နိုင်ငံတကာရေးရာ

တကိုယ်တော် အတိုက်အခံဘလော့ဂါ ဒေါက်တာလွဏ်းဆွေ အိမ်ပြန်တော့မည်

 

 

တကိုယ်တော် အတိုက်အခံဘလော့ဂါ ဒေါက်တာလွဏ်းဆွေ အိမ်ပြန်တော့မည်

မိုးမသတင်းကောက်နုတ်ချက်၊ ဇန်န၀ါရီ ၅၊ ၂၀၁၄

၂၀၀၅ ခုနှစ်တွင် ထိုင်းမြန်မာနယ်စပ်သို့ ထွက်ခွာလာပြီး ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလတွင် သတင်းများ၊ မြန်မာ့အရေးလှုပ်ရှားမှုများကို အချိန်နဲ့တပြေးညီ တင်ဆက်နိုင်သော ဘလော့ဂါတဦးအဖြစ် လူသိများ ထင်ရှားလာသော စာရေးဆရာ၊ အယ်ဒီတာ ဒေါက်တာလွဏ်းဆွေ ၂၀၁၄ ဖေဖော်ဝါရီတွင် မြန်မာပြည်သို့ ပြန်မည်ဟု သူ၏ ဘလော့ဂ်တွင် ထုတ်ပြန်လိုက်သည်။

 အောက်ပါအတိုင်း ကာယကံရှင်က ရေးသားထားသည်ကို တွေ့ရသည်။

(ဓာတ်ပုံ ဒေါက်တာစင်သီယာမောင်မွေးနေ့ပွဲတွင် တွေ့ရသော ပုံ။ ဒီဇင်ဘာ ၆၊ ၂၀၁၃)

၂၀၁၃ ခုနှစ် ဇန်န၀ါရီလဆန်းပိုင်းက ဦးနှောက်သွေးကြောပိတ်ဆို့မှုဝေဒနာ ခံစားခဲ့ရပြီးနောက် လအတန်ကြာ ဆေးကုသမှုခံယူနေခဲ့ရသည့် ကျနော်၏ ကျန်းမာရေးအခြေအနေသည် ယနေ့အချိန်အခါတွင် အတော်အသင့် ပြန်လည်ကောင်းမွန်လာပြီဖြစ်သဖြင့် လုပ်လက်စအလုပ်များကို လက်စသတ်ပြီးသကာလ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ တတိယအပတ်ထဲတွင် မြ၀တီမြို့မှတဆင့် ကျနော်၏ ကျေးဇူးရှင် မိဘနှစ်ပါး နေထိုင်ရာ တောင်ငူမြို့နေအိမ်သို့ ပြန်လာတော့မည်ဖြစ်ကြောင်း ကျနော့်အား ချစ်သော၊ ခင်သော၊ မုန်းတီးသော၊ ရန်သူလိုသဘောထားသော မိတ်ဆွေအပေါင်းအသင်းရောင်းရင်းများအား လေးစားစွာ အသိပေးအပ်ပါသည်။

အမိနိုင်ငံသို့ ပြန်လည်ရောက်ရှိပါက …

– မိဘနှစ်ပါးနှင့်အတူ လအနည်းငယ် နေထိုင်အနားယူခြင်း၊

– အနားယူပြီးပါက နှစ်အတန်ကြာ ဝေးကွာနေခဲ့သော မိတ်ဆွေရင်းချာများ၊ စာပေမိတ်ဆွေများ၊

ရင်းချာသော မြားနတ်မောင်စာဖတ်ပရိသတ်များနှင့် ပြန်လည်ဆုံဆည်းခွင့်ရရန် နေရာအတော်များများသို့ ခရီးထွက်ခြင်း၊

– ခရီးထွက်ခြင်းအစီအစဉ်များ ပြီးဆုံးပါက ထမင်းနှစ်နပ် ပုံမှန်စားနိုင်ရေးအတွက် ကြံဆောင်ရင်း အမိနိုင်ငံနှင့် ပြည်သူလူထုအတွက် အရေးတကြီး လိုအပ်နေသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် စိတ်တူကိုယ်တူ၊ ရင်ဘတ်တူ၊ ယုံကြည်ချက်တူ မိတ်ဆွေများ၊ ပြည်သူများနှင့် ပူးပေါင်းလက်တွဲ၍ ကိုယ်စွမ်းဥာဏ်စွမ်း ရှိသရွေ့ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

အားလုံးသို့ လေးစားစွာဖြင့် …

ဒေါက်တာလွဏ်းဆွေ

ည ၈ နာရီ ၃၆ မိနစ်

၎-၁-၂၀၁၄ (လွတ်လပ်ရေးနေ့)

သူ့ကိုယ်ရေးအကျဉ်းမှာ အောက်ပါအတိုင်းဖြစ်သည်။

၁၉၇၀ ဇန်န၀ါရီ ၄ ရက် (လွတ်လပ်ရေးနေ့) တွင် မွေးဖွား။ ၁၉၉၅ တွင် ဆေးတက္ကသိုလ် (၂) မှ M.B.,B.S ဘွဲ့ရ။ ၁၉၉၆ စက်တင်ဘာမှ ၁၉၉၇ ဖေဖော်ဝါရီအထိ ကိုယ်ပိုင်ဆေးခန်း ဖွင့်။ ၁၉၉၆ နိုဝင်ဘာမှ ၂၀၀၅ ဇွန်အထိ မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်းတွင် တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်။ ၂၀၀၅ ဇူလိုင် ၁ ရက်တွင် လွတ်မြောက်နယ်မြေသို့ ရောက်ရှိ။ မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်းတွင် တွဲဘက်အတွင်းရေးမှူးအဖြစ် ဆောင်ရွက်လျက်ရှိ။ ရွှေဝါရောင်သံဃာများ မေတ္တာပို့ စီတန်းလမ်းလျှောက်သည့် ၁၈-၉-၂၀၀၇ တွင် ဘလော့ဂ်တင်ဆက်မှု စတင်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “တကိုယ်တော် အတိုက်အခံဘလော့ဂါ ဒေါက်တာလွဏ်းဆွေ အိမ်ပြန်တော့မည်
  1. တကိုယ်တော် အတိုက်အခံဘလော့ဂါ ဒေါက်တာလွဏ်းဆွေ
    အိမ်ပြန် ရောက်တာနဲ့ အတိုက်အခံ ဘလော့ဂါ ရာထူးက နှုတ်ထွက်ပြီး သာကြောင်း မာကြောင်း တွေ ရေးသူ မဖြစ်ပါစေနဲ့ ဗျာ ….။။။။။။.

    1. ခင်ဝမ်းရဲ့ ဆယ်လမွန်ငါးတို့အပြန် …ကိုကြားယောင်နေမိတယ်ဗျာ၊ အဝေးကွင်းတုန်းကိုခြေမျိုး အိမ်ကွင်းမှာ ဆက်ထိန်းထားနိုင်ပါစေ။ အဆုံးအဖြတ် အနိုင်ဂိုးတွေ အကောင်းဆုံးဖန်တီးနိုင်သလို ကိုယ်တိုင် သွင်းနိုင်သူကြီးဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းသဗျား။

Comments are closed.