အရှင်ဉာဏိက ရေခြားမြေခြား မြန်မာများ

ထာဝရ ရွှေသိမ် (Ashin Nanika)

 

 ထာဝရ ရွှေသိမ်

အရှင်ဥာဏိကာဘိဝံသ၊ (ကာလီဖိုးနီးယားတက္ကသို်လ်)၊ ဇန်န၀ါရီ ၂၊ ၂၀၁၄

 အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်၊ ကမ္ဘာကျော် ဆန်ဖရန်စစ္စကိုမြို့ရဲ့ အနီးက ဟာ့မွန်းဗေးမြို့လေးမှာ တည်ရှိတဲ့ ဓမ္မာနန္ဒ၀ိဟာရကျောင်းမှာ သိမ်သင်တန်း ကျင်းပနေတယ်။ သင်တန်းကာလက (၁၀) ရက်။ ဒီသိမ်သင်တန်းကို အမေရိကန်နိုင်ငံတွင်း ပြည်နယ်တော် တော်များများက ရဟန်းတော် (၂၃) ပါးတက်ရောက် သင်ယူနေကြတယ်။

 သိမ်ဆိုတာက သာသနာမှာ အရေးကြီးတဲ့အရာလေ။ သိမ်ကိုအမှီပြုပြီး ရဟန်းတော်တွေမှာ ကံကြီးကံငယ် အမှုကိစ္စတွေ ပြုလုပ်ကြရတာ။ ဒီအထဲမှာ အထင်ရှားဆုံးနဲ့ လူသိအများဆုံး ကံ ကတော့ ရဟန်းခံခြင်းဆိုတဲ့ ဥပသမ္ဗဒကံပေါ့။ ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ် နောက်ပိုင်း ဥာတ္တိ စတုတ္ထခေါ်တဲ့ ကမ္မ၀ါစာနဲ့ ရဟန်းပြုခွင့် ပေးခဲ့ကတည်းက စလို့ ခုချိန်တိုင် ရဟန်းပြုတော်မူခဲ့ ကြတဲ့ သံဃာတော်တွေအားလုံး ရဟန်းအဖြစ်ရောက်ရှိဖို့ရာမှာ သိမ်က အဓိကနေရာက ရှိနေခဲ့တာလေ။ ရဟန်းအဖြစ် မွေးဖွားပေးနိုင်ခဲ့တဲ့နေရာပေါ့။

 ရဟန်းတော်များကို မွေးဖွားပေး တဲ့နေရာဖြစ်လို့ အချို့ဆရာတော်ကြီးများက သိမ်ကိုမိခင် အဖြစ် တင်စားခဲ့ကြတယ်။ တစ်နည်းအားဖြင့်တော့ သိမ်ဆိုတာ ရဟန်းတော်များရဲ့ မွေးဖွား ရာရပ်ဝန်း၊ ချက်မြုပ်ရာဒေသဆိုတော့ အမေ့အိမ်ပေါ့။ ဒါကြောင့်သိမ်ဆောက်ခြင်းဆိုတာ အမေ့အိမ်ကို တည်ဆောက်ခြင်းဖြစ်တယ်လို့ ပြောရမှာပေါ့။

သိမ်နဲ့ပတ်သက်ရင်ဖြင့် ရှေးရှေးဆရာတော်ကြီးများလည်း အလေးအနက်ထားတော်မူခဲ့ကြ တယ်။ အလေးအနက်ပြုတော်မူခဲ့ကြလို့ အကောင်းဆုံး အသန့်ဆုံးဖြစ်အောင် အမျိုးမျိုးကြံဆ ကာ ရှေးအဆက်ဆက် ဆရာတော်ကြီးများ စဉ်းစားဝေဖန်တော်မူခဲ့ကြတာ။ ဒါကြောင့် သိမ်နဲ့ စပ်ပြီး ၀ါဒန္တရ အထွေထွေ၊ အယူအဆ အမျိုးမျိုး ရှိနေခဲ့တာ။ သာသနာနဲ့စပ်ရင် အရေးကြီးတဲ့ အရာဆိုတော့ အမှားမရှိရလေအောင်၊ အစွန်းအထင်းမရှိရလေအောင် ခိုင်မာသထက်ခိုင်မာစေ ဖို့ မိန့်ကြားခဲ့ကြလေတာ ဖြစ်မှာပေါ့။

အယူအဆအမျိုးမျိုးနဲ့မို့ လေ့လာသင်ယူမှတ်သားဖို့ ခက်ခဲတာကြောင့် “သဒ္ဒါမှာ လိင်၊ ၀ိနည်း မှာ သိမ်” ရယ်လို့ စာသင်သံဃာတော်များကြားမှာ ဆိုရိုးစကားတောင် တွင်နေခဲ့တာ။ ကိုယ် တိုင်လည်းပဲ လက်တွေ့မပါ စာတွေ့နဲ့သာ သင်ယူခဲ့ရတဲ့ ဒီသိမ်အကြောင်းက တကယ့်ကိုမှ စာမေးပွဲသက်တမ်းတလျှောက် ခေါင်းခဲစရာဖြစ်ခဲ့ရတယ်။

မြန်မာတို့ရဲ့ သာသနာ့သမိုင်းမှာ သိမ်အကြောင်းရေးသားထားခဲ့တဲ့ စာအုပ်က အလွန်ကြီး များ များ မရှိခဲ့ဘူး။ ဒီအထဲမှာ ဓမ္မာနန္ဓ၀ိဟာရကျောင်းတော်ကြီးကို တည်ထောင်တော်မူခဲ့တဲ့ ဓမ္မာ နန္ဓ၀ိဟာရရဲ့ အာဒိကမ္မိက ဆရာတော်ကြီး ဦးသီလာနန္ဒာဘိဝံသရဲ့ သိမ်သင်တန်းစာအုပ်က အထင်ရှားဆုံးလို့ ပြောနိုင်တဲ့စာအုပ်။ ပညာရှင်အများ အလေးထားကာ ကိုးစားတော်မူခဲ့တဲ့ စာအုပ်။

 ခု ဒီစာအုပ်ကို အခြေခံပြီး ဓမ္မာနန္ဒ၀ိဟာရရဲ့ ဒုတိယမြောက်ဆရာတော်လည်းဖြစ်၊ ဆရာတော် ကြီးအထံမှာ ကိုယ်တိုင်ကိုယ်ကျ လက်တွေ့သိမ်သင်တန်းကိုလည်း တက်ခွင့်ကြုံခဲ့တဲ့ တပည့် ကြီး ဦးဇောတာလင်္ကာရက လက်ဆင့်ကမ်းအမွေအဖြစ် သိမ်သင်တန်းကို ဆယ်ရက်တိုင်တိုင် ပို့ချပေးနေတယ်။ ဆရာတော်ကြီးရဲ့ အနီးနေတပည့်လည်းဖြစ်၊ ဆရာတော်ကြီးအရိုက်အရာကို ဆက်ခံသူလည်းဖြစ်၊ ဆရာတော်ကြီးအထံကနေ သိမ်အကြောင်း လက်ထပ်သင်ယူခွင့်ရခဲ့တဲ့ ဆရာတော်က ခုလိုသိမ်သင်တန်းကိုပို့ချခဲ့တာ သိပ်ပြီး ဆီလျော်သဘာဝကျတဲ့ အလုပ်ပေါ့။

 အမွေဆိုတာက ခုလိုလက်ဆင့်ကမ်းကာ ပေးခဲ့ကြပါမှ ဒီအမွေက မပျောက်မပျက် ဆက်လက် တည်နေမယ် မဟုတ်လား။ ယဉ်ကျေးမှုဖြစ်စဉ်ကို လေ့လာသုတေသနပြုခဲ့ကြတဲ့ သိပ္ဗံပညာရှင် ကြီးများကလည်း ယဉ်ကျေးမှုတစ်ခု တိုးတက်ဖြစ်ထွန်းဖို့ရာမှာ အဟောင်းပေါ်ထပ်ဆင့်၊ အသစ်ကိုဖွေရှာ၊ ဒီနှစ်ချက်ဟာ အရေးကြီးတဲ့အရာရယ်လို့ ဆိုထားခဲ့ကြတာပဲလေ။ သတ္တမျိုး နွယ်စုဖြစ်စဉ်မှာလည်း အဟောင်းပေါ် အသစ်ဆင့်၊ ဖြစ်စဉ်ကို မြှင့်တင်ခဲ့ကြတဲ့ မျိုးနွယ်စုသည် သာ တစစ တိုးတက်လာနိုင်ခဲ့တာလို့ လက်ခံထားကြတာ။

 အမေရိကန်နိုင်ငံအတွင်း ပြည်နယ်အသီးသီးက ကျောင်းထိုင် ကျောင်းနေဆရာတော် (၂၃) ပါး ဒီသင်တန်းကို တက်ရောက်နေကြတယ်။ နှစ်ကူးဒီရာသီမှာက သူသူကိုယ်ကိုယ် အလုပ်များကြ တတ်ကြတာ။ ခုလို အချိန်မအားတဲ့ကြားမှာ ကိုယ့်နေရာကိုယ့်ဒေသက အလုပ်တွေကို ခဏ ထားပြီး ဒီသင်တန်းကိုတက်ကြရတာ။ သိမ်ဆိုတာက သာသနာနဲ့စပ်ရင် အရေးကြီးတဲ့အရာမျိုး လေ။ ခုလို ရပ်နီးရပ်ဝေးက ဆရာတော်တွေ စိတ်ပါဝင်စားစွာ တက်ရောက်သင်ယူနေကြခြင်း က သာသနာအတွက် တအားပေါ့။ ဒီသင်တန်းတက်ရောက်တဲ့ သံဃာတော်တွေဟာဖြင့် နောင်မှာဆိုရင် သိမ်နဲ့စပ်လျင် သန့်သန့်ရှင်ရှင်း ရဲရဲတင်းတင်း သမုတ်နိုင်ကြတော့မယ်လေ။ အမှားကင်းကင်း သံသယရှင်းရှင်းနဲ့ အလုပ်လုပ်နိုင်ခွင့် ရရှိခြင်းဆိုတာ ကောင်းမွန်တဲ့လက္ခဏာ ရပ်ပဲ မဟုတ်လား။

 ဆန်ဖရန်စစ္စကို ဗေးဧရိယာရှိ သံဃာတော်တွေ စုပေါင်းပ၀ါရဏာပြုကြတဲ့ သီတင်းကျွတ် လ ပြည့် မဟာပ၀ါရဏာနေ့ (အောက်တိုဘာ ၁၉ ရက်နေ့) မှာ သိမ်သင်တန်းပို့ချမည့်အကြောင်း ကြေညာခဲ့တယ်။ အဲဒီမှာပဲ ဓမ္မာနန္ဒမှာသိမ်သင်တန်းပို့ချမယ်ဆိုရင် မုဒိတာရွှေ ကျောင်းမှာ လက်တွေ့သိမ်သမုတ်ပွဲကို ပြုလုပ်မယ်ဆိုတဲ့အကြောင်း လျှောက်ထားဖြစ်ခဲ့တယ်။ ဒီလို ကောင်းမွန်တဲ့ အခွင့်အလမ်းမျိုးဆိုတာက တစ်သက်တစ်ခါ ကြုံခဲစွာသား မဟုတ်လား။

 ဒီသိမ်သင်တန်းမှာ ပို့ချပေးမည့်ဆရာတော်နဲ့ သင်တန်းတက်ရောက်ပြီးတဲ့ဆရာတော်တွေ စုပေါင်းအားနဲ့ မုဒိတာရွှေကျောင်းမှာ အသစ်ဆောက်လုပ်မည့် ရွှေသိမ်တော်အတွက် သိမ် သမုတ်ပွဲကို ကျင်းပခွင့်ရမှာ။ ဒီတော့ မုဒိတာရွှေကျောင်းက အားလုံးထဲမှာ ကံအကောင်းဆုံးလို့ ဆိုနိုင်မှာပေါ့။

 ဟုတ်တယ်လေ။ သိမ်သင်တန်းကိုတက်ခွင့်ရလို့ ကိုယ်တိုင်လည်း သိမ်အကြောင်းကို ဂဃနဏ သိရမယ်။ သိမ်အကြောင်း စနစ်တကျလေ့လာပြီးစ သံဃာတော်တွေဦးစီးပြီး သံဃာတော် ပေါင်း အပါးသုံးဆယ်ကျော်နဲ့ ရွှေသိမ်တော်ကို သမုတ်ခွင့်ရမယ်။ နောက်ပြီး သိမ်သင်တန်းကို ကြွရောက်လာကြတဲ့ မိတ်သစ်မိတ်ဟောင်းဆရာတော်များနဲ့ ၂ ပတ်နီးပါးခန့် ရင်းနှီးချစ်ခင်စွာ အမျိုးဘာသာ သာသနာနဲ့ ၀ါသနာပါရာ အကြောင်းအရာလေးများကို ဆွေးနွေးခွင့်၊နှီးနှော ဖလှယ်ခွင့်ရမယ်။ ဒီလိုအခွင့်ကောင်းရဖို့ဆိုတာက လွယ်တာမှတ်လို့။

 တစ်သက်တစ်ခါ ကံကောင်းလွန်းလှပါမှသာ တည်ဆောက်ခွင့်ရတဲ့သိမ်။ သာသနာအသက် ဆက်လက်ရှင်သန်ရေးမှာ အရေးပါလှတဲ့သိမ်။ သင်္ကန်းကထိန် ကျောင်းမှာသိမ်ရယ်လို့ မှတ်တမ်းပြုခဲ့ကြတဲ့သိမ်။ ဒီသိမ်ကို ခုလိုနှစ်ဦးအခါသမယ၊ သိမ်အကြောင်း ကောင်းကောင်း လေ့လာပြီးစ၊ အနယ်နယ်အရပ်ရပ်က ကြွရောက်လာကြတဲ့ သံဃာတော်များစုံလင်ခိုက်၊ ဒီလိုအခိုက်မှာမှ ဒီသိမ်သမုတ်ခြင်း အလုပ်မျိုးကို မလုပ်ဖြစ်လိုက်ရင်ဖြင့် လယ်တီဆရာတော် ကြီးမိန့်သလို ခွင့်သာတုံးကမှ မရုံးချင်လျင် အရှုံးနင့်ပြင် ရှိသေးလေလိမ့်လေးလို့ဆိုသလိုပဲ အခွင့်အခါကောင်းကြီးကို ဆုံးရှုံးသလိုမျိုး ဖြုန်းတီးပစ်သလိုမျိုး ဖြစ်တော့လေမပေါ့။

 သာသနာကို ချီးမြှောက်ထောက်ပံ့ကြလေတဲ့သူတွေအတွက်လည်း ဒီအခွင့်အရေးမျိုးက တစ် သက်တခါ ရှားရှားပါးပါး ကြုံလာတဲ့ ကုသိုလ်မျိုးပေါ့။ လက်မလွှတ်သင့်တဲ့ အခွင့်မျိုးပဲလေ။ သာသနာကို အခြေခံကျကျ ထောက်ပံ့ရာကုသို်လ်မျိုးထဲမှာ တစ်ခုအပါအ၀င်လို့လည်း ဆိုနိုင် တဲ့ ကုသိုလ်မျိုးသာပ။ ဒီကုသိုလ်မျိုးကို နှစ်ဦးမှာ မင်္ဂလာရှိစွာ ဆည်းပူးခွင့်ရကြလေတာဟာဖြင့် ကြည်နူးဝမ်းမြောက်စရာပေပဲပေါ့။

 သင်တန်းမှာ သိမ်အကြောင်းဆွေးနွေးကြတော့ ဘယ်နေရာမှာ ဘယ်လိုသမုတ်လျင် ဘယ်လို ခိုင်မြဲတယ်။ ဘယ်သိမ်ကတော့ ဘာကြောင့် မမြဲဘူး စသဖြင့် ဆွေးနွေးကြတယ်။ မုဒိတာရွှေ ကျောင်းမှာ သမုတ်မည့်ရွှေသိမ်တော်ကတော့ မြေအပြင်မှာသမုတ်မည့်သိမ်မို့ ဒီမြေလွှာတည် နေသမျှ မပျောက်မကွယ် အမြဲတည်ရှိလေမယ့်သိမ်။ ထာဝရသိမ်။ ဒီလိုဆိုတော့ သိမ်နဲ့စပ်တဲ့ ကုသိုလ်ကို ပြုကြမည့်သူတွေအဖို့လည်း ထာဝရကုသိုလ်ကို ပြုလုပ်ခွင့်ရခြင်းပေါ့။ “သင်္ကန်း ကထိန် ကျောင်းမှာသိမ်  ၊ မုဒိတာမှာ ထာဝရရွှေသိမ်”ပေါ့။

ခုလို သူလည်းရွှင်ပြုံး ကိုယ်လည်းအေးချမ်း ၀မ်းပန်းတသာဖြစ်စရာ ကုသိုလ်မျိုးကို ပြုခွင့်သာ လေအောင် ဖန်တီးစီမံထောက်ပံ့ အားပေးကြလေတဲ့သူအားလုံးကို မင်္ဂလာရှိတဲ့ နှစ်သစ်ချိန်ခါ သမယမှာ ကျန်းမာကြပါစေကြောင်းကိုဖြင့် ဆုတောင်းမေတ္တာ ပို့သပါရဲ့။ ကျေးဇူးတင်ဝမ်း မြောက်ပါကြောင်းကိုလည်း ထပ်လောင်းကာ ပြောကြားပါရဲ့။ 

ဓမ္မာနန္ဒ၀ိဟာရမှာ ကျင်းပနေတဲ့သိမ်သင်တန်းနဲ့ မုဒိတာရွှေကျောင်းမှာ ပြုလုပ်မည့် သိမ်သမုတ် ပွဲက ဘယ်လိုဆက်စပ်နေသလဲရယ်လို့ တစ်ယောက်ကမေးပါတယ်။ မနေ့ကရေးဖြစ်တဲ့ ထာဝရရွှေသိမ် ဆိုတဲ့ ဆောင်းပါးကိုဖတ်ကြည့်ရင်တော့ ဒီအတွက်အဖြေကို သိနိုင်မှာပါ။

မဖတ်ဖြစ်သေးဖူးဆိုရင်တော့လည်း နည်းနည်းလေးပြောပြပါ့မယ်။
ဓမ္မာနန္ဒ၀ိဟာရက ဆရာတော်များက သိမ်သင်တန်းပြုလုပ်မယ်၊ အနယ်နယ်အရပ်ရပ်က စိတ် ၀င်စားတဲ့သံဃာတော်များကို ပင့်ဖိတ်မယ်။ ဒီတော့သိမ်သင်တန်းဆိုတာက သင်တန်းသဘာဝ အတိုင်း တကယ့်လက်တွေ့စစ်စစ် မဟုတ်သေးဘူးလေ။ ဒီတော့ သင်တန်းတက်ရောက်ကြ မည့် သံဃာတော်တွေ လက်တွေ့ပြုလုပ်ခွင့်ရနိုင်မယ်ဆိုရင် သင်တန်းသားတွေအတွက် အကျိုး များစေမယ်ပေါ့။

နောက်ပြီး သိမ်မရှိသေးတဲ့ မုဒိတာရွှေကျောင်းမှာလည်း တကယ်သိမ်တစ်လုံး အမှန်လိုအပ်နေတာရယ်။ ပြောခဲ့သလိုပါပဲ။ သိမ်ဆိုတာက တကယ်အရေးကြီးတဲ့အရာဆို တော့ သံဃာတော်တွေ များများပါဝင်နိုင်လေ ကောင်းလေဆိုတော့ သံဃာတော်များများ ဆုံနိုင်မည့် ဒီအချိန်အခါမျိုးမှာ သိမ်သမုတ်ဖို့ စီစဉ်လိုက်တာပါ။ ကိုယ်ကိုယ်တိုင်က တကူးတက ပင့်ဖိတ်ရမယ်ဆိုရင် ခုလောက် အရေအတွက်များများ သံဃာတော်တွေကို ပင့်နိုင်ဖို့ ကိုယ့်မှာ ဒီလောက် အင်အားမရှိပါဘူး။

နောက်ပြီး အနယ်နယ်အရပ်ရပ်က ကြွရောက်လာကြတဲ့ သံဃာတော်များမှာ ခရီးစရိတ်ကုန်ကျမယ်လေ။ ဒီအတွက်လည်း ခရီးစရိတ်ကစလို့ အနည်းငယ်လေးမျှ အထောက်အပံ့လေးဖြစ်စေပါတော့ဆိုတော့ ရည်ရွယ်မှုလည်း အမှန်တကယ်ပါဝင်ပါတယ်။ ဒါကြောင့် သိမ်ဆင်းသံဃာတော်များကို န၀ကမ္မနဲ့လှူဖွယ်ဝတ္ထုများ လောင်းလှူနိုင်မယ့် အစီအစဉ်ကိုပါ ထည့်ထားတာပါ။

အချိန်နဲ့နေ့ရက်
သိမ်နုတ်မည့်နေ့ရက် အချိန်= ဇန္န၀ါရီလ ၄ ရက်(စနေနေ့) ညနေ ၄ နာရီအချိန်
ညဦးတရားပွဲ= ဇန္န၀ါရီလ ၄ ရက်(စနေနေ့ညနေ) ၇ နာရီ (အနည်းငယ် နောက်ကျနိုင်ပါသည်)

အာရုံဆွမ်းကပ်= ဇန္န၀ါရီလ ၅ ရက်(တနင်္ဂနွေနေ့) နံနက် ၆ နာရီ ၃၀ မိနစ်
သိမ်သမုတ်ချိန်= ဇန္န၀ါရီလ ၅ ရက်(တနင်္ဂနွေနေ့) နံနက် ဂ နာရီ
သိမ်ဆင်းလောင်း= ဇန္န၀ါရီလ ၅ ရက်(တနင်္ဂနွေနေ့) နံနက် ၉ နာရီ
ပရိတ်သတ်ဧည့်ခံ= ဇန္န၀ါရီလ ၅ ရက်(တနင်္ဂနွေနေ့) နံနက် ၉ နာရီ ၃၀ မှ ၁၁ နာရီ
နေ့ဆွမ်းကပ်= ဇန္န၀ါရီလ ၅ ရက်(တနင်္ဂနွေနေ့) နံနက် ၁၁ နာရီ
သိမ်ဆင်းသံဃာ= ၃၉ ပါး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts