သတင်းပဒေသာ
စစ်မှန်သည့် ငြိမ်းချမ်းရေးအတွက် စေတနာမှန်ဖို့ လိုအပ်ဟု ဗိုလ်မှူး ဘဇန် ပြောကြား
မိုးမခအထောက်တော်
ဇန်န၀ါရီ ၆၊ ၂၀၁၄
မြန်မာနိုင်ငံတွင် ရှည်လျားစွာစစ်မက်ဖြစ်ပွားနေသော ပြည်တွင်းစစ် ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ ဆုံ ဆွေးနွေးအဖြေရှာကြသည့် နေရာတွင် အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုလက်ခံသော်လည်း လက်မှတ်တခုတည်း ကန်ထိုးနေရုံနဲ့  မပြီးပဲ စစ်မှန်သည့် ငြိမ်းချမ်းရေးအတွက် စေတနာမှန်မှန် လက်တွေ့ အကောင်ထည်ဖော်ဖို့ လိုအပ်ကြောင်း ဗိုလ်မှူးဘဇန်က ပြောကြားလိုက်သည်။
အမေရိကန်ပြည်ထောင်စု တောင်ဖက်ခြမ်း တက္ကဆက်ပြည်နယ် အမာရီလိုမြို့ ရှိ မိုးလုံလေလုံ ခန်းမတခုဖြစ်သော Amarillo Civic Center Complex, North Exhibit Hall (A) 401 S. Buchanan Street, Amarillo Tx 79101 ၌ ဇန်န၀ါရီ ၅ ရက် တနင်္ဂနွေနေ့ က ကျင်းပပြုလုပ်သည့် ကရင်နှစ်သစ်ကူးပွဲတော်အခမ်းအနားတွင် ၄င်းက ထိုသို့  ပြောဆိုလိုက်ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံရဲ့ ရှည်လျားတဲ့ ပြည်တွင်းစစ် ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ ဆုံဆွေးနွေး အဖြေရှာကြတဲ့နေရာမှာ အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုလက်ခံပေမယ့် လက်မှတ်တခုတည်း ကန်ထိုးနေရုံနဲ့ မပြီးပဲ စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် စေတနာမှန်မှန် အကောင်အထည် ဖော်ဖို့  လုပ်အပ်တယ်” ဟု သူက ပြောဆိုသည်။
အပစ်အခတ်ရပ်စဲရေးဟု အစိုးရဖက်မှ လူကြားကောင်းအောင်ပြောနေသော်လည်း အခြားတဖက်တွင် KNU တပ်မဟာ ၅ အပါအ၀င် ကချင်တိုင်းရင်းသား လက်နက်ကိုင်တပ်ကို လက်နက်ကြီးများနဲ့  ပစ်ခတ်နေသည်မှာ အပြောနဲ့ အလုပ် ကိုက်ညီမှုမရှိကြောင်း၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် စေတနာမှန်မှန်နဲ့ တတိုင်းပြည်လုံး အပတ်အခတ်ရပ်စဲပြီး နိုင်ငံရေးအကျဉ်းသားများအားလုံးကိုလည်း လွတ်ငြိမ်းချမ်း သာခွင့်ပေးဖို့ လိုအပ်ကြောင်းနှင့် အမြင်ကောင်းရုံသက်သက် ကမ္ဘာကြီးကို မလှည့်စားသင့်ကြောင်း ဗိုလ်မှူးဘဇန်က ဝေဖန်ထောက်ပြသည်။
ကရင်နှစ်သစ်ကူး အချိန်အခါသမယတွင် နှုတ်ခွန်းဆက်အမှာစကားအနေနဲ့ ကရင်ပြည်သူလူထုကို ဘာများပြောကြားချင်ပါသလဲဟု မိုးမခမှ မေးမြန်းရာ သူက “ကရင်အမျိုးသားတွေ ဘယ်နေရာ ဘယ်ဒေသကိုရောက်ရောက် ကရင်တွေ မလွတ်မြောက်သေးဘူးဆိုတာ မမေ့ပါနဲ့ ၊ ကရင်တွေ အသက်ရှင် ရပ်တည်နိုင်ဖို့ အတွက် KNU ကရင်အမျိုးသားအလံအောက်မှာ အားလုံးတက်ညီတက်ညီနဲ့ ကြိုးစားရုန်း ကန်ကြပြီး UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီနဲ့ ခိုင်ခိုင်မာမာ ပူးပေါင်းလက်တွဲ တိုက်ပွဲဝင်ကြဖို့ မှာချင်ပါတယ်”ဟု ပြောဆိုသည်။
ပွဲတော်အခမ်းအနားကို ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် စတင်ဖွင့်လှစ်ပြီး ကရင်အမျိုးသား အလံတော် အလေးပြုခြင်း၊ သဘာပတိ မိန့် ခွန်း ပြောကြားခြင်း၊ ကရင်နှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံ အကြောင်းကို ရှင်းလင်းခြင်း၊ ဂုဏ်ပြုဆု ချီးမြှင့်ခြင်း၊ ကရင်ရိုးရာ ဒုံယိမ်းအကဖြင့် ဖျော်ဖြေခြင်းနှင့် ဧည့်ပရိတ်အပေါင်းအား အစာအဟာများဖြင့် ကျွေးမွေးဧည့်ခံခြင်း စသည့် အစီအစဉ်များ ပါဝင်ခဲ့သည်။
ပွဲတော်အခမ်းအနားကို ဒေသစံတော်ချိန် ညနေ ၄ နာရီကျော်တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြသည်။
ကရင်သက္ကရာဇ် ၂၇၅၃ ခုနှစ်အတွက် ကရင်နှစ်သစ်ကူးပွဲတော်နေ့ မှာ မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ် ပြာသိုလဆန်း ၁ ရက်၊ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့ တွင် ကျရောက်ခဲ့ပြီးဖြစ်သော်လည်း အမာရီလိုမြို့ ကရင်နှစ်သစ်ကူးပွဲတော်ကို အများသူငါ အလုပ်ပိတ်ရက်ဖြစ်သည့် တနင်္ဂနွေနေ့ တွင် ကျင်းပရသည့်အတွက် ယခုလို ကရင်နှစ်ကူး ၄ ရက် လွန်မြောက်ပြီးမှ ကျင်းပပြုလုပ်ခဲ့ကြရခြင်းဖြစ်သည်ဟု သိရှိရသည်။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
Similar Posts