မေတ္တာတွေ၊သစ္စာတွေ၊ ထည့်ပြီး  ပြောပေမဲ့  ပြည်သူရဲ့  တောင်းဆိုချက်တွေကို လိုက်လျောမယ်လို့ မပြောပါ။ ပြည်သူတွေရဲ့
ဆန္ဒမှန်ကိုသိဖို့   ပြည်သူ့ဆန္ဒလေ့လာ စုံစမ်းရေး ကော်မရှင် ဖွဲ့ ပေးလိုက်ပါတယ်။ ကော်မရှင်ခေါင်းဆောင်ကတော့  ပြည်သူ့ တရားသူကြီးအဖွဲ့ ဥက္ကဌဦးတင်အောင်ဟိန်းပါဘဲ။ လူထု ကတော့ သူလည်း လေသံပြော့တာကလွဲလို့ ဘာမျှမထူးဘူးလို့  မှတ်ချက်ချပြီး တောင်းဆိုချက်တွေ ထပ်တင် လာပါ တယ်။တောင်းဆိုချက်တွေကတော့
(၁) ပြည်သူ့ဆန္ဒ ခံယူပွဲ မလိုအပ်တော့
(၂) ပါတီစုံ ဒီမိုကရေစီ စနစ် အကောင်အထည်ဖေါ်ပေး
(၃) ကြားဖြတ် အိမ်စောင့်အစိုးရ ဖွဲ့ ပေး
(၄) တရားမျှတပြီး လွတ်လပ်တဲ့ အထွေထွေရွေးကောက်ပွဲကြီး အမြန်ဆုံးပြု
လုပ်ပေးရေး တို့ဖြစ်ပါတယ်။
ဒီတောင်းဆိုချက်တွေကို   တပြည်လုံး   ဆန္ဒပြသူများကလည်းထောက်ခံတောင်းဆိုပါတယ်။
ဒီမြို့ မှာလည်း ဒီတောင်းဆိုချက်တွေ ထောက်ခံပြီး အထွေထွေဌာန ပေါင်းစုံဆန္ဒပြပွဲကြီးလုပ်ဖို့ သြဂုတ်လ(၂၂) ရက်နေ့ ကို သတ်မှတ်လိုက်ကြ  ပါတယ်။အဲဒီမတိုင်မီ   ရက်တွေအတွင်း မှာတော့   ကျောင်းသားသမဂ္ဂတွေ ဖွဲ့ ကြဆရာ ဆရာမများသမဂ္ဂ၊ အလုပ် သမား သမဂ္ဂ၊ စတာတွေ တဖြည်းဖြည်းဖွဲ့စပြုလာကြပြီ။ ရန်ကုန်က လူတချို့ ကလည်း နယ်ဆင်းပြီး စည်းရုံးတာ တွေ လုပ်၊ဒီမြို့ က   လူငယ်ကျောင်းသားတချို့ ကလည်း တခြားမြို့  တွေမှာ စည်းရုံးတာတွေ လုပ်၊ အတော်ကလေး ရှုပ်ရှုပ်ထွေးထွေး ရှိလာတယ်။ရောသုတ်တွေပါလာတယ်။ သတင်းပေးတွေပါလာတတ်တယ်။ အထူးသဖြင့်ကျောင်းသားလေးတွေကိုသတိပေးရတယ်။
 “မြို့ နယ်အုပ်ချုပ်ရေး”
၁၉၈၈ သြဂုတ်လ  (၂၂) ရက်နေ့ မှာ  ဌာနပေါင်းစုံဆန္ဒပြပွဲလုပ်တယ်ဆိုတော့ သူဟာနဲ့ သူ အတော်ကလေး လုပ်တတ်ကိုင်တတ် ထိန်းတတ်
သိမ်းတတ်ဖြစ်နေပြီမို့  ကျနော်အေးအေးဆေးဆေးပါဘဲ။ မှတ်မှတ်ရရ (၂၁) ရက်နေ့ နံနက်(၁ဝ)နာရီ လောက်မှာ မြောက်ပိုင်းက တပည့်ဟောင်း   ဦးတင်ထွဋ်အိမ်မှာသွားပြီး စန္ဒယားတီးပြစမ်းပါကွာ.. ဆိုပြီး အေးအေး ဆေးဆေး နားထောင်နေပါတယ်။တော်တော်ကြာတော့ ကိုတင်ထွဋ်အိမ်နဲ့  မျက်စောင်းထိုးလောက်မှာရှိတဲ့တပည့်ဟောင်း ဦးအောင်တင်ရောက်လာပါတယ်။ “ဆရာကြီးကို ဗိုလ်မှူးထိန်ဝင်းက တွေ့ချင်လို့    ကျနော့် အိမ်မှာ စောင့်နေတယ်” လို့  ပြောပါတယ်။ဘာကိစ္စများပါလိမ့်..။ ကျနော်လိုက်သွားပါတယ်။
ဗိုလ်မှူးထိန်ဝင်းက “ဆရာကြီးကိုရှာလိုက်ရတာ..။ကိစ္စကတော့ .ဒီလိုဆရာကြီး ရေ။ အခုမနက် ကျနော့်ဆီကိုပါတီဥက္ကဌက ဖုံးဆက်တယ်။ မြို့ အုပ်ချုပ် ရေးကို  ဗိုလ်မှူးလက်အပ်လိုက်ပြီ။ဗိုလ်မှူးသဘောပဲလို့ ပြောတယ်။ ဒါနဲ့  ကျနော်က ကောင်စီဥက္ကဌ ဗိုလ်မှူးစိုးမြင့် ဆီ.တစ်ခါ ဖုံးဆက်ပြီး မေးတော့..။ဟုတ်တယ်။ ပါတီကညွှန်ကြားလို့ ..။သူလည်း လက်ခံလိုက်ပြီလို့ ..ပြောတယ်။ ဒီတော့..ကျနော်က  ပြည်မှာရှိတဲ့  ဒုတိယ စစ်တိုင်းမှူး  ကို ဝိုင်ယာလက်နဲ့ ဆက်သတင်းပို့ တယ်။ ဒုတိယစစ်တိုင်းမှူးက ..  ဒီကောင်တွေ ရူးနေလားတဲ့။ဒီလောက်….ကြောက်ချေးပါနေရ  သလားလို့ …ကြိမ်းပြီး ။ မြို့က.လေးစားလောက် တဲ့ ကျောင်းဆရာကြီးတွေလူကြီး တွေနဲ့  ကြည့်ထိန်းထားလိုက်လို့   ညွှန်ကြားလိုက်တယ်။ဒါကြောင့်..ကျနော်ဆရာကြီးဆီလိုက်လာတာ။ ဆရာကြီးနဲ့    ကျနော်ရယ်..။ ကျောင်းသားခေါင်းဆောင်တွေပါ ပေါင်းပြီးလမ်းဘေးမှာဖြစ်ဖြစ်  ဓမ္မာရုံမှာဖြစ်ဖြစ် မြို့ နယ် အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့ပြီး..မြို့ လုံခြုံရေးကို   ထိန်းကြ မှဖြစ်မယ်”… လို့ ပြောပါတယ်။
သူလည်း တော်တော်စိတ်ညစ် နေတဲ့ ပုံစံဘဲ။ အလိုလိုကမျက်လုံးပြူးပြူး မို့…။ရုပ်က ပိုပြီး ပြူးကြောင်ကြောင် ဖြစ်နေပါတယ်။        “ဗိုလ်မှူး ..အစ ကတည်းက ကျနော်က ဒီအရေးအခင်းရဲ့     ခေါင်းဆောင်မဟုတ်ဘူးလို့  ပြောပြီး သားနော်..။ အခုအထိလည်း ခေါင်းဆောင်နေရာကို ဝင်မယူသေးဘူး။ဘေးက ထိန်းပေးနေတာဘဲရှိသေးတာ။ ဒါပေမဲ့ အခြေ အနေက မြို့လုံခြုံရေးပျက်သွားမဲ့အဖြစ်တော့   ကျနော်လည်း အဖြစ်မခံနိုင်ဘူး။ ဒီတော့ကျနော်ဒီဆန္ဒပြပွဲ ခေါင်း ဆောင်တွေနဲ့  ဆွေးနွေးကြည့်မယ်။ ပြီးတော့မှဗိုလ်မှူးနဲ့ထပ်တွေ့ မယ်”  လို့ပြောလိုက်တယ်။
ဒီတော့သူက “  ဒီမှာ.. ခင်ဗျားဆွေးနွေးရင်  ထည့်ဆွေးနွေးဖို့လို့လူစာရင်းတစ်ခု ကျနော့်မှာရှိတယ်’ လို့  ပြောပြီးစာရွက်တစ်ရွက်ထုတ်ပေးပါတယ်။ စာရွက်ထဲက စာရင်းတွေကြည့်လိုက်တော့ မြို့ပေါ်(၁၂)ရပ်ကွက် ကောင်စီဥက္ကဌ အတွင်းရေးမှူး  တွေအပြင်.. ပါတီကောင်စီက“ရွေးချယ်တင်မြှောက်ပွဲကော်မရှင်”တို့ မြို့ နယ်သမဝါယမတို့မှာ.. အမြဲသုံးနေကျ လူတွေစာရင်းဖြစ်ပါတယ်။ ဒီ..စာရင်းမြင်တော့ အရင်တစ်လ နှစ်လလောက်ကတင် ကျနော်ကိုယ်တိုင် ပါတီစိတ်မှူးဖြစ်တဲ့ ရပ်ကွက်က  လူစာရင်းပြုစုခဲ့တာ ကို  သွားအမှတ်ရပါတယ်။ ကြိုကြိုတင်တင်ဆိုပြီး..ပါတီက ပြုစုခိုင်းတဲ့ စာရင်းပါ။
“ဒီစာရင်းထဲက.. လူတွေကိုတော့ ကျောင်းသားနဲ့   လူငယ်ခေါင်းဆောင်တွေကလက်ခံမှာမဟုတ်ဘူး။ ဒီစာရင်းကို.. ခင်ဗျားဘယ်ကရသလဲ”  လို့ မေးတော့ “ ပါတီကလမ်းစဉ် လူငယ်တာဝန်ခံ  ဦးကြည်မောင်က ပေးတဲ့စာရင်း”  လို့  ပြန်ပြောပါတယ်။
ကျနော်သဘောပေါက်သွားပါပြီ။ ရှေ့ က   စစ်တပ်ကို တင်ပြီးထွက်ခံခိုင်းတာပါလား။ ကျနော်လည်း နည်းနည်းပြုံးလိုက်မိတယ်နဲ့   တူတယ်။
ကျနော့်မျက်နှာကိုကြည့်နေတဲ့ဗိုလ်မှူး က “ဆရာကြီး. ဘာ သဘောကျ နေတာလဲ”လို့   မေးပါတယ်။ “ဒီစာရင်းက  သူတို့   ပေးထားတဲ့စာရင်းဘဲ၊ သူတို့တော့မလုပ်ဘူး ဆိုပြီးတော့..သူတို့ လူတွေဘဲ သုံးခိုင်း ပြန်တယ်။
ဒီလူတွေကို   သူတို့ က နောက်က ကိုင်ထားမယ် ဆိုတဲ့သဘော။ ဒါက ပြည်မှာ ကုလားဗမာ ရိုက်ပွဲတွေ  ဖြစ်ကတည်း   ကပါတီစိတ်မှူးတွေကို တိတ်တိတ်လုပ်ခိုင်းထားတဲ့ဟာကြီး ဘဲ”      လို့   ကျနော်ပြန်ပြောလိုက်ပါတယ်။ ‘“ အဲဒီ လူတွေမသုံးချင်လည်း ..ဆရာကြီး  သုံးချင်တဲ့သူတွေသုံးပါ။ ဆရာကြီးနဲ့ကျနော် နှစ်ယောက်ကတော့ မြို့ လုံခြုံရေး တာဝန်ယူရတော့မှာဘဲ’။”
“အေးပေါ့ဗျာ .. ခင်ဗျားက အထက်ညွှန်ကြားထားတာကိုး…။ကျနော်ကလည်းကိုယ့်မြို့ အတွက်ဆိုတော့ (self  contribution)ကိုယ့်စေတနာအလျှောက်..လုပ်ရတော့မှာပေါ့”လို့   ပြောရင်း တဆက်တည်းဘဲ ကိုယ်ကလည်း တကဲ့ လူလွတ်စစ်စစ်မဟုတ်သေးတာ.။
မြို့ နယ်တရားသူကြီးအဖွဲ့ ဝင်ဖြစ်နေသေးတာ ကို..သတိရလိုက်ပြီး သူတို့  မြို့ နယ် အာဏာပိုင်အဖွဲ့ အစည်းက   ဗိုလ်မှူးကိုလွှဲတယ်ဆိုရင်   ကျနော့်ကိုလည်း   အသိပေးဘို့ တော့  သူတို့မှာ တာဝန်ရှိတယ်။ ဒါဟာ..သူတို့   အစည်းအဝေးတွေ ဘာတွေ   လုပ်တာမဟုတ်ဘဲ တစ်ဦး နှစ်ဦးကလုပ်လိုက်တဲ့ ဆုံးဖြတ်ချက်ဖြစ်လိမ့်မယ်…. လို့   သဘောပေါက်လိုက်ပါတယ်။ ဒါကြောင့်..
“ ဒီမှာ ဗိုလ်မှူး… မြို့ အုပ်ချုပ်ရေးကို  သူတို့  တာဝန်မယူတော့ဘူးဆိုရင် အစည်းအဝေးဆုံးဖြတ်ချက်ရှိရမယ်။ ဗိုလ်မှူးကို  တရားဝင် စာနဲ့ ပေးရမယ်။အနည်းဆုံးလူကိုယ်တိုင်လာပြောပြရမယ်။ ဒီလိုမဟုတ်ပဲနဲ့  နောက်ကျမှ..ဟိုလိုလို ဒီလိုလို ဆိုရင် ကျနော်ကတော့ မထူးဘူး။ ဗိုလ်မှူးကစင်ပြိုင်   အုပ်ချုပ်ရေးဖွဲ့တာပဲ..။ အရပ်ဖက်ဥပဒေနဲ့ ရော စစ်ဘက်ဥပဒေနဲ့ ရော ငြိနေတယ်။ အရေးယူခံရနိုင်တယ်။ ဗိုလ်မှူး ဆေ့ဖ်ဆိုက် (safe  side)ယူထားဖို့..လိုတယ်။ စာနဲ့ ပေနဲ့  ..ရထားဖို့   လိုတယ်”  လို့ ပြောလိုက်ပါတယ်…။
ဒီတော့မှ.. သူလည်း နည်းနည်းဖြုံ သွားပုံရတယ်။ နည်းနည်းတွေသွားပြီး“  ဒီလိုလုပ်ဗျာ ..။ခင်ဗျားကလည်း ကျောင်းသားလူငယ် ခေါင်းဆောင်တွေနဲ့ တွေ့ ပြီး တစ်နေရာမှာ အစည်းအဝေးလုပ်။ ကျနော်လည်းလာမယ်။ ဒီအတွင်း …ကျနော်သူတို့ဆီက စာနဲ့ပေနဲ့ တောင်းထားမယ်။ကျနော့်ဆီဖုန်းဆက်ရင်..ဗိုလ်ရုံကိုဖုံးဆက်။ အခု ကျနော် ဗိုလ်ရုံကိုရွှေ့နေပြီ”  လို့  ပြောပြီး ပြန်သွားတယ်။
ကျနော်လည်း အိမ်ပြန်ထမင်းစားရင်း က တူဖြစ်သူ အောင်မိုးမြင့်ကိုလက်လှမ်းမှီတဲ့ ကျောင်းသားလူငယ်နဲ့  သပိတ်ခေါင်းဆောင်တွေကို တစ်နေရာမှာစုခိုင်းလိုက်ပါတယ်။ သူ့ကိုအခြေအနေပြောပြပြီး တစ်ခုခုဆို သူတို့ လူငယ်အစုတွေ   သိပ် ရှေ့  မထွက်ကြနဲ့ဦးလို့   မှာထားလိုက်ပါတယ်။ ထမင်းစားပြီးတော့ သူတို့  နေ့ လည်တစ်နာရီမှာ  မြို့ နယ်သမဝါယမ အသင်း အစည်းအဝေးခန်းမှာ လူစုဖို့   ချိန်းထားတယ်….ဆိုလို့သွားပါတယ်။ လူနည်းနည်းစုံအောင်စောင့်ပြီး    မြို့နယ်အုပ်ချုပ်မှု     ယာယီအဖွဲ့ သဘောမျိုး ဖွဲ့ ဖို့ ဗိုလ်မှူးထိန်ဝင်းက
အစည်းအဝေး ဖိတ်စာမူကြမ်းကို   ဆရာ ဦးကျော်ဝင်း ကရေးပါတယ်။အကြောင်းအရာနေရာမှာ “မြို့ နယ်  အုပ်ချုပ်ရေးအဖွဲ့  (ယာယီ) ဖွဲ့ စည်းရန်” လို့ ရေးပါ တယ်။ဖိတ်မဲ့သူက ..ကျနော်။ ကျနော့်လက်မှတ်ကြီး  နဲ့   မြို့ နယ်အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့ ဖို့    ဖိတ်တယ်ဆိုတာနုတ်တစ်ရာ စာတစ်လုံး …။သက်သေခံစာရွက် စာတမ်း မဖြစ်သင့်ဘူး။ ပြီးတော့..ဖွဲ့ ဖြစ်တယ် မဖွဲ့ဖြစ်မယ်ကလည်း..သေချာသေးတာ မဟုတ်တော့ ။အကြောင်းအရာကို ပြင်လိုက်ပါတယ်။ မြို့ နယ်လုံခြုံရေးနှင့် ပတ်သက်၍အရေးပေါ်ဆွေးနွေးရန်”လို့ ပြောင်းလိုက်ပါတယ်။ ဖိတ်ရမယ့် လူစာရင်းကို သူတို့ကို..ရွေးခိုင်း။သူတို့ကိုဘဲ    ဖိတ်ခိုင်းလိုက်ပြီး.. ဗိုလ်တဲဘက်   ကို   ဘိုင်စကယ်နဲ့ထွက်ခဲ့ပါတယ်။ ဘုရားကြီးလမ်းထိပ်မှာ မြို့ နယ်တရားရေးအဖွဲ့ ဝင်ဦးဒီလုံးနဲ့တွေ့ လို့..ဘိုင်စကယ်ရပ်ပြီး “မင်းတို့   ဘယ်လို လုပ်တာလဲငါ့တောင်အသိမပေးဘူး”  ဆိုတော့ သူက “ကျနော်တို့  လည်း မသိဘူး..။ အခုအစည်းအဝေးကျမှသိတယ်။ ခုတော့..အစည်းအဝေးကဗိုလ်မှူးထိန်ဝင်းကိုမလွှဲတော့ဘူး၊ မနက်ဖြန်ကာ ..ဌာနပေါင်းစုံဆန္ဒပြပွဲနေ့  မှာ ရုံးမတက်ဘဲနေမယ် လို့  ဘဲ ဆုံးဖြတ်တယ်”လို့ပြောပါတယ်။
ဒီလို..သိရပြန်တော့ ဗိုလ်မှူး  ထိန်ဝင်း ဆီတန်းသွားရပြန်တာပေါ့။ဗိုလ်ရုံမှာ ဗိုလ်မှူးနှစ်ယောက် စကား ထိုင်ပြော နေကြပါတယ်။ “လာဗျာ
ကိုအုန်းနိုင်ကြီး” ဗိုလ်မှူး စိုးမြင့်က။ ‘လာဗျာ ဆရာကြီး’ဗိုလ်မှူးထိန်ဝင်းက။ နှစ်ယောက် စလုံး ပြိုင်တူခေါ်ပါတယ်။ ကျနော်  သူတို့ဝိုင်းမှာ ထိုင်မိတော့ …ဗိုလ်မှူးထိန်ဝင်းကဘဲ “  မနက်က  အစီအစဉ်တော့ မဖြစ် တော့ဘူး.. ဆရာကြီးရေ”  လို့ပြောပါတယ်။
ဗိုလ်မှူး  စိုးမြင့်ကတော့“ ကိုအုန်းနိုင်ကြီး..အလုပ်ရှုပ်သွားပြန်တာပေါ့” လို့   ပြောပါတယ်။
“  ဗိုလ်မှူး  ထိန်ဝင်းပြောတဲ့ ..အတိုင်း  ညနေလေးနာရီမှာ တန်းလတ်ကျောင်းအောင်ထပ်ခန်းမမှာ အစည်းအဝေး ဖိတ်ထား ပြီ။ မဖြစ်တာ ဖြစ်တာအကျိုးအကြောင်းတော့ ခင်ဗျားလာပြောဦး..။အဖြစ်အပျက်ကတော့ လမ်းမှာ ဦးဒီလုံးနဲ့ တွေ့ လို့  သိပြီးပြီ။ဒါကြောင့်..ဗိုလ်မှူး  ကို ကျနော်ပြောတာပေါ့” လို့ ကျနော်ကပြောတော့..“အေးဗျာ ..လူစုံရင် တယ်လီဖုံး ဆက်လိုက်ဗျာ။ ကျနော်ရှင်းပြပါမယ်”လို့ပြောပါတယ်။
ဒါနဲ့  ကျနော်လည်း အိမ်ပြန်ရေနွေးကြမ်းသောက်ပါတယ်။ လေးနာရီလောက်တန်းလတ်ကျောင်း ရောက် တော့ .. လူကြီးတွေထဲက ဦးသန်းရွှေ၊ ဦးအေး၊ဦးမောင်လေး၊ ဦးလှငွေနဲ့ ဦးကြီးစိန်တို့ ကို  တွေ့ရသလို၊ လူလတ်ပိုင်းကဦးဖေမြင့်၊ ဦးတင်ဝင်း၊ ဦးအေးလွင်၊ ဦးစံမောင် တို့နဲ့  အခြား လူအတော်များများ ရောက်နေတာ တွေ့  ရပါတယ်။ လူစုံသလောက်ပါဘဲ။ မစုံလည်း အရေးမကြီးတော့ပါဘူး။ ဒါနဲ့   နီးရာလူတစ်ရောက်ကိုဗိုလ်မှူး ထိန်ဝင်းရှိတဲ့    ဗိုလ်တဲကို ဖုန်းဆက်ခိုင်း ပါတယ်။ ဒီမှာလူစုံနေပြီ လာခဲ့ပါလို့..။ဒီမှာ   လူစုံနေတော့.. နေ့ ခင်းကျနော်ခေါ်တဲ့အစည်းအဝေးတက်ခဲ့တဲ့လူငယ် လူလတ် တွေဆီက သတင်းကြားသင့်သလောက်ကြားနေကြပြီမို့…အားလုံးကဘဲ ..ဗိုလ်မှူးမလာခင် ဆရာကြီး အရင်..ရှင်းပြပါလို့   ပြောကြပါတယ်။
ကျနော်လည်း မနက်က အဖြစ်အပျက်၊ နေ့ လည်က လူငယ်တွေနဲ့ ဆွေးနွေး၊ အစည်းအဝေးဖိတ်စာဝေအပြီး …ဗိုလ်ရုံမှာ နောက်ဆုံးတွေ့ ခဲ့တဲ့ အခြေအနေတွေကိုရှင်းပြလိုက်ပါတယ်။ တကယ်တော့ မနက်က ပါတီကောင်စီက ဗိုလ်မှူးကိုအာဏာအပ်လိုက်တာပါ။ သူတို့  ထင်ထားတာက ပြည်က စစ်အုပ်ချုပ်ရေးမျိုးပေါင်းတည်ကို…ရောက်လာလိမ့်မယ်လို့…။လွယ်လွယ်တွက်တာပါ…။ ဒါပေမဲ့သူတို့  အထင်နဲ့ အမြင်လွဲသွားတယ်..။ဗိုလ်မှူး က   ကျနော့ဆီရောက်လာတယ်.။ပြီးတော့..သူတို့ ကိုတရားဝင်လွှဲစာတောင်းတဲ့ အခါကျမှ  အတိမ်အနက်ကို သဘောပေါက်ပြီး တောမရောက်တောင်မရောက် ဖြစ်သွား ကြောင်း  ..ကျနော်ရှင်းပြပါတယ်။ ရှင်းပြနေတုန်းပဲဗိုလ်မှူးထိန်ဝင်းရောက်လာပါတယ်။ ကျနော်ပြောတာ တစ်ဝက် တစ်ပျက်လောက်တော့မီတာပေါ့။ကျနော် လည်း လက်စ နဲ့  မို့   စကားဖြတ်မပစ်ပါဘူး။ သူ့ ကိုကုလားထိုင် တစ်လုံးဆီ လက်ညှိုး  ညွှန်ပြပြီး ဆက်ပြောလိုက်ပါတယ်။
ပြီးတော့မှ ဗိုလ်မှူး   ပြောပါဆိုတော့ သူကထတဲ့ပြီး –
“  အမှန်တော့ သူတို့  က     ကျနော့်ကို လူလည်လုပ်တာ။ ကျနော်ကပြည်လှမ်းဆက်တော့ ဒီမှာ လူကြီးတွေနဲ့ ထိန်းထား ပေးပါ။ အုပ်ချုပ်ရေး
နယ်နမိတ်ရွှေ့   တာလွယ်လွယ်မှတ်လို့  လားဆိုပြီး…ပြည်က ညွှန်ကြားလို့ကျနော်ကပဲ.. ဆရာကြီးကို ..လူကြီးများ ဖိတ်ခိုင်းတာပါ။ အခုတော့ တစ်မျိုးဖြစ်သွားပြီ…။ခွေးလောက်မှတန်ဘိုးမရှိတဲ့  ကောင်တွေ..။ လမ်းတွေ့ ရင် ခြေ နဲ့   ကန်ပစ်ဖို့   ဘဲကောင်းတော့တယ်။ ဒါပေမဲ့ သူတို့ဘာမှ မလုပ်နိုင်တော့ဘူး။ စဖြစ်တဲ့နေ့ကစပြီး စစ်တပ်ကို အားကိုးနေတာ။ ကျနော်လည်း ကျနော့်ကောင်တွေကို ပို့ သာထားတာ..။ သူတို့ ကို  ယူနီဖောင်းတောင် ဝတ်ခိုင်းတာ မဟုတ်ဘူး။ညဘက်မှ တစ်ခါတလေ နဲနဲရောပြီး ကင်းလှည့်တာလောက်ပဲ လုပ်တာ။ အခု..ဒီမြို့ ဒီအခြေအနေ ရှိနေတာလည်း အားလုံးကျေးဇူးတင်ရတာပါဘဲ။ ဒီအတိုင်းဘဲဆက်ထိန်းကြပါ။ လိုအပ်တဲ့ အကူအညီရှိရင်လည်း ကျနော်ဗိုလ်ရုံမှာ ရှိနေပါတယ်။
အချိန်မရွေးလာနိုင်ပါတယ်။ အခုလိုလူကြီးများကို     ဘာမဟုတ်ညာမဟုတ်ဒုက္ခပေး ရတာ အားနာပါတယ်။ဒါပေမဲ့ လူကြီး များနဲ့  အခုလိုတွေ့ ရတဲ့အတွက်လည်း ပိုကောင်းသွားတာပေါ့။ကျနော်နဲ့  မြို့ နဲ့     နားလည်မှု ရသွားတာပေါ့…လို့   ပြောပြီးမေးချင်တာရှိရင်မေးကြပါ”
ဆိုတော့ လူကြီးတွေက   မိမိတို့ ရပ်ကွက်အလိုက် လုံခြုံရေး ကင်းတွေရှိနေတာမို့    စစ်တပ်က ညကင်းများအတွင်းပစ်ခတ်မှုများရှိမှာစိုးတဲ့ အကြောင်း ပြောပြပါတယ်။ ဗိုလ်မှူးကလည်းမဖြစ်စေရပါဘူး။ လိုအပ်တဲ့ ရပ်ကွက်က လာရောက် အကြောင်းကြားမှသာလာမဲ့အကြောင်း အနူးအညွတ်ဘဲ ပြောပြီး မြို့ နယ် အုပ်ချုပ်ရေးမှုကော်မီတီ(ယာယီ) ဖွဲ့ စည်းဘို့  အစည်း အဝေးပြီးသွားပါတယ်။
ဗိုလ်မှူးလည်း ကျနော်နဲ့  တွေ့လိုက်တာဟာ သူ့အတွက်အထူးအကျိုး ရှိသွားတယ်ဆိုတာ နောက်တော့မှ ပြောပါ တယ်။ ကျနော်ရဲ့ ဖိတ်စာရေးတာက အစ ပရီကောရှင်း(ကြိုတင်သတိထားမှု) ယူခဲ့တာဟာ တရားဥပဒေကြောင်း အရရော ပြည်သူလူထုရဲ့ အမြင်မှာ အရှက်ကွဲဖို့   ကပါ လွတ်သွားပါတယ်။
ဌာနပေါင်းစုံ ဆန္ဒပြပွဲ (အထွေထွေသပိတ်ကြီး)
နောက်တစ်နေ့    မြို့  လုံးကျွတ် ဌာနပေါင်းစုံ ဆန္ဒပြပွဲမှာတော့တရားရေးဌာန၊ ရှေ့ နေများ၊ ပြည်သူ့ ရဲတပ်ဖွဲ့ က အစ၊ ဆေးလိပ်ခုံတွေပါမကျန်
ပါဝင်လှည့်လည်ကြ ပါတယ်။ အဲဒီမှာ    ပါတီယူနစ်က ရုံးအဖွဲ့ ဝင်တွေကပါ ပါဝင် လှည့်လည် ကြ ပြီး သူတို့ရှေ့ ကကိုင်ထားတဲ့   ဆိုင်းဘုတ်မှာတော့                      “  x (ကြက်ခြေခတ်)ရုံးလုပ်သားများ”     လို့ ရေးထားပါတယ်။
ဒီမှာဘဲ မနေ့ က ဖြစ်ခဲ့တဲ့ အကြောင်းရင်းကို သိလာရပါတယ်။မနေ့ က ပါတီယူနစ်ဥက္ကဌက ရုံးကိုစောစောလာပါတယ်။ ရုံးတံခါးတစ်ချပ်ပွင့်နေပြီး အထဲဝင်တော့ ဘယ်သူမှ မတွေ့ဘူး။ ရုံးစောင့်ကိုအော်ခေါ်တော့လည်း မထူးဘူး။ ဒါနဲ့   ဥက္ကဌက    နောက်ဘက်အထိ ဝင်လိုက်သွားတော့နောက်ဘက်ခန်းမထဲမှာ ရုံးစောင့်ကို မြင်လိုက်ရပြီး နံရံတစ်ဘက်မှာ တစ်ခုခုဖွက်လိုက်သလိုလို  လုပ်တာကို   မြင်သွားတယ်..။
“ဟေ့ကောင် …ငါခေါ်နေတာမကြားဘူးလား .။.မင်း…ဟိုဘက်ကို ဖွက်ထားလိုက်တာ ဘာလဲ …”
လို့    မေးတော့လည်း ဘာမှ မဖြေ လို့…။အနားကပ်သွားပြီး
နံရံနောက်ကိုကြည့်လိုက်တော့ လက်ကိုင်ဆိုင်းဘုတ်တစ်ခု။ ဆိုင်းဘုတ်မှာ
ပေါ်မှာတော့ “( x )ရုံးလုပ်သားများ”  တဲ့။
     ဥက္ကဌ အရမ်းဒေါပွသွားတာပေါ့။ “ ဟေ့ …မင်းတို့ကတောင်
..ကြက်ခြေခတ်ပြီလား” ဆိုပြီး ရှေ့ဘက်ပြန်ထွက်လာတော့    ရုံးမှာလာပြီး
အလုပ်သမားအစည်းအရုံးတာဝန်ယူတဲ့ ဝန်ထမ်းတစ်ဦး
ရုံးထဲဝင်လာတာ တွေ့ပါတယ်။
“ခင်ဗျားတို့ရုံးကရော မနက်ဖြန် အထွေထွေသပိတ် လှည့်လည်ပွဲတက်မလား” လို့
မေးလိုက်ပါတယ်။ “ကျနော်တော့ သေသေချာချာ မသိဘူး။ ညကတော့
လက်ကိုင်ဆိုင်းဘုတ်တွေရေးနေတာ မြင်ရတယ်”
လို့…ဖြေပါတယ်။
“ ‘ဒါဆို အကုန်လုံးပေါ့။ နေဦး …ကောင်စီကို သွားဦးမယ်။ ကောင်စီကို
တယ်လီဖုံးဆက်ပြီး ကားတစ်စီး လွှတ်ပေးဘို့   ပြောလိုက်”  လို့ပြောတယ်။
အဲဒီပုဂ္ဂိုလ်က ကောင်စီကိုတယ်လီဖုံးဆက်တယ်။ ရုံးအဖွဲ့ မှူးနဲ့
စကားပြောရတယ်။
“ဒီမှာလဲ …တာဝန်ကျတဲ့ကားတွေ..တစ်စီးမှ မရောက်သေးဘူး။ ဥက္ကဌလာမှ
ဥက္ကဌကားလွှတ်လိုက်မယ်’”
လို့   ပြန်ပြောပါတယ်။
“ကားတွေက ဘာလို့  မလာတာလဲ..။အခု ဘယ်အချိန်ရှိပြီလဲ တစ်ယောက်ယောက်လိုက်ခေါ်ခိုင်း”
လို့အမိန့် ပေး လိုက်တယ်။
           ကောင်စီမှာက ကုလားဗမာ ကိစ္စ စ ဖြစ်ကတည်းက နံနက်(၆)နာရီက နောက်တစ်နေ့
နံနက်(၆) နာရီ အထိ မြို့ ထဲက  ကားလေးနှစ်စီး တာဝန်အလှည့်ကျ ယူရပါတယ်။
ဒါကိုလည်း   မော်တော်ယဉ် အစည်းအရုံးက လုပ်ရတာပါ။ ကားတစ်စီးမှာ ဆင်ဖို့
ဘက်ထရီအပြည့်နဲ့ အသံချဲ့ စက် တစ်ခုလည်း သည်လိုပဲ နံနက်(၆)နာရီက
နောက်တစ်နေ့ နံနက်(၆)နာရီအထိ ရှိရတယ်။ ဒီနေ့ မနက်(၆)နာရီမှာ မနေ့ကတည်းက
တာဝန်ကျတဲ့ ကားနှစ်စီးနဲ့  အသံချဲ့စက်က အချိန်စေ့လို့  သတင်းပို့
ပြီးပြန်သွားပြီ။ နောက်ရောက်ရမဲ့ ကားနှစ်စီးနဲ့    အသံချဲ့စက်က အခု
(၈နာရီလောက်)အထိ တစ်စီးမှ မရောက်သေးဘူး။ အသံချဲ့ စက်လည်း မရောက်သေးဘူး။
        အဲဒီအချိန်မှာ   ကောင်စီဥက္ကဌ ကား မာဇဒါဂျစ်ရောက်လာတယ်။
ဗိုလ်မှူးစိုးမြင့်ကို  ရုံးအဖွဲ့ မှူးက ပါတီဥက္ကဌ ဆီကို ကားလွှတ်ခိုင်းတာ
တာဝန်ကျကားတွေမရောက်လို့    ဗိုလ်မှူးကားကိုဘဲ လွှတ်လိုက်ပါလို့ 
ပြောတဲ့ အကြောင်း ပြောတော့ …။ဗိုလ်မှူးက    သူ့ ကားကို   ပါတီရုံးဆီ
လွှတ်လိုက်ပါတယ်။ ဒီအချိန်မှာ ရုပ်စုံတိုက်လို့   ခေါ်တဲ့    ရန်ကုန်လမ်းက
ချစ်တီးတိုက်ဟောင်းရဲ့ရှေ့   မှာ   နေ့ တိုင်းရောက်နေကျ ကျောင်းသားအဖွဲ့ 
 ရောက်လာတယ်။ သူတို့    တာဝန်က ရန်ကုန် ပြည် လမ်းပေါ် လာတဲ့ ကားကြီး
ကားငယ်တွေကို တားပြီး ပိုစတာကပ်ပေးပါတယ်။ “‘ဒီမိုကရေစီအမြန်ပေး”
“တစ်ပါတီစနစ်ဖျက်ပစ်’”.. ဆိုတာမျိုး    ပိုစတာတွေပါ။ ကောင်စီဥက္ကဌကား
ကိုလည်း ရပ်ခိုင်းပါတယ်။ အရှေ့ တံခါး နှစ်ဘက်မှာ
ပိုစတာတွေကပ်ပေးလိုက်ပါတယ်။ ဒါက… ပိုစတာ ကမ်ပိန်း စကတည်းကပါ။ ကျနော်က
ကျောင်းသားတွေ ကို ပြောထားပါတယ်။ မင်းတို့  မေတ္တာရပ်ခံပြီးမှကပ်။ သူတို့
က  သူတို့ ကားမှာ ကပ်ထားတဲ့ ပိုစတာကို ကြိုက် တဲ့အချိန်မှာ
ခွာခွင့်ရှိတယ်။ ဒါကို…ရန်မလုပ်နဲ့။ ဒါဟာ… ဒီမိုကရေစီဘဲလို့ …။
        ဥက္ကဌ ကားလည်း ဒီလိုဘဲ အကပ်ခံလိုက်ရ တာဘဲ။ ရုံးရောက်မှ
ခွာချင်ခွာ…။ကားမောင်းသူက  ရီစရာလို သဘောထားပါတယ်။
အခုလဲ….ပါတီရုံးကိုသွားတဲ့ ကားမှာ ပိုစတာအပြည့်နဲ့ ပေါ့။ ပါတီရုံးရှေ့ 
ကနေကားထွက်မျှော်နေတဲ့   ပါတီဥက္ကဌ ဆီကို ကားက ကွေ့  ဝင်လာတယ်။
“တစ်ပါတီစနစ် ဖျက်သိမ်းပစ်” ဆိုတဲ့ ပိုစတာကြီးကို  တွေ့ လိုက်တဲ့ ဥက္ကဌက
ထပ်ပြီး ဒေါသထွက်သွားပြန်တာပေါ့။ ကားပေါ်တက်ပြီး ကောင်စီရုံးကိုရောက်တော့တာဝန်ကျကားတွေကို ခေါ်ရအောင် သွားတဲ့သူပြန်ရောက်နေပါပြီ။“ဒီနေ့ အတွက်..’မော်တော်ယဉ် အစည်းအရုံးက တာဝန်ချတဲ့မော်တော်ကားမရှိပါဘူးတဲ့”  အဓိပ္ပါယ်ကတော့ ကောင်စီကို အာဏာဖီဆန်ပြီဆိုတဲ့သဘောဘဲ။ “ကဲ – အတွင်းရေးမှူး..သွားခေါ်ဖို့လဲ..မာဇဒါပဲယူသွား”..။ကားပြန်ထွက်သွားပါပြီ။ တော်တော် ကြာတော့ ကောင်စီအတွင်းရေးမှူးရောက်လာတယ်။ ပါတီဥက္ကဌက “ခင်ဗျားတို့  ရုံးက ကောင်တွေရော…. မနက်ဖြန်အစည်းအဝေးလိုက်မှာလား မေးစမ်း..။ ကျုပ်ရုံးမှာတော့ ခွေး..တွေက..ကျုပ်တို့ကို   ခရော့စ် လုပ်နေပြီ”
ဒါနဲ့   လိုက်ရှာကြတယ်။ တွေ့  တာပေါ့ …။နောက်ဖက်ခန်းထဲမှာပဲ “ မြို့နယ် ( ကြက်ခြေခတ်   )               ရုံးဝန်ထမ်းများ     ”လို့ ..ရေးထား တဲ့ဆိုင်းဘုတ်။ ဒီမှာတင် ဒေါကန်ပြီး ဗိုလ်မှူး  ထိန်ဝင်းဆီလှမ်းပြီး…တယ်လီဖုံးဆက်တော့တာဘဲ တဲ့။
ရီရခက် ငိုရခက်။ ကားတွေမှာလဲ ပိုစတာအကပ်ခံရ။ ရုံးရှေ့ မှာလည်းလမ်းဟိုဘက်သည်ဘက် ကန့် လန့်   ဖြတ် ပြီး..ချိတ်ထားတဲ့ ပိုစတာ ဆိုင်းဘုတ်ကြီးတွေက… ဧရာမအကြီးကြီးတွေ။   ကပ်လို့ ရတဲ့ နေရာမှန်သမျှ ကပ်ထားတဲ့ ပိုစတာတွေ ကလည်း…
“ပါတီဦးဆောင် တက်တက်ပြောင်”
“ကောင်စီကြီးကြပ် …ထမင်းငတ်”
“ပါတီဦးမဆောင်နိုင် ငေးလို့  မှိုင်”
“ကောင်စီကြီးကြပ်မရ …သက်မချ -”
ဖြစ်ကုန်ကြပါပြီ။
ကျနော်လည်း သူတို့   အိနြေ္ဒရရ နေနိုင်အောင်လို့..နှုတ်ထွက်လွှာမတင်သေးဘဲ ဆိုင်းထားတာ ။အခုတော့ …သူတို့ ကိုယ်တိုင်   အိနြေ္ဒမရဖြစ်ပြီး..စစ်တပ်ကဗိုလ်မှူးတောင် အထင်သေးသွားပြီမို့…။(၂၂) ရက်နေ့     မနက်မှာပဲ ကျနော်နှုတ်ထွက်လွှာရေးပြီး   တရားသူကြီးအဖွဲ့ဥက္ကဌဆီကို သွားတင်လိုက်ပါတယ်။ ဥက္ကဌကသူ့ ဆီတင်လို့ ဖြစ်ပါ့ မလား.. ဆိုလို့..။လုပ်ထုံးလုပ်နည်းစာအုပ်ပါပေးပြီး သူကတဆင့် ကောင်စီဥက္ကဌ ဆီ တင်ရတယ်ဆိုတာကိုပါပြောခဲ့ရပါတယ်။ ဒါပေမဲ့ လုပ်ထုံးလုပ်နည်းအရတော့ တစ်လထက်နောက်မကျဘဲ
နှုတ်ထွက်လွှာ လက်ခံ၊ မခံ ပြန်ကြားရတယ်ဆိုတာရှိနေတော့…။ တာဝန်ကတော့ရှိနေသေးတာပေါ့။ တစ်လပေါ့လေ..။
(ဒီမိုကရေစီအရေးတော်ပုံ (၂၁)  …မာရှယ်လော  ရုတ်သိမ်းပြီ)
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts