2013 in Review

၂၀၁၃ နဲ့ နေပြည်တော်က ကစားဝိုင်း (2013 in Review)

၂၀၁၃ နဲ့ နေပြည်တော်က ကစားဝိုင်း

ဒေါက်တာရန်မျိုးသိမ်း
ဒီဇင်ဘာ ၃၁၊ ၂၀၁၃


(ရန်ကုန်မြို့တွင်နေထိုင်သူ  ဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းသည်  မြန်မာပြည်နိုင်ငံရေးအခြေအနေကို စောင့်ကြည့် အကဲခတ်ပြီး  စာနယ်ဇင်းများတွင် သုံးသပ်ချက်ဆောင်းပါးများ ရေးသားနေသူတစ်ဦးဖြစ်သည်)

ဦးသိန်းစိန်၊ သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ သုံးပွင့်ဆိုင်ဆက်ဆံရေးကို ပြင်ပကနေစောင့်ကြည့်ရသလောက်တော့ သိပ်ပြီး အဆင်ပြေတာကို မတွေ့ရပါဘူး။

 ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးရွှေမန်းရဲ့ ဆက်ဆံရေးက ကောင်းနေတယ်။  ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဆက်ဆံရေး၊ ပြီးတော့ ဦးရွှေမန်းနဲ့ သမ္မတရဲ့ဆက်ဆံရေးက သိပ်ပြီးတော့မကောင်းတဲ့အနေအထားမှာ ရှိတယ်။

 သိပ်မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည်က … မြို့နယ်တွေ ဖွံ့ဖြိုးရေးရန်ပုံငွေ သိန်းတစ်ထောင်ပေးမယ့်ကိစ္စနဲ့ ပတ်သက်ပြီးတော့ သမ္မတအနေနဲ့ ဒီကိစ္စမှာ ၀င်ပြီး ခွင့်ပြုသင့်တယ်ဆိုတဲ့ပုံစံမျိုး ပြောလာတယ်။

 ဒီပြောဆိုမှုမျိုးက ဒေါ်အောင်ဆန်းစုကြည်ရပ်တည်တဲ့လိုင်းနဲ့ သမ္မတရပ်တည်တဲ့လိုင်းက နည်းနည်းကွဲတယ် ဆိုတာ ပေါ်လွင်စေတယ်။
 ဖွံ့ဖြိုးရေးရန်ပုံငွေ သိန်းတစ်ထောင်ကိစ္စကို သူရဦးရွှေမန်းက ဦးဆောင် ဖော်ဆောင်နေတာဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အယူအဆ သွားတူနေတယ်ဆိုတာ တွေ့ရတယ်။

 ဒါ လတ်တလော ဖြစ်သွားတဲ့ကိစ္စ။

 ဦးသိန်းစိန်နဲ့ ဒေါ်စု အရင်တုန်းက တစ်ကြိမ်ထက်မက တွေ့ခဲ့ကြသူတွေပါ။

 အခုတော့ သူတို့ တွေ့ဆုံမှု မရှိတော့ဘူးဆိုတာက ဘာကြောင့်လဲ ဆိုတော့..

ဒေါ်စုက ဦးသိန်းစိန်အပေါ် ယုံကြည်မှု ကျဆင်းလာတာလည်း ဖြစ်နိုင်တယ်။ သမ္မတရဲ့အနားမှာရှိနေတဲ့ ဝန်ကြီးတွေ၊

လုပ်ဖော်ကိုင်ဘက်တွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ဆက်ဆံရေးအပိုင်းမှာ  အဖုအထစ် ရှိကောင်းရှိနိုင်တယ်။

 နောက်တချက် ဒေါ်အောင်ဆန်းစုကြည် စဉ်းစားတာက …ဦးသိန်းစိန်နဲ့ဦးရွှေမန်း၊ တစ်ယောက်က အုပ်ချုပ်ရေးရဲ့ အကြီးအကဲ၊ တစ်ယောက်က ဥပဒေပြုရေးဘက်က အကြီးအကဲ၊ ဒေါ်အောင်ဆန်းစုကြည်က ဥပဒေပြုရေးအပိုင်းမှာ ရှိတော့  ဥပဒေပြုရေးအပိုင်းမှာအကြီးအကဲဖြစ်တဲ့ သူရဦးရွှေမန်းနဲ့ ပိုပြီးတော့  နီးစပ်တဲ့ သဘောမျိုးရှိတယ်။

 အဲဒီတော့ လက်ရှိသူတို့အစိုးရပြောနေတဲ့ပုံစံကလည်း အစိုးရကို လွှတ်တော်က Check and Balance လုပ်နေတဲ့ပုံစံမျိုးဖြစ်နေတော့ အစိုးရကို Check and Balance လုပ်နေတဲ့ လွှတ်တော်ရဲ့ အစိတ်အပိုင်းထဲပါနေတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူရဦးရွှေမန်းနဲ့ ပိုပြီးတော့ နီးစပ်သွားတယ်၊

 ဦးသိန်းစိန်နဲ့ကတော့ Check and Balance ရဲ့ အခြားတစ်ဘက်မှာ ရပ်တည်တဲ့ပုံစံမျိုးလို့ ကျနော် ထင်တယ်။

 ဒေါ်အောင်ဆန်းစုကြည်က NLD ဥက္ကဋ္ဌ။ သူရဦးရွှေမန်းက ကြံ့ခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ။ 

ပြိုင်ဘက်ပါတီကြီးနှစ်ခုရဲ့ ခေါင်းဆောင်နှစ်ဦးက အင်မတန်ရင်းနှီးတဲ့ပုံစံမျိုး တွေ့ရတယ်။ ၂၀၁၃ ဇွန်လ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အခမ်းအနားတစ်ခုမှာ ဦးရွှေမန်းက မွေးနေ့ကိတ်ကြီးတစ်ခု စီစဉ်ပေး၊ အခမ်းအနားကျင်းပပေးတဲ့ပုံစံမျိုး မီဒီယာမှာ ပေါ်လာတဲ့အထိ ရင်းနှီးနေတာကို တွေ့ရတယ်။

ဒီလို ပြိုင်ဘက်နှစ်ဦး ပုံမှန်ထက်ပိုပြီး ရင်းနှီးနေခြင်းဟာ ဦးရွှေမန်းရဲ့ သမ္မတဖြစ်ရေး ရည်မှန်းချက်နဲ့တွဲနေတယ်လို့ ထင်ပါတယ်။
 လက်ရှိအခြေအနေမှာ အခြေခံဥပဒေပြင်ဆင်ရေးအတွက် လေ့လာသုံးသပ်နေကြတယ်၊ ဒါပြီးရင် ပြင်ဆင်ရေးအဆင့်ကို ရောက်မယ်။ အဲဒီအဆင့်မှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ရေး ခွင့်ပြုဖို့ ပုဒ်မ ၅၉ စ ကို ပြင်နိုင်ချေ မရှိဘူး။ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့ရဲ့ ပါတီထဲကနေ ဒုသမ္မတလောင်း၊ သမ္မတလောင်းဖြစ်နိုင်တဲ့သူကို  လူထုထဲ ချပြထားတာ မတွေ့ရဘူး။

 ဒီလိုအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီရဲ့ ထောက်ခံမှုကို သူရဦးရွှေမန်း ရရှိခဲ့မယ် ဆိုရင် သူဟာ ၂၀၁၆ မှာ သမ္မတဖြစ်လာနိုင်တဲ့အနေအထား ရှိပါတယ်။

 ဒေါ်အောင်ဆန်းစုကြည်နဲ့  သူရဦးရွှေမန်း ရင်းရင်းနှီးနှီး ဆက်ဆံမှုဟာ  ၂၀၁၆ မှာ သူရဦးရွှေမန်း သမ္မတဖြစ်လာရေး၊ အဲဒီအတွက် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီရဲ့ ထောက်ခံမှုရရေး အဓိက ဆက်စပ်တယ်လို့ ကျနော် မြင်တယ်။

 ၂၀၁၅ နောက်ပိုင်း သမ္မတ တာဝန်ကို ဦးသိန်းစိန် ဆက်ပြီး မယူတော့ဘူး ဆိုတဲ့သဘော သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဦးရွှေမန်းက ပြောလိုက်တယ်။

 ဦးသိန်းစိန်တို့ဘက်ကလည်း သူ ဆက်လက် တာဝန်ယူရေး မယူရေးဆိုတာကို ဦးသိန်းစိန်ကိုယ်တိုင် ပြောပါလိမ့်မယ်၊ တခြားသူက ၀င်ပြောစရာမလိုဘူးဆိုတဲ့သဘော တုန့်ပြန်ခဲ့တဲ့အတွက် သူရဦးရွှေမန်းက ဘာကြောင့် အဲဒီလို ပြောသလဲလို့ စဉ်းစားစရာတွေ ဖြစ်လာကြလိမ့်မယ်။

 ကျနော်ကတော့ ဦးသိန်းစိန်၊ သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည် ဒီသုံးဦးရဲ့ ကြားမှာ နိုင်ငံရေးကစားကွက်လေးတွေ ရှိတယ်လို့ မြင်တယ်။

 အဲဒီကစားကွက်ဆိုတာကို ကျနော် ခံစားရတာကတော့  …  ဥပမာ ဖဲဝိုင်းတစ်ဝိုင်းမှာ ၅ ယောက် ရိုက်တယ်၊ ကစားတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းစိန်၊ သူရဦးရွှေမန်း၊ ဦးခင်အောင်မြင်၊ ကာကွယ်ရေးဦးစီးချုပ် ဒီ ၅ ယောက် ပါမယ် ဆိုပါစို့။
 ဒါပေမယ့် ကျန်တဲ့လေးယောက်က ညှိပြီး ရိုက်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီဘက်က တစ်ယောက်တည်း ကစားနေရတယ်။
 ကျန်တဲ့လေးယောက်လုံးက    ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောက်ဖဲကို သိတယ်။ ဒေါ်အောင်ဆန်းစုကြည်က ကျန်တဲ့လေးယောက်လုံးရဲ့ အောက်ဖဲကို မသိဘူး။
 ဒါပေမယ့် အဲဒီလေးယောက်က တစ်ယောက်နဲ့တစ်ယောက် ညှိပြီးရိုက်နေတယ်ဆိုတဲ့ပုံစံ မပေါ်အောင် တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ပြနေတယ်၊ စကား များပြနေတယ်၊ အဲဒီလိုအနေအထား အခင်းအကျင်းလို့ ကျနော်က မြင်တယ်။

==========================================

 
  • ၂၀၁၃ နဲ့ ပုဂ္ဂိုလ်တချို့၊ ဖြစ်ရပ်တချို့

 

 နှစ်ကုန်ချိန်မှာ ၂ဝ၁၃ အတွင်း အရေးကြီးဖြစ်ရပ်၊ အထင်ကရဖြစ်ခဲ့သူ၊ မေ့လျော့ခံနေရသူတွေထဲက တချို့အကြောင်း ပြောပြဖို့ မိုးမခမီဒီယာက ရွေးချယ်ထားပါတယ်။
 တနှစ်တာအတွင်း လှုပ်ရှားဖြတ်သန်းခဲ့တာတွေကို သုံးသပ်ခြင်း၊ ပြန်လည်သတိရခြင်း၊ မိတ်ဆက်ပေးခြင်းတွေ ပါဝင်မှာဖြစ်ပါတယ်။  http://moemaka.blogspot.com/search/label/2013%20Review မှာ တစုတဝေး ဖတ်ရှုနိုင်ပါတယ်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “၂၀၁၃ နဲ့ နေပြည်တော်က ကစားဝိုင်း (2013 in Review)
  1. ကောင်းပါတယ်။ ကျေးဇူးပါပဲ… ၅ယောက်ကစာတဲ့ပွဲ၊ ဖဲဝိုင်းပဲရှိတယ်နော်..။ ဒေါ်အောင်ဆန်းစုကြည်ဖဲမကစားတတ်ဘူးလေ….။

Comments are closed.