သတင်းပဒေသာ

ရန်ကုန်မြို့ စာပေဟောပြောပွဲတစ်ခုတွင် ခေတ်ပေါ်အကအဖွဲ့နှင့် အားဖြည့်မည်


ရန်နောင် (ဗိုလ်တထောင်)
ဇန်နဝါရီ ၄၊ ၂၀၁၄

စာပေဟောပြောပွဲစင်မြင့်ထက်တွင် စာရေးဆရာတချို့က စာပေ အနုပညာအကြောင်း ဟောပြောရုံသာမက သီချင်းဆိုပြလေ့ရှိသည်။
ဇန်နဝါရီ ၁ဝ (သောကြာနေ့)တွင်ကျင်းပမည့် ရန်ကုန်မြို့ စာပေဟောပြောပွဲတစ်ခုသို့ သွားရောက်မည့်သူများမှာ သီချင်းသံ ကြားရရန် မသေချာသော်လည်း အကအခုန်တို့ကို ရှုစားရမည့်အခွင့်အရေးက သေချာနေသည်ဟု သိရသည်။

တာမွေမြို့နယ် ကျောက်မြောင်းကြီးရပ်ကွက် မြို့သစ် ၁ လမ်းထိပ် ကျောက်မြောင်းလမ်း စာကြည့်တိုက်ရှေ့ဟောပြောပွဲတွင် နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူက   “အနိစ္စတရားသို့ အလည်အပတ်သွားခြင်း” ခေါင်းစဉ်ဖြင့် ဟောပြောရန် အသင့်ဖြစ်နေပြီး သူ၏ ဟောပြောချက်တွင် ခေတ်ပေါ်အကအဖွဲတစ်ခု၏ ဖျော်ဖြေတင်ဆက်မှုအစီအစဉ်ကို ထည့်သွင်းထားသည်ဟု ဆိုသည်။

ဆရာမခင်နှင်းဦး၏ “စာကြည့်တိုက်ပညာ”၊ ဆရာထက်မြက်၏ “လွတ်လပ်ခြင်း၏အရသာ” ဟောပြောချက်များတွင်မူ ခေတ်ပေါ်အကများ ပါဝင်မည်မဟုတ်ပေ။

ဟောပြောပွဲအစပြုမည့်အချိန်မှာ ညနေ ၆ နာရီဖြစ်သည်။

၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ကို အမှတ်တရ ဂုဏ်ပြုရေး၊  “ကျောက်မြောင်းရပ်စာဖတ်အသင်း” ပြန်လည်ဖြစ်မြောက်ရေးတို့အတွက် စာပေဟောပြောပွဲကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်မြောင်းရပ်စာဖတ်အသင်းတွင် သောကြာဦးမောင်ကလေး (ယခုသက်ကြီးကန်တော့ခံစာပေပညာရှင်)က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေပြီး ရပ်ကွက်တွင်းမှ လူငယ်အများအပြား တက်ကြွစွာ လှုပ်ရှားအားပေးလျက်ရှိသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts