အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း)
ဇန်န၀ါရီ ၂၊ ၂၀၁၄
စိတ်ထဲပေါ်လာသည်က ထိုအခါက လှုပ်ရှာမှုမြင်ကွင်း ။ ဒီကိစ္စရဲ့ နေရက်တိတိကျကျမှတ်မိနေသည်။ မနက်ဖန်ဆို မွေးနေ့ရောက်တော့မှာမို့ ပြင်ဆင်နေသော အချိန်လည်းဖြစ်သည်။ တိတိကျကျဆိုရလျှင် ၁၉၉၂ခု ဒီဇင်္ဘာ (၅)ရက်နေ့ နေလည်။ မနက်ဖန် မွေးနေ့ အလှူလုပ်ရန် လူအချို့ ကျောင်းကိုလာပြင်ဆင်ပေးနေကြသည်။ ထိုအချိန်မှာ လူတစ်ယောက်ကို စောင့်မျှော်နေသည်။နေ့လည်တစ်နာရီလောက်မှာဦးထွန်းမြင့်ရောက်လာသည်။သူကဒီရွှေပြည်သာ စရောက်ရောက်ပြီး ရက်ပိုင်းအတွင်း ရင်နှီးခဲ့သူ။ သူကန်ကော့ပြီး အားလုံးအဆင်သင့်ဖြစ်လျှင် သွားကြစို့ဘုရားဟု သူကလျှောက်သည်။ သူနှင့် ချိန်းထားသည့်ကိစ္စက အရေးတကြီးကိစ္စမို့ ဘယ်သူ့ကိုမှအသိပေးလို့မဖြစ် ။ လိုအပ်တာကိုမှာကြားပြီး အတူတူ ထွက်လာခဲ့သည်။လမ်းမှာအသင့်စောင့်သူနှစ်ဦးနှင့်အတူ ရွှေပြည်သာကနေ အင်းစိန်ကို အငှားကားစီးပြီးလာခဲ့သည်။ အင်းစိန်ကနေ တာမွေ၊ တာမွေရောက်မှ အသင့်စောင့်နေသူ အမျိုးသမီးတစ်ယောက်နှုင့်အတူ ကားတစ်စီးထဲဝင်ရပြန်သည်။ ထိုကားက ဘောင်ဒရီ လမ်းဘက်ကိုပြန်မောင်းလာသည်။ ပြီးခြံဝင်းကြီးတစ်ခုအတွင်း မောင်းဝင်သွားသည်။ သစ်ပင်ကြီးတစ်ပင်အောက် ကားကိုထိုးရပ်လိုက်သည် ။ ကားသမားက အေးအေးဆေးဆေး စကားတွေပြောနေသည်။ သူ့ကိုသူလဲ မိတ်ဆက်သည် နောက်အလုပ်ကိစ္စရှိလျှင် သူ့ကိုအကူအညီတောင်းပါဟု သူကပြောပြပြီး အလုပ်ကိစ္စကိုသူစိတ်ဝင်တစား ရှိနေသည်ကို တွေ့လိုက်ရသည်။ ခနအကြာမှာ သူတို့ရောက်လာသည်။ သူတို့ဆိုသည်က ကုလသမဂ္ဂ လူ့အခွင့်ရေး အရာရှိ ယိုဇိုယိုကိုတာနဲ့ အဖွဲ့။ ဒီကစလို့ သူ (ဘိုဘို)နဲ့ အဆက်အသွယ်ရခဲ့သည်။ တာမွေ တွင်စောင့်နေပြီးခြံဝင်းကြီးထဲရောက်အောင်ပို့ဆောင်ပေးသူ အမျိုးသမီးသည် မချိုနွယ်ဖြစ်သည်။ သူက ဒေါ်စုအနီးနားအထိ ဝင်ထွက်ခွင့်ရနေသူ ဆိုတာသိရသည်။
ဘိုဘို မကြာခန လာသည်။ ရွှေပြည်သာကိုသူချောင်းပေါက်မတတ်။ လိုတာကို သူအားလုံးလုပ်ပေးသည်။ ဦးဇင်းကျောင်း၌ မရှိစဉ် ကျောင်းကဦးဇင်းလေးတွေနှင့် သူရင်းရင်းနှီးနှီးရှိလာသည်။ နောက်တော့ သူအတွဲများလာသည်က ဦးဇင်းလေးများနှင့် ။ ဦးဇင်းတွေခေါ်ရာနောက်ကိုပါ သူလျှောက်လိုက်သည်။ ဦးဇင်းတွေလိုသော ဆေး ၊လမ်းစာရိတ်ကအစသူလက်မနှေး။ ကင်မရာကိုသုံးချင်လျှင် ရက်အကြာကြီးပေးသုံးထားတတ်သေးသည်။ မကြာမကြာ သူခေါ်လာတတ်သည်က နိုင်ငံခြားသား သတင်းသမားများဖြစ်သည်။ တစ်နေ့တော့ သူ့ရေးကြီးသုတ်ပျာရောက်လာသည်။ သူနှင့်အတူ ကျောင်းကဦးဇင်းလေးတွေ ပါသွားကြသည်။ ထိုနေ့ကား ၆-၈-၉၃ နေ့ ။ထိုတစ်ညလုံး ဦးဇင်းလေးတွေပြန်မလာကြ။ နောက်နေ့ နေ့လည် လည်းပြန်မလာ။ စိတ်တော့ ပူသည်။ နောက်နေ့ ၇-၈-၉၃မှာ ကမာရွတ်လှည်းတန်းကလာနေကျမိတ်ဆွေ တစ်ယောက်ရောက်လာသည်။သူကဘိုဘိုနှင့်ရင်နှီးနေသူ ။ သူအိမ်ကို(၆)ရက်ညက ထောက်လှမ်းရေးတွေလာပြီး ရှာဖွေကြောင်းကို စိုးရိမ်စွာလာရောက်အသိပေးသည်။ ပိုပြီးသူ စိုးရိမ်နေသည်ကသိမ်းယူသွားသော စာရွက်တွေထဲတွင်ကျောင်းနာမည်တွေပါနေသည်။ ထိုစိုးရိမ်စိတ်ဖြင့်လာရောက် အသိပေးခြင်းဖြစ်သည်။ သူအိမ်မရှိတုန်းလာရောက်ရှာဖွေသူများသည် ရှာဖွေရာ၌လူကိုမရပဲစာရွက်တွေကိုသာသူတို့ရသွားသည်။ တစ်နေ့ခင်းလုံး စဉ်းစားခန်း ဝင်နေမိသည်။ ဘယ်လိုဖြစ်ဖြစ် ကိုယ့်ဆီကဖြစ်ရပ်၊သူ့ဆီကဖြစ်ရပ် နှစ်ခုကို ပေါင်းသုံးသပ်သော် အဖြေ၏ ဦးတည်ရာသည် တစ်ခုတည်း။
“အရှင်ဘုရား ရှောင်နေသင့်တယ်”
စိုးရိမ်စိတ်ဖြင့်လာရောက် သူကတိုက်တွန်းနေသည်။ ကိုယ်နဲ့စက်စပ်သူတွေအားလုံးကို လည်းစိတ်ပူနေမိသည်။ ဘယ်လိုဖြစ်ဖြစ် ကိုယ်ရဲ့နောက်မှာ ကိုယ့်ကို မှီခိုနေသူတွေကတစ်ယောက်နှစ်ယောက်မဟုတ်။ နောက်ကိုယ်ကဒီလောက် ကြီးကြီးကျယ်ကျယ်ကို လုပ်ထားသည်ဟုမထင်မိ။
ည ၁၁နာရီလောက်မှာ ကားသံတွေကိုကြားရသည်။ လာသမျှကားများ ကျောင်းအနီးမှာ စက်ရပ်သွားသည် ။ ထူးဆန်းသော ကားများကြောင့် အသာအယာထပြီး ကျောင်းအောက်ကိုကြည့်လိုက်တော့ ရဲလားစစ်သားလားမသိရသော လက်နက်ကိုင်များ ကျောင်းပတ်ပတ်လည် နေရာယူလိုက်သည်ကို တွေ့ရသည်။ အရပ်ဝတ်နှင့်လူများကိုလည်း တွေ့ရသည်။ ကျောင်းတံခါးခေါက်သံ အဆက်မပြတ် ပေါ်လာသည်။ ညနေထဲကပြင်ဆင်ထားသော အထုတ်တစ်ခုကို အသာယာ မျက်နှာကျက် အပေါက်ထဲ ထည့်လိုက်သည်။ အောက်ထပ်ကို ဆင်းလိုက်သည်။ ပြီးတံခါးကို ဖွင့်ပေးလိုက်သည်။
“မြင့်ထွန်းခေါ်ပညာဝံသ ရှိလား”
ခေါင်ညှိတ်အဖြေပေးလိုက်ပြီး တဆက်တည်းဘာကိစ္စလဲ မေးလိုက်သည်။
“ခေါ်ပေးပါ ကိစ္စရှိလို့”
သူတို့ပါ နောက်ကလိုက်လာကြသည်။ ဦးဇင်းလေးကို နှိုးပေး အပြီး
“ဘုန်းကြီးက ဦးဇဝန လား”
သူတို့ထဲကခေါင်းဆောင်ဖြစ်ဟန်တူသူတစ်ယောက်ကမေးလိုက်သည်။
ဟုတ်ကြောင်းခေါင်း ငြိမ့်အဖြေမှာ လူနှစ်ယောက်ကလက်နှစ်ဖက်ကို တစ်ယောက်စီ ဖမ်းချုပ်လိုက်သည်။ ခေါင်းကိုအဝတ်ခုဖြင့် အုပ်အပြီး ကားပေါ်သို့လူသုံးယောက်က တိရစ္ဆာန်တစ်ကောင်လိုပစ်တင်လိုက်တာခံရသည်။ ကားပေါ်တွင် အာယားမှောက်အနေထားတွင် လူ သုံးယောက်က ကျောနှင့်အောက်ပိုင်း ကိုယ်ပေါ်ခွစီးထားလိုက်ကြသည်။ ကြုံခဲသမျှကို ပြောပြလိုက်သည်။
စပြောကာစကလူ သားလေးနှင့် အရှည်လေး တို့နှစ်ယောက်သာရှိခဲ့သော်လည်း တစ်ယောက်ပြီးတစ်ယောက် အခန်းရှေ့ရောက်လာပြီး နားထောင်နေကြသည်။
“အဖမ်းခံရတုန်းက အတူတူဖြစ်ပြီး ဘယ်သူအခုကျန်ခဲ့လဲ”
လူအုပ်ထဲကတစ်ယောက်က ဝင်မေးသည်။ ဦးဇင်းက အခြားသုံးယောက်ဖက် လှည့်ပြီး မေးဆတ်ပြီးမေးလိုက်တော့ ဇော်ဟန် နှင့် ထွန်းထွန်းဦးက ပြိုင်တူ အသံထွက်လာသည်။
“ဘိုဘို”
အားလုံးစိတ်ဝင်တစားနားထောင်နေကြသည်။ သူတို့၏မျက်နှာပေါ်တွင် အဖြေတစ်ခု ရလိုက်ပြီးဟန်ကိုပြိုင်တူတွေ့လိုက်ရသည်။
“မချိုနွယ်ဆိုတာက ရန်ကင်းကမဟုတ်လား အရပ်အမောင်းက……”
လူတစ်ဦးက သူနဲ့တရင်တနှီး သိနေဟန်ဖြင့် ပြောပြသည်။
“မင်းတို့သူ့ကိုသိလို့လား”
သူတို့စိတ်ဝင်တစားရှိနေသော အမျိုးသမီး တစ်ယောက် ဖြစ်နေသည်ဆိုတာသေချာသည်။ အားလုံးထဲကတစ်ယောက်က မိတိဆက်လာသည်။
“ကျနော့် နာမည် နိုင်ကိုပါ ”
အရပ်ရှည်ရှည် ခပ်သွယ်သွယ် လူငယ်လေးတစ်ယောက်က မိတ်ဆက်လာသည်။ ပြီး သူကတစ်စုံတစ်ခုကို ပြောချင်ဟန်ဖြင့် စကားစလာသည်။
“ကျနော်တို့လဲ သူတို့နှစ်ယောက်က သတင်းပေးလို့ထောင်ထဲရောက်တာ”
တအံ့တအောဖြစ်ရသည်။ သူ့ကိုသိထားသည်က သူဒေါ်အောင်ဆန်းစုကြည်နားအထိ ဝင်ထွက်နေသူ ဟုသိထားခြင်းဖြစ်သည်။ ခုတော့ ဘယ်လိုလဲ-
“ငါတို့သိထားတာက သူက အဖွဲ့ချုပ်ကို ကူညီနေသူလို့သိထားတာ ခုဘယ်လိုဖြစ်တာလဲ”
ကိုယ်က စိတ်ဝင်တစား မေးလိုက်တော့သူက ရယ်သံကိုနှုတ်ခမ်းကို တွန့်ပြီးပြုသည်။ ခရီးလမ်း တစ်ခု အတွင်းက ပို့ဆောင်သူ တူညီသော အမှုတွဲ များ ဘယ်လောက်ရှိနေမည်မသိ။ ယခု တွေ့မြင်နေရသော သူတို့အဖွဲ့နှင့် ကိုယ့်အဖွဲ့ ဝင်များအားလုံးကတော့ ဒီလူ၂ဦး၏ သေချာ စီမံလိုက်သော အကွက်ထဲက လူများဖြစ်နေတာကတော့အသေအချာ။
“ အန်ကယ်တို့ သူတို့အိမ်ရောက်ဖူးလား”
မရောက်ဖူးကြောင်း ပြောပြတော့ သူက
“မရောက်ဖူးတော့ နောက်ကျပြီး အဖမ်းခံရတာပေါ့ ကျနော်တကို့ သူတို့ဆီ နေထိုင်စားသောက်ဖူးတော့ အရင်ခံလိုက်ရတာဖြစ်မယ် သူတို့ အန်ကယ်တို့ကို ကူညီခဲ့တယ်မို့လား”
ကူညီဘူးကြောင်း ခေါင်ငြိမ့် အဖြေပေးတော့
“ငါးစာသာ မြင်ပြီ ငါးမျှားချိတ်ကို မမြင်မိတော့ အားလုံးခံလိုက်ရတာပေါ့ ဒေါ်စုအနားနေပြီးတကယ်အလုပ်လုပ်နေသူတွေကို နောင်လဲဒီလိုဒုက္ခပေးနေမည့်သူတွေ ကပေါ်နေဦးမှာပဲ အခုတော့ ဘယ်သူ ဘယ်သူကတော့ သတင်းပေးဖြစ်တယ် ထောက်လှမ်းရေးနဲ့ ပေါင်းပြီး ကျနော်တို့ကို ဒုက္ခပေးနေသူဆိုတာကို အပြင်က ကျနော်တို့လူတွေဆီ အမြန် သတင်းပို့ထားရမယ် စောစောကသာ အန်ကယ်တို့နဲ့ ကျနော် ချိတ်ဆက်မိရင်ရှောင်နှိုင်ရှားနှိုင်မှာသေချာတယ်”
သူ့အတွေးထဲ တွင် နောင်မှ ရရှိသော နောင်တထက် ဒီအတွေ့အကြုံကိုအပြင်မှကျန်ခဲ့သူများကို ဝေငှလိုစိတ် ပိုမိုဖြစ်နေတာကို တွေ့မြင်လိုက်ရသည်။
ဆက်ပါဦးမည်