အိုနေမင်းကြီး ထွေးပွေ့ထားတဲ့ကျွန်း ငါမြတ်နိုးတဲ့ အမိမြေ…. ငါနှုတ်ဆက်ခဲ့ပါတယ်..
ပုလဲရောင်လက်နေတဲ့ အရှေ့ပင်လယ်ထဲက.. အာဒမ်ပျောက်ဆုံးနေတဲ့နိုင်ငံ.
ဖိသိပ်မျိုချထားတဲ့ ၀မ်းနည်းခြင်းတွေနဲ့အတူ ငါရဲ့ အသက်ကို ၀မ်းမြောက်ပျော်ရွှင်စွာ ငါမင်းကိုပေးခဲ့ပါရစေ…
ဒီငါပေးဆပ်ခြင်းက မင်းရဲ့အတိုင်း အစမဲ့ သာယာစိုပြေခြင်းအတွက်.. ပိုမိုတောက်ပ ပိုမိုသစ်လွင်တဲ့ အကောင်းဆုံးအတွက်..
ထာဝရတည်တံ့နေပါလိမ့်မယ်..
စစ်တလင်းတွေထက်မှာ.. ဒေါမန်ဟုန်အပြည့်နဲ့တိုက်ပွဲတွေကြားမှာ.. တွေဝေခြင်း နာကြင်ခြင်းမပါတဲ့ သူတို့အသက်တွေကို..
သူတို့တိုင်းပြည်အတွက် .. သူတို့ဇာတိအတွက်.. နှောင်းလူတွေကလည်း မင်းကိုပေးလိမ့်ဦးမယ်..
ကိစမရှိပါဘူး..
ဆိုက်ပရပ် ပန်းကုံးတွေ.. အဖြူရောင်လိုင်လီပန်းတွေ.. ကြိုးစင်တွေ.. လူသတ်ကွင်းတွေ.. ပဋိပက္ခတွေ.. အာဇာနည်ဗိမာန်တွေ..
ဘာဆိုဘာကိုမှ မမှု … သူတို့ကလည်း ငါ့လိုပေးဆပ်လိမ့်မယ်..
ငါအသေခံမယ်..
ကောင်းကင်ထဲက လင်းအရုဏ်နုတွေမြင်ဖို့ ပိတ်မှောင်နေတဲ့ ညတွေပြီးဆုံးဖို့ …. အဲဒီနောက်ဆုံးရက်ရဲ့ နိဂုံး ထုတ်ပြန်ကြေငြာဖို့
မင်းရဲ့အာရုံဦး ပျိုးပြက်ရောင်စဉ်တွေ ဆေးသွင်းဖို့အတွက်..
ငါ့ရဲ့သွေးတွေကို သွန်းလောင်းပက်ဖြန်းပစ်လိုက်စမ်းပါ….
မင်းအလင်းစုတွေရဲ့တောက်ပခြင်းနဲ့ ရွှေရောင်တွေလိမ်းကျံပစ်လိုက်စမ်းပါ….
ငါ့အိမ်မက်တွေ…..ငယ်ဘ၀က မက်ဖို့ခဲယဉ်းခဲ့တဲ့ အိပ်မက်တွေ..
ငါ့အိမ်မက်တွေ…….အရွယ်ရောက်လူလားမြောက်တော့ ရယူပိုင်ဆိုင်ဖို့ ခွန်အားတွေပြည့်လို့ …
ကမာ့အရှေ့ဖျား သမုဒရာထဲက မင်းကိုမြင်တွေ့စေမယ်…
မင်းရဲ့မှောင်မိုက်နေတဲ့ မျက်လုံးတွေ ခမ်းခြောက်သွားအောင်…
မျက်မှောင်ကြုတ်ခြင်းမရှိ.. ရင့်ရော်အိုမင်းခြင်းမရှိ … ရှက်ကြောက်စရာမရှိ.. အရောင်ပျယ်လွင့်ခြင်းမရှိ.. အဲ့ဒီအိမ်မက်တွေ..
မင်းကိုမြင်တွေ့စေမယ်….
ဟေး… အမိမြေ..
ငါ့အသက်ရဲ့အဆင်တန်ဆာနဲ့ ငါ့ရဲ့ပြင်းပြမွတ်သိပ်တဲ့ ဆန္ဒတွေနဲ့ မင်းအတွက်အရေးတကြီး လိုအပ်နေတဲ့ ငါ့ဝိဥာဏ်ကို..
မင်းအတွက်ဟစ်ကြွေး ပေးဆပ်ပြီး မင်းထံက ငါမကြာခင် ခွာသွားတော့မယ်..
ဟေး… အမိမြေ..
မင်းကိုယ်ပေါ် ငါ့ဝိဉာဏ်ကိုကျေနပ်နပ်ကြီးဖြုတ်ချပြီး.. မင်းရဲ့ယုယတဲ့ထွေးပွေ့ခြင်းနဲ့အတူ မင်းအတွက် ပြီးပြည့်စုံမှုတွေရနိုင်ဖို့ … ငါ့အသက် ကိုစတေးမယ်..
မင်းရဲ့ခရီးနှင့် ခြေနင်းတွေအောက်မှာ ငါ့ကိုငါ ပွန်းပဲ့ပျောက်ဆုံးသွားဖို့ … မင်းရဲ့ကြီးမြတ်ခမ်းနားတဲ့မြေပေါ်မှာ ထာဝစဉ်လဲလျောင်းအိပ်စက်သွား နိုင်ဖို့..
မင်းအတွက်ငါအသက်ကိုပေးခဲ့မယ်….
တစ်နေ့.. ငါ့ရဲ့အုတ်ဂူထက်မှာ.. ထူထပ်တဲ့မြက်ပင် ချုံနွယ်တွေကြားမှာ.. နှိမ့်ချတဲ့ အညတြရပန်းလေးတပွင့် ယိမ်းတိုး လှုပ်ရှားနေဖို့ ….
လေပြေနဲ့အတူ ငါ့ဝိဥာဏ်အတွက် အနမ်းတွေ မင်းနှုတ်ခမ်းနဲ့ယူဆောင်ခဲ့ပါ..
နောက်ပြီး … အေးစက်စက် အုတ်ဂူအောက်လဲလျောင်းနေတဲ့ ငါ့နဖူးပြင်ဆီ.. မင်းရဲ့နူးညံ့တဲ့ ၀င်သက်ထွက်သက် နွေးထွေးမှုရနံ့တွေနဲ့..
ယုယကြင်နာမှု့ ငါခံစားကြည်နူးခွင့်ရပါရစေ..
အေးမြလရောင်ရဲ့ အလင်းနုနုတွေလည်း ငါခံစားခွင့်ပေးလှည့်ပါ.. အလင်းနုဖျော့ဖျော့နဲ့ အရုဏ်ဦးအလှကို.. တစ်ခဏတာ ငါ့ဆီဆောင်ယူခဲ့ပါ..
ငါ့အုတ်ဂူစွန်းကို တိုးဝှေ့ပုတ်ခတ်သွားတဲ့.. လေပြေရဲ့တီးတိုးရေရွက်သံတွေ ငါမြင်တွေ့ ပါရစေ..
ပြီးတော့.. ချိုးငှက်လေးတစ်ကောင်ငါ့ မှတ်တိုင်ပေါ်ဆင်းသက်နားခိုလို့ .. အဲဒီငှက်လေးရဲ့ တေးဆိုသံတွေ ငါ့ထံမှာ ပျံ့လွင့်နေပါစေ…
နေရောင်ရဲ့ အပူငွေ့နဲ့ ငါ့အုတ်ဂူပေါ်က မိုးရေစက်တွေ အငွေ့ပြန်သွားချိန် ငါပူလောင်စူးရှတဲ့ အော်သံရဲ့ဟိုမှာဘက်ဆီ..ကောင်းကင်ကြီးပြန်လည်သန့်စင်သွားပါစေ..
စောစီးစွာကျဆုံးခြင်းအတွက် ငါ့သူငယ်ချင်းတစ်ယောက်ရဲ့ မျက်ရည်စတွေ… ငါ့အပေါ်ချွေချခွင့်ပြုပါ..
ငါ့အထက်တစ်နေရာက တစ်ဦးတစ်ယောက်ရဲ့ ဆုတောင်းပေးသံတွေနဲ့.. အဲဒီတိတ်ဆိတ်ညနေခင်း လေးတစ်ခုငါ့ကိုပေးပါ..
အိုအမိမြေ.
ဘုရားသခင်ထံမှာ အနားယူနိုင်ဖို့ငါ့ကိုဆုတောင်းပေးပါ..
အကူအညီမဲ့တွေရဲ့ သေဆုံးခြင်းအတွက် မျှတမှု ကင်းမဲ့သော ရက်စက်မှုခါးစည်းခံရသူများအတွက်. ဆုတောင်းပေးပါ..
ခါးသီးမှုများဖြင့် ငိုကြွေးနေရသော ငါတို့ရဲ့ဆင်းရဲသား မိခင်များအတွက် မိဘမဲ့ကလေးငယ်များအတွက် ကွယ်ကါမဲ့ မုဆိုးမများအတွက်
သွေးပျက်ခြောက်ခြားဖွယ် ညှင်းပန်းနှိက်စက်ခံနေရသော အကျဉ်းကျသူများအတွက် …
ပြီးတော့.. သင်ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော ပေးဆပ်ခဲ့ရခြင်းများ အတွက်.. ဆုတောင်းလိုက်ပါ..
အမှောင်ထုက သင်္ချိုင်းမြေကိုလွှမ်းခြုံထုပ်ပိုးလိုက်တဲ့အချိန်.. ငါတစ်ယောက်တည်းကျန်ရစ်ခဲ့မဲ့ အဲ့ဒီနေရာမှာ..
ကျဆုံးခဲ့သူတွေက ငါကိုလာရောက်စောင့်ရှောက်ကြလိမ့်မယ်..
အဲ့ဒီသူတို့ရဲ့ ဆိတ်ငြိမ်အေးချမ်းနေမှုကို မနှောက်ယှက်ပါနဲ့.. သူတို့ရဲ့ လျှို့ဝှက်ခမ်းနားမှုကို မနှောက်ယှက်ပါနဲ့..
တကယ်လို့.. စောင်းကြိုးတူရိယာခတ်သံများ သင်ကြားခဲ့လျှင်.. အဲဒီတိုးငြင်း သံပြိုင်တေးကို တေးသီညီးနေသူဟာ ငါပါ ချစ်တဲ့အမိမြေ..
ပြီးတော့.. ငါ့အုတ်ဂူကို ဘယ်သူမှ အမှတ်မရကြတော့တဲ့အချိန်.. မှတ်တိုင်တစ်ခု ကျောက်တုံးတစ်တုံးတောင် အဲဒီမှာ မရှိတော့တဲ့အခါ
လယ်သမားတစ်ဦးက ထွန်ယက်ပါစေ.. သူ့ပေါက်တူးနဲ့… ငါ့ ရဲ့အရိုးပြာမှုန့်တွေ တစ်စစီပေါက်ဆွ ပစ်ပါစေ..
အဲဒီပြာမှုန့်တွေက ဖုန်မှုန့်တွေ အပြစ်ပြောင်းပြီး ကမ္ဘာမြေကြီးကိုလွှမ်းခြုံရစ်စေ….
ပြီးတော့…မင်းတို့ ငါ့ကိုမေ့လျှော့နေလည်း အကြောင်းမဟုတ်ပါဘူး..
မင်းတို့ပတ်ဝန်းကျင်လေထုမှာ မင်းတို့ဖိနပ်တွေအောက်မှာ မင်းတို့ရဲ့တောတောင်မြစ်ဝှမ်းအနှံမှာ…
တက်ကြွလန်းဆန်းတဲ့ သန့်စင်မှု့တွေနဲ့ မင်းတို့နားတွေကို အသိပေးမယ်…
ငါက.. မွှေးရနံ့တွေအဖြစ် အလင်းအဖြစ် အရောင်အဖြစ် လေတိုးသံအဖြစ် သီချင်းအဖြစ် တေးညည်းဆိုသံအဖြစ်..
ငါစွန့်လွှတ်ခဲ့တဲ့ ယုံကြည်ခြင်းရဲ့ အနှစ်သာရကို ထပ်ခါထပ်ခါ အစဉ်ထာဝရ မင်းတို့အနားမှာ ရှိနေစေမှာပါ..
ငါမြတ်နိုးသော တိုင်းပြည်… ချစ်သောဖိလစ်ပိုင်နိုင်ငံ…သင့်အတွက် ငါနှုတ်ဆက်စကားဆိုပါရစေ..
ငါ့မိဘများ ငါ၏ချစ်သူများ.. အားလုံးကိုခွဲခွာထားရစ်ပြီး ငါသွားတော့မယ်..
ကျေးကျွန်ပြုခြင်းမရှိတဲ့အရပ် အာဏာရှင်တွေနဲ့ သေဒဏ်စီရင်မှုတွေ မရှိတဲ့နေရာ.. အမှန်တရားကို သတ်ဖြတ်ခြင်းမရှိတဲ့ဒေသ..
အဲဒီ.. ဘုရားသခင်တစ်ဦးတည်း စိုးစံတော်မှုသော ဌာနေဆီ..
ငါနှုတ်ဆက်ခဲ့ပါတယ်..
မိဘများ ညီအစ်ကိုများ ငါချစ်သောသူများ ငါ့သူငယ်ချင်းများ ဒုက္ခအလုံးစုံဖြင့် ညည်းငွေ့ဖွယ် အတိပြီးသောနေရာမှ အနားယူခွင့်ရတဲ့ အတွက်
ငါ့ကျေးဇူးစကားဆိုပါရစေ..
ချစ်ခင်ဖွယ်ကောင်းသော တစ်စိမ်းတရံစာများ.. ငါ့သူငယ်ချင်း .. ငါ့ခရီးအတွက် အလင်းရောင်ဆောင်ကျဉ်းခဲ့သူ.. ငါနှုတ်ဆက်ခဲ့ပါတယ်..
ငါချစ်သောသူအားလုံးတို့ သေခြင်းဆိုတာ တစ်ကယ်တော့ အနားယူဖို့အတွက်ရယ်ပါ….
ဒီဇင်ဘာ ၂၉၊ ၂၀၁၃ တွင် မြန်မာဘာသာဖြင့် ခံစားသည်။