2013 Transit

(လမ်းခုလတ် – ၂၀၁၃) ကိုတိတ်နိုင်( AAPP –Burma) နဲ့ စကားလက်ဆုံ

 

(လမ်းခုလတ် – ၂၀၁၃) ကိုတိတ်နိုင်( AAPP –Burma) နဲ့ စကားလက်ဆုံ

မိုးမခ၊ ဇန်န၀ါရီ ၂၊ ၂၀၁၄

နိုဝင်ဘာ ၂၀ ရက်နေ့က ရန်ကုန်မြို့၊ ကျောက်မြောင်းမှာ ဖွင့်လှစ်ထားတဲ့ AAPP-Burma (နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (ဗမာပြည်)) ရုံးခန်းမှာ အသင်းထူထောင်သူ၊ တာဝန်ခံတဦးဖြစ်တဲ့ ကိုတိတ်နိုင်နဲ့ တွေ့ဆုံခွင့် ရခဲ့ပါတယ်။ အဲသည်မှာ ကိုတိတ်နိုင်နဲ့ တွေ့ဆုံတာမှာ လက်ရှိ နိုင်ငံရေးအခြေအနေနဲ့ လှုပ်ရှားမှုများမှာ ၂၀၁၃ ခုနှစ်အနေနဲ့ ပြန်ကြည့်ရင် ဘယ်လို ခရီးရွေ့ခဲ့ပြီလဲ၊ ၂၀၁၃ ဟာ လမ်းခုလတ်တခုသာဆိုရင် ကိုတိတ်နိုင်အနေနဲ့ ဘယ်လိုမျိုး ရှုမြင်သလဲဆိုတာကို မေးမြန်းဖြစ်ခဲ့ပါတယ်။ ကိုတိတ်နိုင်က မိုးမခကို ဖြေကြားရာမှာ …။

 လမ်းခုလတ်ဆိုတဲ့ စကားလုံးကို အရင်ဆုံးပြန်အဓိပ္ဗါယ်ဖွင့်ရမှာပေါ့။ လမ်းခုလတ်ဆိုတာ ကိုယ်ရောက်ချင်တဲ့နေရာနဲ့ နီးနေပြီလား၊ သို့မဟုတ်လည်း အခုမှ တာထွက်ခါစပဲ ရှိသေးတာလား။ ကိုယ့်အရွေ့က ဘယ်လောက်ရှိသလဲ ဆိုတာ ပြန်ချိန်ရလိမ့်မယ်။

ကျနော့်တဦးတည်း အမြင်အရဆိုရင်တော့ – ကျနော်တို့ကို ဘလက်လစ်ထဲကနေ ဖယ်လိုက်တယ်။ ပြီးတော့ ဖိတ်ခေါ်တယ်။ ကျနော်တို့ ပြန်ဝင်လာတယ်။ (၂၀၁၂ ဇန်န၀ါရီလ ၅ ရက်)။ လက်ရှိအစိုးရနဲ့ အတိုင်းအတာ တစုံတရာအထိ စကားပြောဆိုခွင့်ရတယ်။ အလုပ်တွဲလုပ်ခွင့်ရတယ်။ အခု “လက်ကျန် နိုင်ငံရေးရေးအကျဉ်းသား စိစစ်ရေးကော်မီတီ” မှာ ကျနော်တို့ ပါဝင်ပြီးတော့ လုပ်နေတဲ့ ကိစ္စတွေ ရှိတယ်။

ဒါပေမယ့် ကျနော့်အမြင်ကတော့ လုပ်ရတဲ့ဆီမှာ အကန့်အသတ်တွေက အများကြီး ရှိနေသေးတယ်လို့ မြင်တယ်။ လွတ်လွတ်လပ်လပ်နဲ့ လုပ်ကိုင်ခွင့်ရပြီလားဆိုပြီးတော့ ပြန်ကြည့်လိုက်လို့ ရှိရင် ၂၀၁၃မှာ ဥပမာ … မီဒီယာနဲ့ ပတ်သက်ပြီးတော့၊ အသင်းအဖွဲ့ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ ဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေ အများကြီး ထုတ်လာတယ်။ ပြီးတော့ ဆန္ဒပြခွင့်နဲ့ ပတ်သက်ပြီးလည်း ထုတ်လာတာတွေ ရှိလာတယ်။ လုပ်ထုံးလုပ်နည်းတွေကို ကြည့်လိုက်တဲ့ အခါကျတော့ စနစ်တကျ ရှိမလာဘူး။

ပုဒ်မ ၁၈ အရ ဆိုရင် လွတ်လပ်စွာ ဆန္ဒပြခွင့်ရှိတယ်ဆိုပြီးတော့ ခွင့်ပြုချက် ယူရမယ်လို့ ပြောထားတယ်။ ခွင့်ပြုချက်ပေးတဲ့ဆီမှာကျတော့ လုပ်ထုံးလုပ်နည်းတွေအရ လျောက်ထားသလောက် ပြန်ချမပေးဘူး။ ဒေသခံရဲတပ်ဖွဲ့ကလည်း အထက်ရဲ့ညွှန်ကြားချက်မရဘဲနဲ့ သူတို့ချည်းသက်သက် ခွင့်ပြုချက် ချမပေးနိုင်ဘူး။ ဒေါ်နော်အုံးလှဆိုရင် ခွင့်ပြုချက် ၃ ခါ တင်ခဲ့တယ်။ သက်ဆိုင်ရာရဲစခန်းက ချမပေးဘူး၊ သည်တော့ သူ့ဖာသာသူ ဆန္ဒပြရတယ်။ အဲသည်တော့ အစိုးရက ဖမ်းပြီး ထောင်ချလိုက်တယ်။

 ဒါမျိုးတွေ ဖြစ်နေတော့ ကျနော်တို့တတွေက တကယ် လမ်းခုလတ်ကို ရောက်နေပြီလားလို့ မေးရင် အခုဟာက တာထွက်ပြီးတော့ ဘယ်မှလဲ မရောက်သေးတဲ့၊ မရွေ့သေးတဲ့ အခြေအနေမျိုး ဖြစ်နေတယ် ထင်တယ်။ ရှေ့မှာရှိနေတဲ့ အတားအဆီးကို ကျနော်တို့ကိုယ်တိုင်က ဖယ်ရှားပစ်မှ ရလိမ့်မယ်လို့ ကျနော်မြင်တယ်။ ဖယ်ရှားတယ်ဆိုတာကလည်း သူတို့နဲ့ ညှိနှိုင်းပြီးတော့မှ ဖယ်ရှားကြမယ်ဆိုရာ နှောင့်နှေးကြန့်ကြာတာတွေနဲ့ ရင်ဆိုင်ကြရဦးမယ်။

ဥပမာ … ၈၈ မျိုးဆက်တွေကို ကြည့်ရင် အင်န်အယ်ဒီပြီးရင် မြန်မာနိုင်ငံမှာ second line leader တွေလို့ ပြောလို့ရတယ်။ ပြည်သူလူထုရဲ့ အားကိုးမှု ယုံကြည်မှုလည်း အတော်ရခဲ့တဲ့ အဖွဲ့အစည်း။ ဒါပေမယ့် သူတို့ဆီမှာ ဘယ်လောက်ထိ လွတ်လပ်မှုရှိတယ်၊ ဘယ်လောက်ထိ ရွေ့နေတယ်ဆိုတဲ့ ကိစ္စမျိုး ပြန်ကြည့်ရင် သူတို့အများကြီး မရွှေ့နိုင်ဘူး၊ မရွေ့ဘူး ဖြစ်နေတယ်လို့ ကျနော် မြင်တယ်။ အချိန်ကြာလာတာနဲ့အမျှ အစိုးရ လုပ်ရမယ့်အလုပ်တွေကို သူတို့က ခေါင်းခံပြီး ၀င်လုပ်ပေးနေရတဲ့ အဆင့်မျိုး ဖြစ်နေတယ်။ အဲဒါဆိုရင် ပြည်သူလူထုရဲ့ အားကိုးမှုက ဒီထက်ပိုလာဖို့ သိပ်မဖြစ်နိုင်ဘူး။ လျော့လာဖို့ပဲ ရှိတယ်။ ဒါကလည်း ဒီလူတွေရဲ့ ကြိုးစားအားထုတ်မှု မရှိလို့ မဟုတ်ဘူး၊ လက်ရှိအခြေအနေမှာ အဲလို ကန့်သတ်ခံထားရတယ်ဗျ။

ကျနော်တို့ ကိုယ်တိုင်ကိုလည်း ကြည့်ပါ။ ကျနော်တို့ လုပ်နေတဲ့ အလုပ်တွေဆိုတာကလည်း အပြောင်းအလဲကို သွားနေပြီဆိုတဲ့ နိုင်ငံတော်အနေနဲ့ သူတို့ဖာသာသူတို့ လုပ်ရမယ့် အရေးဖြစ်ရတော့မှာ။ အဲဒါကို ကျနော်တို့ လိုက်လုပ်နေရတယ်။ အတားအဆီး အကန့်အသတ်တွေကို ရင်ဆိုင်နေရတယ်။ ရှင်းရှင်းပြောရရင် နိုင်ငံတော်ဆိုတဲ့သူတွေ ပစ်ထားတဲ့ အမှိုက်တွေကို ကျနော်တို့က လိုက်ရှင်းလင်းပေးနေရသလို ဖြစ်နေတယ်။ ကျနော်တို့ မျှော်လင့်ချက်တွေ၊ ကျနော်တို့လုပ်ချင် ဖော်ဆောင်ချင်တဲ့ နိုင်ငံရေးအလုပ်တွေကို ခုချိန်ထိ မလုပ်ရသေးဘူး၊ အကောင်အထည် မဖော်ရသေးဘူး ဖြစ်နေတယ်။

လမ်းခုလတ်မှာ ရောက်နေပေမယ့် ရှေ့တိုးဖို့အတွက် ခက်ခဲနေဆဲပဲ လို့ ကျနော်က မြင်တယ်။

 ကျေးဇူးတင်ပါတယ် ကိုတိတ်နိုင်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts