ခေတ်ပြိုင်အတွေ့အကြုံ

မြန်မာ့အမျိုးသားဘောလုံးအသင်း ၂၀၁၃ နဲ့ ဒို့အမျိုးတွေရဲ့ စိတ်ထား (Zarnygyi)


မြန်မာ့အမျိုးသားဘောလုံးအသင်း ၂၀၁၃ နဲ့ ဒို့အမျိုးတွေရဲ့ စိတ်ထား
ဇာနည်ကြီး၊ ဒီဇင်ဘာ ၁၈၊ ၂၀၁၃
 

များစွာသော ဝမ်းနည်း စိတ်မကောင်းခြင်းနဲ့  မြန်မာ့ဘောလုံးအသင်းအကြောင်း ရေးပါရစေ။ ဘောလုံးအဖွဲ့ချုပ်ဦးဇော်ဇော်က ငိုကြွေးနေတဲ့မြန်မာ့ဘော်လုံးပရိတ်သတ်တစ်ဦးကို နှစ်သိမ့်နေတာတွေ။ ဖေ့ဘုတ်ထဲက ထောင်ပေါင်းများစွာသော ကွန်မင့်များကိုဖတ်ပြီး တကယ်ဝမ်းနည်းရပါတယ်။ မိတ်ဆွေတစ်ဦးက နှစ်သိမ့်စာလေး ရေးစေချင်ပါတယ်။ တတ်နိုင်ရင် တစ်နိုင်ငံလုံးစိတ်မကောင်း ဖြစ်နေတာကို ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုးက နှစ်သိမ့်၊ မေတ္တာပေးနိုင်စွမ်းရှိတယ်မဟုတ်လား။ ခရစ်ယာန်ကျမ်းစာမှာ “ဘုရားသခင်တယ် သူတို့မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန်သေဘေးမရှိရ၊ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကာ၊ ရှေးကဖြစ်ဘူးသော အရာတို့သည် ရွေ့သွားကြပြီ”  ဟု သမ္မာကျမ်းစာအဆုံးတွင် ရေးထားပါတယ်။ 

ယခု ဘောလုံးပွဲလည်း နှစ်ပေါင်း ၄၄နှစ်ကြာပြီးမှ အိမ်ရှင်အဖြစ် ဒေါ်လာသန်း၄၀၀ကျော် အကုန်ကျခံပြီး၊ မြန်မာ့ဂုဏ်ဆောင် အိမ်ရှင်အဖြစ်ကျင်းပခဲ့ပါတယ်။ ဒီပွဲမှာ အထိနာဆုံးအချက်က မြန်မာများအသဲစွဲ အမျိုးသားဘောလုံးပြိုင်ပွဲ ၂ပွဲနိုင်၊ တစ်ပွဲသရေးနဲ့ အခြေအနေကောင်းနေစဉ် နောက်ဆုံးပွဲမှာ အင်ဒိုနီးရှားက တစ်ဂိုး၊ သုညဖြင့်နိုင်သွားခြင်းပါ။  မြန်မာဘော်လုံးသမားလေးများ အစွမ်းကုန်ကြိုးစား၊ အသေအလဲကြိုးစားကြသော်လည်း မရတော့ရှာပါ။ ပွဲပြီးချိန် မြန်မာဘောလုံးသမာလေးများ လဲကျ၊ ကြေကွဲသွားကြသလို၊ လာရောက်ကြည့်ရှုသော ပရိတ်သတ် (၅)သောင်းကလည်း မကျေမနပ်၊ ဒေါသများထက် ကျေကွဲဝမ်းနည်း၊ ကျိတ်မနိုင်၊ အခဲမကြေ၊ မြန်မာနည်းပြဖြစ်သူ ကိုးရီးယားလူမျိုး …. Park Seong-Hwa အား အပြစ်တင်ကြပါတယ်။  ပင်နယ်တီပေးတဲ့ ဗီယက်နမ်၊ ဒိုင်လူကြီးကို ဘက်လိုက်တယ် လို့ ပြောကြပါတယ်။ ဘာဖြစ်လို့ တိုက်စစ်မှုးရဲ့ခြေထောက်ကို မြန်မာဂိုးသမားက ဆွဲလိုက်ရသလဲ ဆိုတာလဲ မေးခွန်းကောင်းတစ်ခုပါ။ စိတ်ပျက်လက်ပျက်  ဖြစ်သွားသူများကတော့ နောက်ဆို မြန်မာပွဲကိုလာမကြည့်တော့ဘူး..ဆိုတဲ့ ကွန်မင့်များစွာကို တွေ့ရပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA မှ လစဉ်၊ နှစ်စဉ် ဘော်လုံးအဆင့်သတ်မှတ်မှုမှာ ၂၀၁၃ အတွက် စပိန်၊ ဂျာမဏီ၊ အာဂျင်တီးနား၊ ကိုလံဘီယာ၊ ပေါ်တူဂီ တို့ကို ထိပ်ဆုံး သတ်မှတ်ထားပါတယ်။ ကမ္ဘာ့ဖလား၅ကြိမ်ရဘူးတဲ့ ဘရားဇီး အဆင့် ၁၀ သို့ ကျဆင်းသွားပါတယ်။ အရှေ့တောင်အာရှအဆင့်ကို ကြည့်ရင် ဖိလစ်ပိုင်(၁၃၃)၊  မြန်မာ(၁၄၀)၊ ထိုင်း(၁၄၂)၊ စင်ကာပူ(၁၅၄)၊ မလေးရှား(၁၅၈)၊ ဗီယက်နမ်(၁၅၈)၊ အင်ဒိုနီးရှား(၁၆၂)၊ လာအို(၁၆၃)၊ နောက်ပိုင်းရောက်နေသူ အဆင့်(၂၀၇)အထိ ကျွန်းနိုင်ငံလေးများဖြစ်ပါတယ်။ ထိပ်ဆုံးအဆင့်ရှိသူ ဖိလစ်ပိုင်အသင်း မပြိုင်တာကြောင့်၊ မြန်မာအသင်း ဒီအရှေ့တောင်အာရှဘောလုံးပွဲမှာ FIFA အဆင့် ထိပ်ဆုံးရောက်နေပါတယ်။ ထိုင်းနှင့်မြန်မာ အုပ်စုပွဲတွင် တစ်ဂိုးစီ သရေ ကစားချိန် မြန်မာက ခြေအသာကစားပါတယ်။  မြန်မာပရိတ်သတ်က အထူးချီးကျူး၊ လေးစား၊ အားရကြပါတယ်။ ရွှေတံဆိပ်ရရန် ပိုပြီးမျှော်လင့်လာပါတယ်။ ထိုင်းကို ၄း၁ ဖြင့် အရှုံးကြီးရှုံးထားသော အင်ဒိုနီးရှားကို သရေကျလျှင်ပင် မြန်မာအသင်း ဆီးမီးဖိုင်နယ်တက်မယ်လို့ သေချာပေါက် မှန်းထားကြပါတယ်။ တကယ်ကစားတဲ့အခါ ပထမပိုင်း ၃၂မိနစ်မှာ ပင်နယ်တီ တစ်ဂိုးပေးခံရပါတယ်။ ဒုတိယပိုင်း အသေအလဲ၊တိုက်စစ်ကစားပေမဲ့ အင်ဒိုနီးရှားဂိုးသမားကိုပင် မခြိမ်းခြောက်နိုင်လောက်တဲ့အထိ ညံ့ဖျင်းခဲ့ပါတယ်။ ဂိုးမရှိ သရေကန်မယ် ဆုံးဖြတ်ထားပုံရသော မြန်မာနည်းပြ လူပွဲထုတ်မှုကို အကြီးကျယ်အပြစ်တင်ကြပါတယ်။ ပရိတ်သတ်(၅)သောင်းကို ရဲလုံခြုံရေးများစွာနဲ့ ထိန်သိမ်းနိုင်ပေမဲ့၊  ပွဲတွင်းခဲနှင့်ပစ်ပေါက်မှုအနည်းငယ်၊ ပွဲပြီး အင်္ကျီများမီးရှို့မှုတစ်ခု၊ ရန်ကုန် သုဝဏ္ဍဘော်လုံးကွင်းထိုင်ခုန်အနည်းငယ် ပျက်စီးမှုတွေနဲ့ ပြီးဆုံးသွားပါတယ်။ မြန်မာဘောလုံးအသင်း အုပ်ချုပ်သူနှင့် ပွဲကြည့်ပရိတ်သတ်များ၊ မီဒီယာများကလည်း ဝမ်းနည်းရုံမှအပ၊ ကျော်မကောင်း ကြားမကောင်းတဲ့ ဖြစ်ရပ်ကြီးများ မဖြစ်ပါ။ ထိုအတွက် မြန်မာများ စိတ်နေစိတ်ထား တိုးတက်၊ စိတ်ရှည်၊ ထိမ်းချုပ်လာနိုင်ပြီဟု သုံးသပ်မိပါတယ်။

ဘောလုံးပွဲ ဆူပူရမ်းကားမှုများမှာ ကမ္ဘာ့ဘိုးအေ အင်္ဂလိပ်ပရိတ်သတ် ဆိုးသွမ်းပုံ နာမည်ကျော်ပါတယ်။ အင်္ဂလန်တွင် ကျောင်းသားတက်၊ အလုပ်သွားလုပ်သူ အာရှတိုက်သားများ ဘောလုံးဝါသနာပါရင်ပင် အိမ်မှာပဲ တီဗွီဖြင့်ကြည့်ပါတယ်။ ငါတို့က အာရှတိုက်သား ပုပုသေးသေးတွေ၊ ဘောလုံးတွေမှာ ကြမ်းရမ်းတဲ့ ဥရောပလူဖြူ၊ လူမည်းပရိသတ်တွေကြား ကန်ကျောက်၊ထိုးကြိတ်ခံရမှာစိုးလို့ သွားမကြည့်ပါဘူး..လို့ Premier League ဝါသနာအိုး၊ လန်ဒန်ပညာတော်သင် မိတ်ဆွေတစ်ဦးက ပြောပြပါတယ်။ ရဲ၊လုံခြုံရေး အမြောက်အများ စောင့်ကြပ်ကစားရပါတယ်။

မြန်မာအသင်း တစ်ခါက ကမ္ဘာ့အိုလပစ်ပြိုင်ပွဲအထိ ဝင်နွဲနိုင်ခဲ့ပြီး၊ အာရှမှာ ကိုးရီးယားနဲ့ သူနိုင်၊ ကိုယ်နိုင် ပြိုင်ခဲ့ဖူးပါတယ်။ ၁၉၇၀ နောက်ပိုင်း စစ်အာဏာရှင်စနစ်နှင့်အတူ၊ မြန်မာ့စီးပွားရေးကျဆင်းလာပြီး၊ ဘက်စုံကျဆင်းသွားပြီး၊ လာအိုနိုင်ငံကိုပင် ရှုံးရသည့်အခြေအနေ ရောက်ခဲ့ဖူးပါတယ်။

 မှတ်မှတ်ရရ ဗိုလ်လုပွဲ တစ်ခါတက်ဖူးပါသေးတယ်။ ၁၉၉၃ အရှေ့တောင်အာရှ၊ ဘောလုံးဗိုလ်လုပွဲ စင်ကာပူတွင်ကျင်းပစဉ် ပွဲပြီးခါနီးအထိ မြန်မာအသင်းက ထိုင်းနိုင်ငံကို ၃း၂ ဖြင့်အနိုင်ကစားနေခဲ့ပါတယ်။ နောက်ပိုင်း ပင်နယ်တီပေးခံလိုက်ရပြီး မြန်မာဂိုးသမားအောင်ကျော်ကျော်နှင့် အသင်းသားများ ပင်နယ်တီမပေးရန် ကန့်ကွက်၊ ဒေါသ၊ ဒေါသဖြင့်တုံပြန်သောအခါ ဒိုင်လူကြီးက ဂိုးသမားရော၊ အားလုံး(၃)ယောက် အနီကဒ်ပြပြီး ထုတ်လိုက်ပါတယ်။ တသင်းလုံး ဒေါသထွက်ကာ ဆက်မကန်ပဲ ထွက်လာပါတယ်၊ နောက်ဆုံးလူကြီးများက ချော့မော့ပြီး၊ ပြီးအောင်ကစားခိုင်းခဲ့ပါတယ်။ ထိုင်းအသင်း ပင်နယ်တီကန်သွင်းပြီး ၃ဂိုးစီ သရေဖြစ်သွားပါတယ်။ ထိုင်းအသင်းက အချိန်ပိုမှာ ၂ဂိုးဆက်သွင်းပြီး ဗိုလ်စွဲသွားခဲ့ပါတယ်။
အဲဒီပွဲမှာ မြန်မာဘောလုံးသမားများနဲ့ ပရိတ်သတ်များ ဒေါသပေါက်ကွဲကြပုံများ စင်ကာပူတီဗွီတွင် ခဏခဏပြသပေးခဲ့ပါတယ်။ 

အလွန်များပြားလှစွာသော စင်ကာပူရဲများကြောင့် ဘောပွဲရှုံးပြီး ပြန်လာသည့် ကျွန်ုပ်အပါအဝင် မြန်မာပရိတ်သတ်ကြီးမှာ ဘောလုံးကွင်းအထွက်တွင် ရှိသော အမှိုက်ပုံးကိုပဲ တဖုန်းဖုန်း ပိတ်ကန်နေရပါတယ်။ ရဲအထီးများက ကြည့်နေကြပါတယ်။ မဖမ်းပါ။ ရဲမေတစ်ဦးက တဖုန်းဖုန်းကန်နေတာကို စိတ်တိုလာပြီး လူကောင်းသေးညှက်တဲ့ မြန်မာတစ်ဦး အမှိုက်တောင်းကို ဖုန်းကနဲကန်လိုက်ချိန် အင်္ကျီကိုဆွဲပြီး ဖမ်းသွားပါတယ်။ မြန်မာလူဖလံလေးကလည်း သူ့အလှည့်ကျမှ အဖမ်းခံလိုက်တော့ မရုန်ကန်တော့ပဲ၊ ပါသွားပါတယ်။ မြန်မာလူအုပ်ကြီးက ဟေ့ကောင်.. ရုန်းပြီးပြေး၊ ပြေးပါလားကွ ..ဟု အော်ဟစ်ပြောမှ သတိရလာပြီး အတင်းရုန်ကန်ပါတယ်။ ဖမ်းဆွဲထားတဲ့ ရဲမေက ရဲအထီး ၁၀ယောက်ခန့်ကို လှမ်းခေါ်သော်လည်း ရဲမေကိုလာမကူကြပါ။ နောက်ဆုံး လူအုပ်ကြီးလည်း အဖမ်းခံရတဲ့ မြန်မာလူဖလံလေးကို ဝိုင်းဆွဲပြီး၊ လွတ်သွားပါတယ်။ လူဖလံလေးကိုလဲ ပြေး၊ ပြေး ဟုပြောရပါတယ်။ 

အဲဒီပွဲအပြီး မြန်မာဘောလုံးအသင်း မြန်မာပြည်ပြန်သွားပြီး ပိုဆိုးသည့်သတင်းထွက်လာပါတယ်။ မြန်မာ့လက်ရွေးစင် ဂိုးသမားအောင်ကျော်ကျော် ခမြာ ပိုပြီးဒေါသဖြစ်နေသော မြန်မာအာဏာပိုင်များ (စစ်အာဏာရှင်များ) ၏ ရာသက်ပန် ထုတ်ပယ်ခြင်းကို ခံလိုက်ခဲ့ရပါတယ်။

ယခု ဘောလုံးပွဲ အုပ်စုအဆင့်မှ ထွက်ရခြင်းဟာ၊ မြန်မာအာဏာပိုင်များ၏ တွန်းအားပေးချက်များ၊ စွတ်ဖက်မှုများ မပါဟု မျှော်လင့်ပါပါတယ်။ အတိကျတော့ မသိနိုင်သော်လည်း၊ ကိုးရီးယားနည်းပြဆရာ (မန်နေဂျာ) တာဝန်အရှိဆုံးဖြစ်ပါတယ်။ ထုံးစံအတိုင်ဆိုလျှင် အသင်းရှုံးလျှင် မန်နေဂျာက နှုတ်ထွက်သွာလေ့ရှိပါတယ်။ မိမိကြောင့်ဖြစ်တယ်ဟု တာဝန်ခံစိတ်ဓါတ်ဖြစ်ပါတယ်။ AFP သတင်းအရ ယခုပွဲအပြီးတွင် ကိုးရီးယားနည်းပြ Park Seong-Hwa အား မြန်မာဘော်လုံးအဖွဲ့ချုပ်မှ အလုပ်ဖြုတ်လိုက်တယ်..လို့ ဆိုပါတယ်။  Park က ဘောလုံးပွဲရှုံးရခြင်းအတွက် မြန်မာနိုင်ငံသားများအား တောင်းပန်ပါတယ်..လို့  Eleven Media ကိုပြောကြားခဲ့ပါတယ်။ ဘောလုံးသမားများကို အပြစ်ဒဏ်ပေးခြင်းမှာ လုံးဝမဖြစ်သင့်ပါ။ အိမ်ရှင်အသင်း အုပ်စုပွဲမှ ရှုံးပြီး၊ ထွက်ရခြင်းမှာ မဖြစ်သင့်သော်လည်း ဖြစ်နေချေပြီ။

ဂျပန်များဟာ အနုမြူဗုံး၂လုံး ကြဲခံရပြီး၊ ခွက်ခွက်လန် စစ်ရှုံးသွားမှ ‘ဂျပန်ဒေါသ’ ချုပ်ငြိမ်းသွားပါတယ်။ အခု မြန်မာများလည်း အရာရာတွင် အရှေ့တောင်အာရှမက၊ ကမ္ဘာဘိတ်ဆုံး ရောက်နေချိန်၊ မြန်မာပတ်စပို့ဆို ဇီးရွက်လောက် မျက်နှာငယ်ရချိန်… ‘ မြန်မာများ ဒေါသချုပ်ထိန်းဖို့ရာ လူကြီးများက စံနမူနာပြမှ’ ဖြစ်ပါမည်။ တောင်ကိုးရီးယားနိုင်ငံလဲ စစ်ဘေးဒဏ်များမှ ကမ္ဘာ့ထိပ်တန်းသို့ တက်လာရပါတယ်။

 မြန်မာလူမျိုးများ အောက်ကျနောက်ကျဖြစ်ပြီး  ‘ငါ့မျက်ရည် ..ငါ့စားစရာဖြစ်ရသည်’  …ဆိုစကားအတိုင်း မျက်ရည်များစွာကျခဲ့ရပါတယ်။ ယခု ပြုပြင်ပြောင်းလဲမှုမှာ မြန်မာ့ဘောလုံးအသင်းကို ဒေသဆိုင်ရာ ထိပ်တန်းသို့ရောက်အောင် ငွေကုန်ခံ၊ ပြုစု၊ မြှင့်တင်ပေးခဲ့ပါတယ်။ မမျှော်လင့်ပါပဲ မိမိတို့လောက်အဆင့်မရှိတဲ့ အင်ဒိုနီးရှားအသင်းက အနိုင်ကစားပြပြီး၊ အိမ်ရှင်မြန်မာအသင်း ရှက်ဖွယ်လိလိ အုပ်စုမှထွက်ရလေတော့တယ်။ လူငယ် ပွဲကြည့်ပရိတ်သတ်များ ဒေါသထွက်၊ ဆူပူကြတာကို ခွင့်လွှတ်သော်လည်း လူကြီးများအဖို့ ဒေါသမျက်ရည်များမှ ….  သင်ခန်းစာယူစရာများရှိမှာပါ။
 

 မြန်မာဘော်လုံးအသင်း တိုးတက်လာတာကိုတော့ မငြင်းနိုင်ပါ။ နောက်တစ်ခါ အိမ်ရှင်ဘယ်တော့လုပ်ဖြစ်မယ်မသိ၊ ယခုပွဲမှာတော့  လှေလှော်ရင်း တက်ကျိုးလေပြီ။ တစ်နိုင်ငံလုံး ဝမ်းနည်းရလေပြီ။ အရှေ့တောင်အာရှပွဲတိုင်းမှာ အိမ်ရှင်ဘောလုံးအသင်း၊ အုပ်စုအဆင့်မှ ထွက်ရခြင်းက အခံရခက်ပါတယ်။ နောက်ပွဲတွေ လူလာကြည့်ပါ့မလားလို့ စပွန်စာကုမ္ပဏီများက စိုးရိမ်နေပါတယ်။ မည်သို့ပင်ဖြစ်စေ မြန်မာအမျိုးသားအသင်း အခြေမလှသော်လည်း မြန်မာအမျိုးသမီးအသင်း ဗိုလ်စွဲ၊ ရွှေတံဆိပ်ရလျှင်တော့ စိတ်ဖြေစရာ၊ ” မြန်မာနိုင်ပြီ၊ ဒို့မြန်မာနိုင်မည် ”  သီချင်းသံလေးတော့ ကြားရမည်ဟု မျှော်လင့်နေဆဲဖြစ်ပါတယ်။  


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts