တူမောင်ညို သူတို့အာဘော်

သမ္မတကြီး၏ နှစ်သစ်ကူး ခြိမ်းချောက်စကား

 

 သမ္မတကြီး၏ နှစ်သစ်ကူး ခြိမ်းချောက်စကား

တူမောင်ညို (၂၀၁၄ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်)

သမ္မတမိန့်ခွန်းဆိုတာတွေကလည်း ကြောင်ချေးကဲ့သို့ပင်။ ပျော့ပျော့နှင့် နံလွန်းပေ၏။   

ယခုနှစ်သစ်၊ ဇန်နဝါရီ(၂)ရက်၊ သမ္မတ(ဗိုလ်)ဦးသိန်းစိန်ရဲ့ မိန့်ခွန်းက နှစ်သစ်ဝင် – ဝင်ချင်း ဆောက်နဲ့ထွင်းဆိုသလို ချော့ သလိုလိုနဲ့ ခြိမ်းချောက်နေပါပေါ့လား။

သမ္မတ(ဗိုလ်)ဦးသိန်းစိန်ရဲ့ မိန့်ခွန်းတစ်ခုလုံး ၏ အနှစ်ချုပ်ဆိုလိုချက်မှာ –

“၂၀၀၈ အခြေခံဥပဒေ”ကို အခြေအနေ၊ အချိန်အခါ အလိုက်သာပြင်ဆင်ရေးသားရမယ်။

 “၂၀၀၈ အခြေခံဥပဒေ” ထဲက ဘယ်အခန်း၊ ဘယ်ပုဒ်မ၊ ပုဒ်မခွဲ၊ ဇယား စတာတွေကို ဘယ်အချက်အလက်တွေက ဘယ် အခြေအနေ၊ ဘယ်အချိန်အခါရောက်မှ ပြင်ဆင်ရမယ်၊ ဦးစားပေးပြင်ဆင်ရမယ့် (က)စာရင်း နဲ့ ဦးစားပေး (ခ) စာရင်း ဘယ်လိုခွဲထား တယ်၊ ဘယ်လိုပြင်မယ်။ ဘယ် ဟာ ဖြုတ်မယ်၊ ဘယ်လိုအစားထိုးမယ် ဆိုတာတွေကို (ဒီဇင်ဘာလ ၂၈ မှ ၃၀ ရက်နေ့ထိအစည်းအဝေး မှာ) ငါတို့ကြံ့ဖွံ့ပါတီ က “အားလုံး” အကွက်ချ စဉ်းစား၊ ပြင်ဆင်၊ဆုံးဖြတ်ထားပြီးပြီ။

အဲဒီလို ငါတို့ကြံ့ဖွံ့ပါတီက အကွက်ချ စဉ်းစား၊ ပြင်ဆင်၊ ဆုံးဖြတ်ထားသမျှကို ပထမအဆင့်အဖြစ် “၁၀၉ဦးကော်မတီ” ထဲမှာ ချပြမယ်။ “၁၀၉ ဦးကော်မတီ” ထဲပါတဲ့ ကျန်တဲ့ပါတီအဖွဲ့အစည်းအချို့က  နငယ်အမြှီးတပ်ချင်သပ ဆိုရင် လွတ်လပ်စွာ တပ်နိုင်သည်။

အဲဒီ“၁၀၉ဦးကော်မတီ”ကနေတဆင့်“လွှတ်တော်”သို့ တင်ပေးမယ်။ “လွှတ်တော်”ထဲက အများစုဖြစ်တဲ့ ကြံ့ဖွံ့အမတ်နဲ့စစ်သား အမတ်တွေအများစုက  “စည်းကမ်းပြည့်ဝသောဒီမိုကရေစီ”  နည်းလမ်းနဲ့အညီ ဆုံးဖြတ်မယ်။ မင်းတို့အားလုံးနာခံကြ။ ငါတို့ ချမှတ် သတ်မှတ်ပေးထားတဲ့ လမ်းကြောင်းအတိုင်းလိုက်ပါ မလျှောက်လှမ်းသူ၊  သွေဖယ်သူသည် အစွန်းရောက်သူဖြစ်တယ်။ နိုင်ငံရေး အကျပ် အတည်း တစ်ခုဆီသို့ ဦးတည်စေသူဖြစ်တယ်။  ထိပ်တိုက်ရင်ဆိုင်သူဖြစ်တယ်။

 အဲဒီလမ်းကြောင်းကို “တည်ဆဲဥပဒေဘောင်” ထဲကနေ၊  စည်းကမ်းရှိရှိ၊ အေးအေးဆေးဆေးလိုက်ပါ လျှောက်လှမ်းကြ။  မဟုတ်ရင်တော့ အားလုံးဘေးတွေ့မယ်လို့ ပြောတာဖြစ်သည်။ ခြိမ်းချောက်တာဖြစ်သည်။

ထို့အပြင် ဒီချုပ်၏ အခြေခံဥပဒေပြင်ဆင်ရေးလှုပ်ရှားမှု၊ ဒီချုပ်ဥက္ကဋ္ဌ ၏ “လေးဦးလေးသွယ်” တွေ့ဆုံရေးတောင်းဆိုမှု တွေနဲ့ ပတ်သက်ပြီးလည်း အချိန်ဘရိတ်အုပ်ကြဖို့ ယခုကဲ့သို့ ထည့်သွင်းပြောသွားသည်။

“အထူးပြောကြားလိုသည့် ကိစ္စရပ်ကတော့ ဖြစ်သင့်ဖြစ်ထိုက်သည့် နိုင်ငံရေးဆန္ဒများကို လက်ရှိနိုင်ငံရေးအခြေအနေက ဖြည့် ဆည်းပေးနိုင်သည်ထက် ပိုမိုမျှော်မှန်းဆောင်ရွက်ပါက နိုင်ငံရေး အကြပ်အတည်းတစ်ခု ဖြစ်ပေါ်ပြီးလက်တွေ့ဖြစ်နိုင်ချေရှိသည့် အခွင့် အလမ်းများပင် ဆုံးရှုံးသွားနိုင်သည်ကိုသတိချပ်ပြီး ဉာဏ်အမြော်အမြင်ရှိသော နိုင်ငံရေးရွေးချယ်မှုများ ပြုလုပ်ကြရန် တိုက်တွန်း” တယ် လို့ ပြောနေပါတယ်။

            ဉာဏ်အမြော်အမြင်မရှိဘဲ၊ မိုက်မဲသော နိုင်ငံရေးရွေးချယ်မှုတွေကိုဘယ်သူတွေ လုပ်နေပါသလဲ။

            ကြံ့ဖွံ့ပါတီ၊(ကာလုံ)၊ ကြံ့ဖွံ့အစိုးရ၊ လွှတ်တော်၊ စစ်တပ်၊ “အခြေခံဥပဒေလေ့လာသုံးသပ်ရေး ၁၀၉ ဦးကော်မတီ”တို့က ချမှတ် ပေးသောရွေးချယ်မှုသာလျှင် “ဉာဏ်အမြော်အမြင်ရှိသောနိုင်ငံရေးရွေးချယ်မှု” ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြောဆို၊ လှုပ်ရှားနေကြသည့်ကိစ္စများသည့် “ ဉာဏ်အမြော်အမြင် ကင်းမဲ့သောနိုင်ငံရေးရွေးချယ်မှု” တွေဖြစ်နေပါသလား။

ဒါ့အပြင် သမ္မတ(ဗိုလ်) ဦးသိန်းစိန်က “လူ့အဖွဲ့အစည်းတစ်ရပ်လုံးရဲ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လိုအပ်ချက်များနဲ့ သဟဇာတ ဖြစ်အောင် အခြေအနေ၊ အချိန်အခါအလိုက် ပြင်ဆင်ရေးသားရမယ်” တဲ့။

နေပါအုံး။ အဲဒီလို “လူ့အဖွဲ့အစည်းတစ်ရပ်လုံးရဲ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လိုအပ်ချက်တွေရှိနေပြီ”ဆိုတာကို ဘယ်သူက / ဘယ်ပါတီအဖွဲ့အစည်းက ဘယ်လိုပုံစံနဲ့ ဘယ်လိုနည်းလမ်းတွေနဲ့ အကဲဖြတ်၊ သတ်မှတ်၊ အဆုံးအဖြတ်ပေးမှာလဲ။

            “ပြင်ဆင်ရမယ့်အခြေအနေ၊ အချိန်အခါဆိုက်ရောက်နေပြီ ပြင်ဆင်ကြတော့ဟေ့”  လို့ဆိုပြီး ဘယ်သူက /ဘယ်ပါတီ၊ အဖွဲ့ အစည်းက အမိန့်တော်မြတ်ကို ချမှတ်ပေးမှာလဲ။

            ပြင်ကြဖို့လိုပြီဘယ်နေ့၊ဘယ်ရက်မှာပြင်ဆင်ကြ။ ဘယ်အချက်ကိုဘယ်လိုပြင်ကြ၊ ဘယ်ပုဒ်မကိုဘယ်လိုဖြုပတ်ပယ်ပြီး၊ဘယ်လို အစားထိုးကြ။ ဘယ်ဇယားကို ဘယ်လိုဖြည့်စွက်ကြဆိုတဲ့ အဆုံးအဖြတ်အခွင့်အာဏာသည် ကြံ့ဖွံ့ပါတီ၊ (ကာလုံ)၊ ကြံ့ဖွံ့အစိုးရ၊ လွှတ် တော်၊စစ်တပ်၊ “အခြေခံဥပဒေလေ့လာသုံးသပ်ရေး ၁၀၉ဦး ကော်မတီ”တို့၌သာရှိပါသည်။ကျန်အတိုက်အခံပါတီများသည် “ကန့်ကွက်ခြင်း/  စင်ပြိုင်အဆိုတင်သွင်းခြင်းဖြင့်” ၄င်းတို့၏ ဆုံးဖြတ်ချက်ကို “ဒီမိုကရေစီနည်းလမ်းကျပါသည်” ဟူသော မိတ်ကပ်အလှချယ်ပေးရန်မျှသာ အခွင့်အလန်းရှိပါသည်။

            ၂၀၁၅ ရွေးကောက်ပွဲကို “၂၀၀၈ အခြေခံဥပဒေပြင်သည်ဖြစ်စေ၊ မပြင်သည်ဖြစ်စေ၊ ဝင်ကို – ဝင်မယ်” လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ အတွင်းရေးမှူး၊ အီးစီလူကြီး၊ ပြောခွင့်ရပုဂ္ဂိုလ်ကြီးဦးဉာဏ်ဝင်းက ရဲရဲကြီးရင်ကော့ ဒူးတုပ်ကာ အာမဘန္တေခံထားပြီ မဟုတ်ပါလား။ ဘာလို့ခြိမ်းချောက်နေရပြန်တာလဲ။

အသေးစိတ် ဘယ်လိုအကြံပြုချက်တွေပါရှိနေသလဲ မသိပေမယ့်၊ အချက်အလက်ဆိုတဲ့ရှုဒေါင့်ကနေပြောရရင် “၂၀၀၈ အခြေခံ ဥပဒေ” ၊ အခန်း (၁)အခြေခံမူများ၊  အခန်းတစ်ခုတည်းအတွက် ပြင်ဆင်လိုကြတဲ့အချက်ပေါင်းက တစ်သိန်းကျော် (၁၄၀၆၂၄) နဲ့ အများ ဆုံးဖြစ်ပါတယ်။ ဒါဟာ ပြင်ဆင်လိုတဲ့သူတွေရဲ့ ဆန္ဒတစ်စုံတစ်ရာကို ထင်ဟပ်နေတဲ့အချက်ဖြစ်ပါတယ်။

သို့ပေမယ့် ဘယ်လိုပင် ပြင်ဆင်လိုတဲ့ အချက်တွေများနေပါစေ၊ ဘယ်လိုပဲဆန္ဒပြုနေပါစေ။ ဘယ်အချိန်ဘယ်အခါမှာ ဘယ် အခန်း၊ ဘယ်ပုဒ်မကို ဘယ်လိုပြင်/ဖြုတ်/ဖြည့်မယ်ဆိုတာကို ပထမဦးစွာ ကြံ့ဖွံ့ပါတီထဲမှာ ဆုံးဖြတ်ပြီးသွားပြီဖြစ်သည်။ ဒုတိယအဆင့် ဇကာတိုက်မှာကတော့ “အခြေခံဥပဒေလေ့လာသုံးသပ်ရေး ၁၀၉ ဦးကော်မတီ” ဖြစ်ပါတယ်။ အဲဒီ “၁၀၉ ဦး” ကော်မတီက ဇကာတိုက် လို့ တင်ကျန်သမျှကို “ပြည်ထောင်စုလွှတ်တော်” က ထပ်ဆင့် ဇကာတိုက်ဦးမှာ ဖြစ်ပါတယ်။

ယခုလို ကြံ့ဖွံ့ပါတီ၊(ကာလုံ)၊ ကြံ့ဖွံ့အစိုးရ၊ လွှတ်တော်၊ စစ်တပ်၊ “အခြေခံဥပဒေလေ့လာသုံးသပ်ရေး ၁၀၉ ဦးကော်မတီ” တို့ အဆင့်ဆင့်ဇကာတိုက်ပြီး စိတ်ကြိုက် ပြင်ဆင်မည့် “၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်ရေးဆိုသည်မှာ အတုအယောင်ပြင်ဆင်ရေးသာ ဖြစ် မြဲဖြစ်မည်။

ညွန်း

– သမ္မတဦးသိန်းစိန်၏ ရေဒီယိုမိန့်ခွန်း (၂ – ၁ – ၂၀၁၄) ကြေးမုံသတင်းစာ၊ 

Photo – Irrawaddy Online

           


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “သမ္မတကြီး၏ နှစ်သစ်ကူး ခြိမ်းချောက်စကား
  1. ဟုတ်ပါတယ်။ ခြိမ်းချောက်တာပါ. .. လူထုက ပြင်ပေးပါဆိုတော့ ကြည့်ကောင်းအောင် ပြင်ပေးတယ်ပေါ့ဗျာ..
    ၂၀၁၅ ရွေကောက်ပွဲလား….သူတို့နိုင်အောင် နည်းလမ်းစုံ သုံးမှာ .. အင်အယ်ဒီ ၉၀% အနိုင်တောင်မှ ..စစ်တပ်၂၅%က “ထိုင်းနိုင်ငံ 2010 judicial coup ” – မလုပ်အောင် ဦးရွှေမန်းကို ကပ်ထားရမလိုပဲ..။ ဒါနဲ့ …ကမ္ဘောဒီးယားက COMFREL လိုမျိုး ရွေးကောက်ပွဲစေင့်ကြည့်အဖွဲ့ ရှိပြီလား…

  2. အခြေခံ ဥပဒေ ပြင်ရေး- မပြင်ရေးသည် သမတကြီး အပြစ်မဟုတ်ဟုမြင်ပါ၏- ကြားဖြတ် မတိုင်မှီက သမတကြီးဟာ အပြောင်းအလဲ တကယ်လိုလားသူဖြစ်ပါတယ်- ယုံကြည်ပါတယ်လို့  မျက်စိမှိတ်ပြီး အသုံးချခံလိုသူ၏ မဟာ့ မဟာ အမှားပင်ဖြစ်ပေ၏။ လူထု ကိုထောက်ခံပါဆိုလဲ လူထု ကတော့ ထောက်ခံမည်သာဖြစ်၏-။ မတရားမှူကို တာဝန်အရ ဖီဆန်ကျ ဆိုတဲ့ သြ၀ါဒ အရ လူထုသည် ယုံကြည်မှူအပြည့်ဖြင့် ထောင်ကျခံပြီး ထောက်ခံ၏ – ထောက်ကျယုံဖြင့်မပြီး ရပ်ဝေးထောင်တွေ အပို့ ခံရ၏။ လုပ်ကိုင်စားသောက်လို့ မရအောင် စီးပွားရေး နှိပ်ကွတ်ခံရ၏။ သို့ သော်လဲ အဖွဲ့ ချုပ်သည်ကား နောက်ပိုင်းမှာ အဖျားရှူးသွားခဲ့လေပြီ-ရွှေဝါရောင် လူထု အုံကြွသည့်အခါ အဖွဲ့ ချုပ်က ကိုယ်နှင့် ဘာမှ မဆိုင်သလို နေနိုင်ရက်လှ၏။ ဘယ်နှယ်လုပ်ကျမလဲ- သူ့ ဘာသာ ပြင်ချင်ပြင်- မပြင်ချင်နေ- ဘယ်ဟာမှ မမြဲဘူး- တနေ့ တော့ပြောင်းလဲရမှာဘဲ- အမြဲတည်တန့် တာ ဘာမှ မရှိဘူး- စောင့်သာကြည့်နေကြပေတော့–

  3. ကိုတူမောင်ညိုရေ…. စစ်အုပ်စုကလှန်ပြနေတာတွေဟာ အမဲသားမဟုတ်ဘူး၊ ဟိုဟာကြီးပါလို့ တည့်တည့်ပြောတဲ့ လူတွေ တဖြည်းဖြည်း ရှားလာတဲ့အချိန်မှာ ခင်ဗျားလိုလူမျိုးတွေ အများကြီးကို လိုအပ်နေတယ်။ သဘာဝအတိုင်း ခင်ဗျားဆောင်းပါးတွေကို အကုန်လုံး သဘောမတူနိုင်ပေမဲ့ ကျနော်တော့ ကြိုဆိုတယ်။ ပြောရရင် အခုလက်ရှိနိုင်ငံရေး စင်မြင့်ပေါ်မှာ အကွက်ချသရုပ်ဆောင်နေတဲ့ ဇာတ်လမ်းက “စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ”၊ အဓိကဇာတ်ကောင်တွေက စစ်ဗိုလ်ချုပ်ကြီးတွေ၊ ဇာတ်ရံ ဇာတ်ပို့တွေက တဖက်က အတိုက်အခံ အင်အားစုတွေ(တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အပါအ၀င်)၊ ပရိတ်သတ်ကတော့ သာမန်ပြည်သးတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ၀တ္ထု ဇာတ်ညွှန်း ဒါရိုက်တာကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖြစ်ကြောင်းပါခင်ဗျာ။ စစ်အုပ်စု ဖုံးသမျှကို ဖော်ကြစို့ဗျာ။

Comments are closed.