အခန်းဆက်များ အုန်းနိုင်
ရေးခဲ့မိသော မှတ်တမ်းများ (၂၅)
အုန်းနိုင်
ဧပြီ ၂၆၊ ၂၀၁၃
● ဒေါ်အောင်ဆန်းစုကြည်အဖမ်းခံရပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အခြေအနေ
အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ရုံးက ဇူလိုင်(၂၃) ရက်နေ့ထုတ်ပြန်ခဲ့တဲ့စာအရ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးကို ဖမ်းတော့မဲ့ဆဲဆဲမှာ  ဒေါ်အောင်ဆန်းစုကြည် သဘာပတိအဖြစ် ဆောင်ရွက်တဲ့အစည်းအဝေးက အောက်ပါ ပုဂ္ဂိုလ်ကြီးများကို  ယာယီအရန် ဗဟိုအလုပ်အမှုဆောင် များအဖြစ် တိုးချဲ့ ပေးခဲ့ပါတယ်.။
၁။ ဦးဘသော်(မောင်သော်က)
၂။ ဦးရွှေ
၃။ ဦးခင်မောင်ဆွေ
၎။ ဦးစိုးသိန်း(မောင်ဝံသ) တို့ဖြစ်ပြီး  .. နောက်ထပ်
၁။ ဦးချမ်းအေး
၂။ ဦးမောင်မောင်
၃။ ဦးလှဖေ
၎။ ဦးသန်းထွန်း
၅။ ဦးမျိုးအောင်
၆။ ဦးကျော်မင်း (ဗိသုကာ)
၇။ ဦးမိုးသူ
၈။ ဒေါက်တာတင်မျိုးဝင်းတို့ကို  အလုပ်ကော်မတီဝင်များအဖြစ်  တာဝန်ပေးခဲ့ပါတယ်..။
နယ်အဖွဲ့ အစည်းများအနေနဲ့ စိတ်တည်တည် ငြိမ်ငြိမ်ထားကာ အစည်းအဝေးများကျင်းပပြီး ခေါင်းဆောင်ကြီးများကို  နေအိမ်အကျယ်ချုပ်
ထားတာနဲ့   အခြားခေါင်းဆောင်အများအပြား  ဖမ်းဆီးထားတာကိုလည်း  ကန့်ကွက်ကြောင်းဆုံးဖြတ်ပြီး သက်ဆိုင်ရာ မ.၀.တ၊ တ.၀.တ နဲ့   န.၀.တ များထံကို ပို့ဖို့ ညွှန်ကြားလာပါတယ်..။ အဲဒီညွှန်ကြားချက်တွေရဲ့  အောက်ဖက်မှာတော့   “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ကင်း လွတ်ခွင့်အမှတ် န/သ  ၀၅၂” ဆိုတာ ပါလာပါတယ်..။
အဓိပါယ်ကတော့  ဒေါ်အောင်ဆန်းစုကြည်က  ကင်းလွတ်ခွင့်မလျှောက်ဘူး.  ။အာဏာဖီဆန်တယ် ဆိုပေမယ့်  ဒေါ်အောင်ဆန်းစုကြည်အ ဖမ်းခံရတာနဲ့    တပြိုင်တည်း  ဒေါ်အောင်ဆန်းစုကြည်  ပြောခဲ့တာကိုဘေးချိတ်ပြီး  ကင်းလွတ်ခွင့် လျှောက်လိုက်ပြီ ဆိုတဲ့  သဘောပေါ့..။
ဇူလိုင်(၂၄) ရက်နေ့  အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ရဲ့ ကြေညာချက် အမှတ်(၂၇)မှာတော့ ဒီကိစ္စကို  ရှင်းလင်းပါတယ်..။စာပိုဒ် (၅) မှာ  အဖွဲ့ ချုပ်တရားဝင်ရပ်တည်ခွင့်ရရှိဖို့ အတွက်  နိုင်ငံရေးပါတီများ ပုံနှိပ်ထုတ်ဝေမှု  ကင်းလွတ်ခွင့် လျှောက်ထားဖို့  ဆုံးဖြတ်လိုက်ပြီလို့ပါပါတယ်..။အကြောင်းပြချက်ကတော့  “ဒေါ်အောင်ဆန်းစုကြည်   တောင်    ဇူလိုင်(၁၉)ရက် နေ့ကအာဇာနည်ကြီးများကို  ပြည်သူနဲ့ အတူ   ချီတက်အလေးပြု မယ့်   အစီအစဉ်ကို   သွေးချောင်းစီး မဲ့  အန္တရာယ်ကိုထောက်ပြီး ပယ်ဖျက်ခဲ့တယ်..။  ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်  ဆုံးဖြတ်ထားခဲ့တာ  ဖြစ်ပေမယ့်  ပယ်ဖျက်သင့်တာ ပယ်ဖျက်မယ် ဆိုတဲ့ သဘောပေါ့”
ဒီနောက်  အစည်းအဝေးမှာလည်း  ဗဟိုအလုပ်အမှုဆောင် နဲ့ ဗဟိုအလုပ်ကော်မတီကို တိုးချဲ့ ဖို့သာ  ဆုံးဖြတ်နိုင်ပြီး  အဖမ်းခံသွားရတာ
ဖြစ်လို့    ထုတ်ဝေမှု ကင်းလွတ်ခွင့်  မှတ်ပုံတင်ကိစ္စကိုဆုံးဖြတ်မသွားနိုင်တော့တာသာ ဖြစ်တယ်..။ဒါကြောင့် ကျန်တဲ့ သူတွေက    အဖွဲ့ ချုပ်ရပ်တည်နိုင်ရေး   အတွက်  ကင်းလွတ်ခွင့်လျှောက်ဖို့ ဆုံးဖြတ်တာဖြစ်တယ်..။ဒါဟာ  အဖွဲ့ ချုပ်အတွက်  သိက္ခာမကျပါဘူး..လို့  ဖော်ပြပါတယ်..။
အဖွဲ့ ချုပ်က  နောက်ထုတ်တဲ့ ကြေညာချက် ၊ညွှန်ကြားချက် တွေဆိုရင်လည်း  နယ်အဖွဲ့ အစည်းတွေ နဲ့  အဖွဲ့ ချုပ်ဝင်လူငယ်တွေ အတွက်   မကျေနပ်စရာတွေပါလာပါတယ်..။ဇူလိုင် (၂၉)ရက် နေ့   ထုတ်တဲ့ ညွှန်ကြားချက်မှာတော့    ခေါင်းဆောင်ကြီး နှစ်ဦးနဲ့    ကျန်အဖမ်းခံရသူတွေ        လွှတ်ပေးရေး အတွက်   မိမိတို့  ကိုးကွယ်ရာအယူဝါဒအလျှောက်  ၀တ်ရွတ်စဉ်များ..၊ဆုတောင်းပွဲများ တပတ်တိတိ ဆက်လုပ်ကြပါလို့ ညွှန်ကြားပါတယ်။ ညွှန်ကြားချက်ထဲ မှာ ၁၉၆၀  ခုနှစ်လောက်က  ဆရာကြီးမင်းသုဝဏ်ရေးခဲ့တဲ့ကဗျာတပုဒ်လဲ ထည့် ထားပါသေးတယ်..။
“မေတ္တာသုတ်”
ဒေါသဖြစ်ရွေ့   ပူခြစ်လောင်တောက်
ငါစိတ်ဖောက်သည် ၊မြွေဟောက် ပါးပျဉ်း နှယ်တကား..။
စာပေနှီးနှော   စကားပြောက
ဒေါသ ပြေခဲ့  ဖူးသည် ရှင့်..။
စာပေကြည့်လျက် ၊ကြံလေ့ကျက်က
အမျက်ပြေခဲ့ဖူးသည် ရှင့်..။
ဒီတခါမူ
ပူသည့်ဒေါသ ၊ ထသည့် အမျက်
ထွက်သည့် စိတ်ကြမ်း ၊မနိုင်စွမ်းရွေ့ 
အေးချမ်းမေတ္တာ ၊သုတ်ကို ရှာသော်
ပမာ တောက်ငြီး၊ တောင်တက်မီးကို
မိုးကြီး ညှိမ်းသို့ ၊ ငြိမ်းစေသတည်း။    ။
(မင်းသုဝဏ်)…တဲ့။
ဇူလိုင်လ ကုန်ခါနီးလာတော့  နည်းနည်း တည်ငြိမ်လာတာမို့မြို့ နယ်စည်းရုံးရေးကော်မတီအစည်းအဝေး ခေါ်ပြီး  အခြေအနေ အားလုံးကို  ညှိနှိုင်းဆွေးနွေးကြတယ်..။ဗဟိုက ရသမျှ ညွှန်ကြားချက်နဲ့ သတင်းတွေကို  တင်ပြပြီး..ဥက္ကဌ ဦးတင်ဦး နဲ့  အထွေထွေ အတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည် တို့ကို ဖမ်းဆီးပြီး  နေအိမ်အကျယ်ချုပ် ထားတာကို  ပြင်းထန်စွာ ကန့်ကွက်ကြောင်းနဲ့ နယ်အသီးသီးမှာ ဖမ်းဆီးထားတဲ့ အဖွဲ့ ချုပ်ဝင်များ၊အခြား ဒီမိုကရေစီ အင်အားစုများကို အမြန်ဆုံးလွှတ်ပေးဖို့  ဆုံးဖြတ်ချက် များကို  ဇူလိုင်(၂၈)နေ့ မှာ ချမှတ်ပြီး  သက်ဆိုင်ရာ မ.၀.တ  ၊တ.၀.တ နဲ့  န.၀.တ  တို့ကို ပို့…။ဗဟိုကို မိတ္တူ ပို့ ..စတာတွေကို လုပ်နိုင် လာပါတယ်..။
ဇူလိုင်လ  (၃၀)ရက်မှာ  ပဲခူးတိုင်းစည်း ကိုယ်စားလှယ်ဗိုလ်မှူးဟောင်း မောင်အေး..၊ဦးနိုင်ဦး..၊ဒေါက်တာ တင်အေး၊ဦးဇော်မင်း နဲ့  ဦးအောင်စောဦး တို့  ပြည်မြို့ နယ်စုကိုရောက်လာပါတယ်..။မြို့ နယ်စု (၆)မြို့ နယ်   အစည်းအဝေး လုပ်ပြီး  ဗဟိုအခြေအနေကို   ဦးမောင်အေး ရှင်းပြလို့သိရတာက ဇူလိုင်လ(၁၉)ရက်နေ့နံနက် ပိုင်းမှာပဲ  ရန်ကုန်မြို့ နယ်အသီးသီးကို ချီတက်ရေး  အစီအစဉ်များဖျက်သိမ်းကြောင်း ကို  အကြောင်းလဲကြား..။တချို့  နေရာတွေမှာ ၀င်လည်း ထိန်းသိမ်းပေး တာမျိုး တွေလုပ်ကြရတယ်..လို့  သိရပါတယ်..။သူ့ကိုဖမ်းတော့ မှာကို သိလို့   ဒေါ်အောင်ဆန်းစုကြည်က  ဗဟိုအလုပ်အမှု ဆောင်ကိုတိုးချဲ့ သွားတယ်..။နေ့လည်ပိုင်းမှာ  အိမ်ရှင်မှ တပါး အားလုံး ထွက်ခိုင်းလို့   ထွက်လာကြတော့လူစုကွဲသွားပြီး နောက်တနေ့  (၂၀)ရက်နေ့မှာ ဒေါ်စုကို ဖမ်းတယ်..။(၂၁)ရက် နေ့  နေ့လည်(၂)နာရီ မှာ  ရှိတဲ့ ဦးစီး အဖွဲ့ နဲ့  စည်းဝေးကြပြီး အဖွဲ့ မပျက်ရေး အတွက်  ပုံနှိပ်ဥပဒေကို ကင်းလွတ်ခွင့်  လျှောက်သင့်ကြောင်းဆွေးနွေးကြတယ်..။မကျေနပ်သူတွေရှိလို့   ဗဟိုဦးစီး အဖွဲ့  (စီစီ ) အစည်းအဝေးကို  ဇူလိုင် (၂၃)မှာထပ်ခေါ်တယ်..။ဗဟို ဦးစီး (စီစီ) (၄၁) ဦးရှိတဲ့ အနက်  (၁၁)ဦး အဖမ်းခံထားရလို့  စီစီ (၃၀) ရှိတဲ့အနက် အစည်းအဝေးတက်ရောက်သူ  (စီစီ) (၂၅) ဦးပဲရှိတော့တယ်..။မဲခွဲရာမှာ ကင်းလွတ်ခွင့်  လျှောက်ဖို့  (၂၁)မဲ ၊ကန့်ကွက်မဲ(၁) မဲ၊ ကြားနေ (၃) မဲနဲ့  အတည်ဖြစ်ပြီး  ဦးဘသော်(မောင်သော်က)  အမည်နဲ့   ကင်းလွတ်ခွင့်  လျှောက်မယ်လို့ ဆုံးဖြတ်အပြီးမှာ  ဆရာ မောင်သော်က  အဖမ်းခံ ရလို့   ဦးချစ်ခိုင် အမည် နဲ့    ကင်းလွတ်ခွင့် လျှောက်ထားရတယ်..ဆိုတာတွေ ကို သိရပါတယ်..။ဦးမောင်အေး  ပြောပြလို့   ဦးမိုးသူ၊ဒေါ် မြင့်မြင့် ခင်၊ဦးသော်က၊ ဦးစိုးသိမ်း ၊ ဦးထွန်းတင် တို့   အဖမ်းခံရပြီး.။ဦးကိုယု နဲ့  ဦးဝင်းခက် ကို  အဆက်မသွယ်မရကြောင်း..၊ရှောင်နေကြကြောင်း..သိရပါတယ်..။  ။
● မြို့ နယ်ပါတီ တွင်း  တာဝန်ခွဲဝေရေး ပြသနာ
အဲဒီလို  တပြည်လုံး အတိုင်းအတာနဲ့  နိုင်ငံရေးလှိုင်းတံပိုးထန်နေချိန်မှာ  ပေါင်းတည်မြို့ နယ်အတွင်းရှိ  မြို့ နယ်စည်းရုံးရေး ကော်မတီ(ယာယီ) အဖွဲ့ ဝင်   ဦးဖေမြင့်ကနိုင်ငံရေး သုံးသပ်ချက်နဲ့   အလုပ်စာတမ်းတခု  တင်ပြလာပါတယ်..။ဒီ စာတမ်းကို  (၅.၈.၈၉) နေ့  ကော်မတီ အစည်းအဝေးမှာဆွေးနွေးကြပါတယ်..။
သူ့ စာတမ်းကို  သူကိုယ်တိုင် ရှင်းလင်းဖတ်ကြားပါတယ်..။စာပိုဒ် (၁၅)ပိုဒ်ပါပြီး  အပိုဒ်(၁)က  (၃) အထိ နိဒါန်းပိုင်း…။အပိုဒ် (၄) နဲ့  (၅)က   ပေါင်းတည်မြို့ နယ်  စည်းရုံးရေးကော်မတီ ရဲ့   လက်ရှိအခြေအနေ..။အပိုဒ်(၆)(၇)(၈)(၉)(၁၀)(၁၁)(၁၂) နဲ့  (၁၃) တို့က  လက်ရှိအခြေအနေ အပေါ်သုံးသပ်ချက်..။အပိုဒ်(၁၄)နဲ့  (၁၅)ကလက်ငင်း  လုပ်သင့်သည့်   လုပ်ငန်းများလို့   ပါရှိပါတယ်..။
အတိုချုပ်ကတော့  ဒီမြို့ နယ်  စည်းကော်မတီမှာ   ကော်မတီဝင်(၂၃)ဦး  ရှိပေမယ့်  (၂၂) ဦးနဲ့   လှုပ်ရှားနေရာမှာ  အုပ်ချုပ်ရေးပိုင်းမှာ အတွေ့ အကြုံ ရှိသူတွေ..။နိုင်ငံရေးမှာ အတွေ့ အကြုံ ရှိသူတွေ  ပါတာမို့အဖွဲ့ လိုက်  အားကောင်းမှု  ရှိတယ်..။ဒါပေမယ့်  အားလုံး စည်းရုံးရေးကော်မတီဝင်တွေချည်း ဖြစ်နေပြီးသီးသန့်  တာဝန်ခွဲခြားမထားပဲ  တစ်ဦးချင်း တာဝန်ထမ်းရွက်မှု  သတ်သတ်မှတ်မှတ်  မရှိလို့  အားနဲတယ်..။ဒါ့ ကြောင့်   တဦးချင်း တာဝန်သတ်သတ် မှတ် မှတ်  ရှိတဲ့ အမှုဆောင်အဖွဲ့  ဖွဲ့ သင့်တယ်..ဆိုတဲ့သဘောပါဘဲ…။သူ့ ရဲ့   သုံးသပ်ချက်  စာတမ်းက  တော်တော် ပြည့်စုံပါတယ်..။တော်တော်လည်း ကောင်းပါတယ်..။လုပ်ငန်းစဉ် အနေနဲ့   တာဝန်တိတိကျကျ  တစ်ဦးစီ ပေးရေး ဆိုတာလဲ  ကောင်းတာပါဘဲ..။ ဒါပေမယ့်  မြို့ နယ်  အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်  စဖွဲ့စဉ်ကတည်းက  ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဌ ရူး  မရူးကြနဲ့   ဆိုလို့   ဥက္ကဌ  အတွင်းရေးမှူး  တောင်   မထားခဲ့ပါဘူး..။ဒါဟာ ဗဟိုညွှန်ကြားချက်အတိုင်းပါ..။ဒါပေမယ့်  မြို့ နယ်အတော်များများမှာ  ဗဟိုက  ဥက္ကဌအတွင်းရေးမှူးရယ်လို့  မဖွဲ့ ပါနဲ့  ဦး…လို့ဆိုထားတဲ့ ကြားထဲကပဲ..။ဗဟိုရဲ့  ဖွဲ့ စည်းပုံ အတိုင်း  နာယကတွေ၊ ဥက္ကဌတွေ၊ဒု ဥက္ကဌ တွေ  နဲ့  ဖွဲ့ ကြပါတယ်..။ကျနော် တို့  မြို့ သာ  စည်းရုံးရေးကော်မတီ ဘဲ  ရှိပြီး  ဥက္ကဌ
အတွင်းရေးမှူး ဆိုတာတွေ  မရှိသေးတာပါ..။မ.၀.တ   ကနေပြီး  ခေါင်းဆောင် တယောက်   အမည်ပေးပါဆိုတော့  ကျနော့် နံမယ်ပေးခဲ့ပါတယ်။ကျနော်က  ရှစ်လေးလုံးအရေးတော်ပုံကတည်းက နံမယ် ထွက်ပြီးသားဖြစ်တာရယ်..။မ.၀.တ  ဥက္ကဌ နဲ့ လဲအတော်များများ အလုပ်တွဲလုပ်ခဲ့ဖူးတော့  ကျနော့်နံမယ်တော့ပေါ်ချင်ပေါ်ပစေတော့ လို့  သဘောထားပါတယ်..။ကျန်တဲ့ သူတွေကိုတော့ အချိန်မတိုင်မီ  အာဏာပိုင် အဖွဲ့အစည်းများထံမှာ စာရင်းဝင်သွားမှာကို လည်း  မလိုလားလို့ အားလုံးတန်းတူထားပြီး  လုပ်နေတာပါ..။
ဒါပေမယ့်  ပြီးခဲ့တဲ့ အာဇာနည်နေ့လို ကိစ္စမျိုးကျတော့အာဏာပိုင်အဖွဲ့ အစည်းနဲ့  ဆက်သွယ်တဲ့ လုပ်ငန်း  ၊အစည်းအဝေးတက်တာ..၊ဆွေးနွေးတာ..။အဖွဲ့ကိုဦးဆောင်ညွှန်ကြားတာ၊အားလုံးကို ကျနော်ကပဲလုပ်သွားတော့   မြို့ နယ်အဖွဲ့ အစည်းရဲ့  ခေါင်းဆောင်မှုကိုကျနော်တဦးတည်းက  လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားသလို ဖြစ်နေတယ်..။ကျနော်က ပြသနာပေါ်ရင်  ကျနော်ပဲ ရှေ့ ကခေါင်းခံမယ်..လို့အနာခံစိတ်ထားတယ် ဆိုပေမယ့်  လက်တွေ့ သဘောက  ကျနော်က ခေါင်းဆောင်မှုကိုချုပ်ကိုင်ထားတယ်..။ကျန်တဲ့သူတွေကို တာဝန်ယူတတ်အောင်..။သူ့အတိုင်းအတာအလျှောက် တာဝန်ခွဲဝေမှု  နဲနေတဲ့သဘော က  လက်တွေ့ မှာထင်ရှားနေတယ်..။
ဒါ ကြောင့်   ဦးဖေမြင့် ရဲ့  စာတမ်းက  မှန်မှန်ကန်ကန်သုံးသပ်ထားတယ် လို့  လက်ခံနိုင်ပါတယ်..။ဒါပေမယ့် ဗဟိုက  ခုထိ  ဖွဲ့စည်းပုံ  မပေးသေးပါ..။နောက်တချက်က  ဗဟိုမှာ ဥက္ကဌနဲ့  အထွေထွေအတွင်းရေးမှူးတို့ကို အကျယ်ချုပ်ချထားပြီး    ကျန်တဲ့ဗဟိုအလုပ်အမှုဆောင်တော်တော်များများ အဖမ်းခံနေရတဲ့အခုလိုလှုပ်လှုပ် ရှားရှား အချိန်မျိုး မှာမှ   ကျနော်တို့က  အမှုဆောင်ထဖွဲ့ပြီး  ဘယ်သူက ဘာတာဝန်ရယ်လို့ သတ်မှတ်လိုက်ရင်  သူခိုး..သူခိုး အော်နေတုံး  ခြေထဆေးလိုက်သလိုဖြစ်နေမလား..။အခု အတိုင်းက ဖမ်းချင်ရင်ကျနော်  တယောက်ထဲကိုပဲ ဖမ်းနိုင်မယ်..။ကျန်တဲ့အဖွဲ့ ဝင်တွေကတော့ဘယ်သူက  ဘာတာဝန်ရယ်လို့ အတိအကျ မရှိထားလို့  အားလုံး ဖမ်းချင်ရင် ဖမ်း..။အရေးကြီး တာဝန်ယူထားသူရယ်လို့  သီးသန့်မရှိတော့လူရွေးဖမ်းဖို့  မလွယ်ဘူး..။ကျနော်တို့က  အမှုဆောင်ဖွဲ့လိုက်မယ်..။တာဝန်ခွဲဝေလိုက်မယ် ဆိုရင်  လူရွေးသာသွားမယ် ဆိုတဲ့ အချက်တွေကို ထည့်စဉ်းစားသင့်တယ်..လို့သုံးသပ်ကြပါတယ်..။အယူအဆ အမျိုးမျိုး နဲ့ အကြိတ်အနယ်  ဆွေးနွေးကြပါတယ်..။ဒီလို ဆွေးနွေးရင်းနဲ့  ဖွဲ့ ရေးနဲ့  မဖွဲ့ရေး  ဆိုပြီး အယူအဆနှစ်မျိုး ကွဲလာတယ်..။
ဒီ အစည်းအဝေးမှာ သဘာပတိအဖြစ်  ဦးသန်းထွန်းကိုတင်ထားပါတယ်..။ဒီမိုကရေစီ သဘောအရမိမိ အယူအဆကို  ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါ..။ညှိ ရရင် ညှိမယ်..။ညှိမရရင်လဲ  နောက်ဆုံး မဲခွဲတာပေါ့လို့ပြောပါတယ်..။ဒီတော့ မဲခွဲတယ်  ဆိုရင်စိတ်ဝမ်းကွဲနိုင်တယ်..။စည်းရုံးရေးကို ထိခိုက်နိုင် တယ်..ဆိုတဲ့အယူအဆတရပ် ပေါ်လာပြန်တယ်..။ကျနော်ကတော့  ဒါကို ဒီမိုကရေစီ လေ့ကျင့်မှုတရပ်လို့ ယူဆပါတယ်..။ကျနော်တို့ ကျောင်းသားတုံးကလဲ  ဒီလိုပဲ  အကြိတ်အနယ် ဆွေးနွေးကြ..။ငြင်းခုံကြတာတွေ ရှိတယ်..။မဲခွဲလို့ဖြစ်စေ..။ကြားအဖြေတခုခု ရလို့ ဖြစ်စေ..။ပြီးသွားတဲ့အခါကျတော့လဲအေးအေးဆေးဆေးပါဘဲ..။ကျနော်တို့လူကြီးတွေမှာ  အတွေ့ အကြုံ ရှိပါတယ်..။ဒါပေမယ့်  ဒီလိုဆွေးနွေး ခြင်းခုံတာကို အတွေ့ အကြုံ မရှိတဲ့ လူငယ်တချို့ က  ပဋိပက္ခဖြစ်မှာကို စိုးရိမ်ကြပါတယ်..။
အတွေ့ အကြုံ ရှိပါတယ်..ဆိုတဲ့ကျနော်တောင်  ဆွေးနွေးရင်းဦးဖေမြင့် အပေါ်  သံသယ ရှိလာပါတယ်အာဇာနည်နေ့ အတွေ့ အကြုံ အရများ  ခံစားချက် နဲ့ ဆွေးနွေးနေသလားလို့ပါ..။အာဇာနည်နေ့က ဦးဖေမြင့်ကပန်းခွေလုပ်ပြီး ရေချိုး နေလို့ ချီတက်ရာမှာ မပါရတာကို   မကြေမနပ် ဖြစ်ခဲ့သူပါ..။ဒါပေမယ့်  ကျနော်က  အားလုံးကို  ပြောပါတယ်..။တကယ်လို့ နောက်ဆုံးမှာ  မဲခွဲ ဆုံးဖြတ်ကြရရင်လဲ  မဲရှုံးတဲ့ ဘက်က အရှုံးကိုလက်ခံပြီး  နိုင်တဲ့ ဘက်က အယူအဆအတိုင်း  လိုက်နာရမယ်..။ငါ့ အယူအဆမနိုင်လို့   ငါမလုပ်တော့ဘူးဆိုတာမျိုး  မဖြစ်စေရဘူး..လို့   ရှင်းပြရ ပါတယ်..။ နောက်ဆုံးတော့  မဲခွဲဆုံးဖြတ်ရမယ့် အနေအထားကိုပဲရောက်လာပါတယ်..။ဒီ အချိန်မှာ ကနော်က  အဆိုတခုတင်ပါတယ်..။မဲခွဲတာကိုနောက်တနေ့ ရွှေ့ ပေးဖို့ပါ..။
ဒီ အစည်းအဝေးမှာ နှစ်ဘက်ဆွေးနွေး ကြတာကို  ခုတည  သွေးအေးအေး နဲ့ စဉ်းစားပြီး မနက်ဖန်မှ  မဲပေးကြဖို့ .။သွေးပူတုံး မဲမခွဲဖို့ပါ..။ဒီ အဆိုကိုတော့   အားလုံးက  သဘောတူပါတယ်..။
နောက်တနေ့  မတိုင်ခင်   မိမိဖါသာ အပြင်မှာ ထပ်ဆွေးနွေးချင်ဆွေးနွေး ..။စည်းရုံးချင်..စည်းရုံး။နောက်တနေ့  အစည်းအဝေးမှာလဲ ဒိနေ့ တက်တဲ့(၁၆)ဦး  အပြင်    ထပ် တက်မဲ့ ကော်မတီဝင်  ရှိလာရင်လဲသဘာပတိက  ရှင်းပြပြီး  မဲခွဲဖို့  သဘာပတိကလွဲလို့ တခြားသူများကတော့
နောက်တနေ့   အစည်းအဝေးမှာထပ်မဆွေးနွေး ဖို့  ဆုံးဖြတ် ပါတယ်..။နောက်တနေ့   အစည်းအဝေး အတွက်လုပ်ငန်း လမ်းညွှန် သဘော
ပေါ့..။နောက်တနေ့ မှာတော့  ကော်မတီဝင်  ၁၆ဦး အပြင်ထပ်မလာပါ…။ဒါကြောင့် သဘာပတိက မဲခွဲ ဖို့လုပ်တော့  ဦးဖေမြင့်က  သူ့စာတမ်းကို  ထပ်မံရှင်းလင်းပြန်ပါတယ်..။ဒါကိုတော့  ကျနော်က တားပါတယ်..။
မနေ့က  သဘောတူပြီးသား အတိုင်းပဲ သဘာပတိက ဆောင်ရွက်ပါ..။ဒီမိုကရေစီ  ဆိုတာ လွတ်လပ်ခွင့် ရှိတယ်ဆိုပေမယ့်  စည်းကမ်းတော့  ရှိရပါတယ် လို့ ပြောရပါတယ်..။ဦးဖေမြင့် ကလည်း  ထပ်ပြီး တင်ပြပြန်ပါတယ်..။ဆရာကြီးက  သြဇာအား  သုံးပြီး   အစည်းအဝေးကိုချုပ်ကိုင်နေပါတယ်လို့  စွပ်စွဲပါတော့တယ်..။ဒီတော့မှ  သဘောထားက  ပွင့်ကျသွားတာပါ..။ကျနော်  ဘာမျှမပြောတော့ပါ..။သဘာပတိ  ဦးသန်းထွန်းကဦးဖေမြင့်ကို ထပ်မံ  မဆွေးနွေးဖို့  မေတ္တာရပ်ခံပြီး   မဲခွဲပါတယ်..။
ကော်မတီဖွဲ့ စည်းရေး ဘက်က (၆)မဲ…။မဖွဲ့ ရေး  ဘက်က(၁၀)မဲ။ကြားနေ မရှိပဲ  အစည်းအဝေးပြီးပါတယ်..။ဒါဟာ  ဦးအောင်ကြီး အရေးအခင်းတုံးက  ဒေါ်အောင်ဆန်းစုကြည်  ပြောသလို..“ညီညွတ်ရေးရဲ့  ဆုံးရှုံးမှု  ရယ်လို့   မဟုတ်ပါဘူး..။ဒီမိုကရေစီသဘောတရားရဲ့   အောင်မြင်ခြင်းပဲလို့ဘဲကျမတော့  မှတ်ထားပါတယ်” ဆိုတဲ့အတိုင်းပါဘဲ..။ဒီမိုကရေစီ အလေ့အကျင့် တခု  ရတယ်လို့  ပဲကျနော် ယူဆလိုက်ပါတယ်..။    ။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts