မှတ်စုမှတ်တမ်း

ဗျာဒိတ်တော်ခံ၊ ဖွား ပွင့် စံ (U Ohn Kyaw)

ဗျာဒိတ်တော်ခံ၊ ဖွား ပွင့် စံ
ဦးအုန်းကျော်
ဧပြီ ၁၄၊ ၂၀၁၄ 


ဦးလေးရေ .. ဒီမှာ ကျနော်ရထားတဲ့ တံဆိပ်ခေါင်းကလေးတလုံး။ ကြည့်ပါဦး ..
ဟ … သီရိလင်္ကာက တံဆိပ်ခေါင်းကလေးပါလား။ ကဲ မင်းထင်တာ ပြောစမ်းပါဦးကွာ …

အင် ..ဒါဟာ အင်္ဂုလိမာလ မဟုတ်လား …
ဟာ .. သိပ်ဟုတ်တာပေါ့ကွာ ..။ သိပ်မှန်တာပေါ့။ နေပါဦး ..မင်းက ဘာဖြစ်လို့ အင်္ဂုလိမာလလို့ တိတိကျကျ ပြောနိုင်ရတာလဲ …။

ဦးလေးကလဲ ဒါက လွယ်လွယ်လေးဥစ္စာ။ လက်ညှိုးတွေကို ပန်းကုံးလို သီပြီး လည်ပင်းမှာဆွဲထားတယ်။ လက်မှာ ဓားကိုင်ထားတယ်။ အဲ့ဒါ အင်္ဂုလိမာလမဟုတ်လို့ ဘယ်သူဖြစ်ရမလဲ ….။

အေး မှန်တာပေါ့ကွာ။ ငါ့တူကြီးကို ဦးလေးထောက်ပြချင်တဲ့အချက်က အဲ့ဒီလို မှန်မှန်ကန်ကန် ပြောနိုင်တာဟာ ငါ့တူကြီးရဲ့ အသွေးထဲ၊ အသားထဲမှာ ဘယ်တော့မှ ဖျက်မရအောင် စွဲမြဲနေလို့ပဲကွ။ ဟုတ်ရဲ့လား …။ ဦးလေးပြောတာ လက်ခံရဲ့လား …။
ဟုတ်ကဲ့ …

အေးပေါ့ကွ။ အင်္ဂုလိမာလသာမက၊ ဝေသန္တရာဇာတ်တော်ကြီးပုံကိုလဲ ငါ့တူ ဒေါက်ကနဲ ပြောနိုင်မှာပဲ။ သုဝဏ္ဏသာမဇာတ်တော်ကိုလဲ ပြောနိုင်မှာပဲ။ မင်းတို့တတွေ ငယ်ငယ်ကလေးထဲက ဘုန်းကြီးကျောင်းတွေ၊ ဘုရားတွေကိုသွားတဲ့အခါ အဲ့ဒီမှာဆွဲထား၊ ချိတ်ထားတဲ့ ပန်ချီကားတွေ၊ ထုလုပ်ထားတဲ့ အရုပ်တွေ၊ နောက် စာအုပ် စာစောင်တွေမှာ အဖန်ဖန်တလဲလဲ တွေ့ခဲ့ရတဲ့ ပုံတွေ၊ အဲဒါတွေရဲ့ ကျေးဇူးပေါ့ကွ။
ဟုတ်တယ်နော် ဦးလေး …။

အေး ..အခု မင်းတို့ခေတ်မာ ဘာသာရေး စိတ်ဝင်စားမှုတွေရှိဖို့ ပိုပြီး လိုလာပြီကွ။ ဘာသာရေးနဲ့ပတ်သက်တဲ့ သိသင့်သိထိုက်တဲ့အကြောင်း အရာ အချက်အလက်တွေကို ရာသီပွဲတွေ၊ ဘုန်းကြီးကျောင်းတွေ၊ အခါကြီးရက်ကြီးမှာ ဟောပြောကြားနာနေရုံနဲ့ မလုံလောက်တော့ဘူးလို့ ဦးလေးထင်တယ်။ နေ့စဉ်နေ့တိုင်း အမြဲတမ်းလိုလို မြင်နေ ကြားနေပြီး နှလုံးသားထဲအထိ စိမ့်ဝင်နေအောင်လုပ်ဖို့ လိုနေပြီကွ။ ဘာသာရေးနဲ့ ပတ်သက်လာရင် အမြဲတမ်း နိုးကြားနေဖို့ လိုတယ်ကွ နော် …။
ဟုတ်ကဲ့ပါ ဦးလေး …။

အေး … အခု အကြောင်းတိုက်ဆိုင်လာတာမို့ သီရိလင်္ကာ (Sri Lanka) နိုင်ငံကထုတ်တဲ့ တံဆိပ်ခေါင်းတွေကို ငါ့တူကြီးကို ပြရဦးမှာပေါ့။ သီဟိုဋ္ဌ်နိုင်ငံ၊ လင်္ကာဒီပကျွန်းလို့ခေါ်တဲ့ အဲဒီ သီရိလင်္ကာနိုင်ငံဟာ တို့လိုပဲ ထေရ၀ါဒဗုဒ္ဓဘာသာကိုးကွယ်တာ ငါ့တူသိတယ်နော်။ တို့နိုင်ငံနဲ့ ဘာသာရေးမှာ သာသနာရေးမှာ အပြန်အလှန် ဆက်ဆံရေးကောင်းခဲ့တာကွ။ ဘုန်းတော်ကြီးတွေ စာသင်ကြတာ၊ ကျမ်းပြုကြတာ၊ ပေးတာ ကမ်းတာ လှူတာ တန်းတာတွေ အပြန်ပြန် အလှန်လှန် ရှိခဲ့တာ .. ခုထက်ထိဘဲဆိုပါတော့ကွာ။ ဗုဒ္ဓဖွားတော်မူတဲ့ ကဆုန်လပြည့်ရောက်တိုင်း (သူတို့ဆီမှာတော့ သူတို့ရဲ့ပြက္ခဒိန်အရပေါ့ကွာ) ၀ီဆတ်ပွဲတော်၊ ၀ီဆတ်ရက်သတ္တပတ် နှစ်တိုင်းကျင်းပကြတယ်။ အစိုးရကိုယ်တိုင်က ဦးဆောင်ပြီး Wesak (vesak) week ကို ဖွင့်ပွဲကျင်းပပြီးလုပ်တာကွ။ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို တပတ် (၇) ရက် သတ်မှတ်ပြီး ခမ်းခမ်းနားနား ဆင်နွှဲကြတဲ့သဘောပေါ့ကွာ။

wesak (တနည်း vesak) ၀ီဆတ် လို့ခေါ်ရတဲ့အကြောင်းကလဲ တို့ဗမာအခေါ် ၀ိသာခါနက္ခတ်နဲ့ ယှဉ်တွဲပြီးဖြစ်ခဲ့လို့ပဲကွ။ မင်းကြားဖူးမှာပေါ့။ သီချင်းထဲမှာလေ ….။

ဝိသာခါနက္ခတ်နဲ့အညီ၊ ရက်မြတ်တဲ့ ချိန်ခါမှီ xxxx ဘုရားအဖြစ်ကို ဧကန်စင်စစ်ရတော်မူလေသည်xxxx ဆိုတာလေ …။

အဲ့ဒီ ၀ိသာခါနက္ခတ်ကို အစွဲပြုပြီး ၀ီဆတ် (wesak) လို့ခေါ်တာကွ။ အဲဒီ wesak week အထိမ်းအမှတ်အနေနဲ့လဲ တံဆိပ်ခေါင်းထုတ်တယ်ကွ။ ဘာသာရေးနဲ့ဆိုင်တဲ့ အကြောင်းအရာတွေပေါ့ကွာ။ နှစ်တိုင်း နှစ်တိုင်း ထုတ်တာနော်။ ၃ – ၄ လုံး အနည်းဆုံးထုတ်တယ်။ ၁၉၇၆ ခုနှစ်ကစလို့ နှစ်တိုင်းထုတ်လာတာဆိုတော့ တံဆိပ်ခေါင်း ဘယ်လောက်များပြီလဲ .. ငါ့တူ တွက်သာကြည့်ပေတော့ …။
ကျနော်တို့ထက် အများကြီးသာနေတာပေါ့နော် …။

အေးပေါ့ကွ။ တို့က တခြားဘာသာရေးပွဲလမ်းတွေ၊ အခါတော်နေ့ကြီးတွေ၊ လှူပုံ တန်းပုံတွေမှာ သာပေမယ့် တံဆိပ်ခေါင်းထုတ်တဲ့ နေရာမှာတော့ သူတို့ကို မမှီဘူးကွ။
ယိုးဒယားကိုလည်း မမှီဘူး မဟုတ်လား ဦးလေးရဲ့ …။

ယိုးဒယားနဲ့လည်း အပြတ်အသတ်ပေါ့ကွာ။ အဲ့ဒီ ကဆုန်လပြည့်နေ့ဟာ ဗျာဒိတ်တော်ခံ၊ ဖွား ပွင့် စံ ဆိုတဲ့အတိုင်း တို့ဘုရားရဲ့ ဗုဒ္ဓ၀င်ဖြစ်စဉ် တွေထဲမှာ ဗျာဒိတ်တော်ခံရတဲ့နေ့။ ဖွားတော်မူတဲ့နေ့။ ဘုရားအဖြစ်ကိုရောက်တဲ့နေ့။ ပရိနိဗ္ဗာန်ပြုတဲ့နေ့။ အဲဒီ ၄ ရက်ဟာ ကဆုန်လပြည့်နေ့တွေ ဖြစ်တယ်တဲ့ကွ …။
ဒါနဲ့ ဗျာဒိတ်တော်ခံဆိုတာက ?

ဟာ .. မင်းကလဲ ဒီပင်္ကရာဘုရားက သုမေဓါရသေ့ ဘုရားအလောင်းကို တနေ့ကျရင် သင်ဟာ ဂေါတမဘုရားရှင်ဖြစ်လိမ့်မယ် လို့ ကြိုပြီး ပြောသွားတာကို ဗျာဒိတ်တော်ပေးတယ်လို့ ခေါ်တယ်လေကွာ …။
ဟုတ်သားပဲ ဦးလေးရ။ ကျနော် ပြန်မှတ်မိပါပြီ …။

ရွှေတိုင်ညွှန့်စပ်ခဲ့တဲ့ သုမေဓါရှင်ရသေ့ သီချင်းထဲမှာ ရွှေတိုင်ညွှန့်ဆိုတာ အခုမင်းတို့အကြိုက် ဇော်ဝင်းထွဋ်ရဲ့အဘိုးပေါ့။
xxx ယနေ့ဖြင့် အသက်ကိုစွန့်မဟဲ့လို့ xxx
xxx ဗွက်ရွှံ့နွံရေအိုင်ခြား၊ အားကုန်ကြံဆောင်ကာ xxx
xxx အလျားမှောက်ကာ၊ တံတားလျှောက်ပါ xxx
xxx အားမြောက်စရာ၊ ဘုရားလျှောက်နေရှာ xxxx အဲဒီလိုရေးထားသကွ။
အဲဒီကဆုန်လပြည့်နေ့နဲ့ ၀ီဆတ်အထိမ်းအမှတ်အနေနဲ့ ဒီအင်္ဂုလိမာလတံဆိပ်ခေါင်းကို ထုတ်တာလားဟင် …

ဟုတ်တယ်ကွ။ ဦးလေးမှာ ရှိတဲ့ တခြားဟာတွေလဲ မင်းကိုပြပါမယ်ကွာ။ မင်းအခုပြတဲ့ အင်္ဂုလိမာလပုံနဲ့တံဆိပ်ခေါင်းက ၁၉၉၃ မှာထုတ်တာ။ အဲဒီနှစ်မှာပဲ ပဋာစာရီဇာတ်လမ်းကိုလဲ ထုတ်သေးတယ်။ ဟောဒီမှာကြည့် ….

၁၉၉၃ အင်္ဂုလိမာလ
၁၉၉၃ ပဋာစာရီ


ပဋာစာရီဆိုတာ မပဋာ – ကိုဒါသ ဇာတ်လမ်းလားဟင် ….
အေးဟုတ်တာပေါ့ကွ။ မင်း မဆိုးဘူး …

ယောင်္ကျားကို မြွေပေါက်၊ သားတယောက်ရေနစ်သေ၊ သားတယောကို စွန်ချီ၊ မိဘ ၂ ပါးနဲ့ မောင်က မုန်တိုင်းတိုက် အိမ်ပြိုပြီးသေ၊ အဲ့ဒီဒုက္ခတွေကြောင့် ရူးသွားတဲ့မပဋာက ဘုရားနဲ့တွေ့တော့ စိတ်ချမ်းသာရာရပြီး အရူးပျောက်ပြီး သီလရင်ဝတ်တဲ့ ဇာတ်လမ်း ကျနော်မှတ်မိပါတယ် ဦးလေးရ။ အင်း တကယ်တမ်းပြောရရင် အဲဒါလဲ ဘုန်းကြီးကျောင်းတွေက ပန်းချီကားတွေကြည့်ရင်းနဲ့ ကျနော်မှတ်မိ နေတာပါပဲ။

ကဲ .. ကဲ တခြားနှစ်တွေက ထုတ်တာကိုလဲ ကြည့်ပါဦး …။

(၁၉၇၆) မယ်တော်မာယာ အိပ်မက်မြင်ခန်း

 

(၁၉၇၈) ဆံတော်ပယ်ခန်း

 

(၁၉၈၂) တောထွက်ခန်း

 

(၁၉၈၉) ဝေသန္တရာဇာတ်တော်

 

(၁၉၉၂) သုဝဏ္ဏသာမဇာတ်တော်

 

(၂၀၀၂) ဖွားတော်မူခန်း

 

(၂၀၀၂) လေးအတတ်ပြတော်မူခန်း
(၂၀၁၃) မိဘကန်တော့၊ ဆွမ်းလောင်း

 

(၂၀၀၅) တရား ရှုမှတ်နေကြပုံ

 

(၂၀၀၉) တရားရှုမှတ်နေကြပုံ

 

(၂၀၁၀) စေတီပုထိုး

 

Wesak week ဆင်နွှဲနေပုံ

 

ဒါတွေအားလုံးဟာ ကဆုန်လပြည့် ဗုဒ္ဓနေ့အထိမ်းအမှတ်အနေနဲ့ နှစ်တိုင်းထုတ်ခဲ့ကြတာတွေကွ။
ကျနော်တို့ဆီမှာလည်း ထုတ်သင့်တာပေါ့နော် …

အေးပေါ့ကွ ..။ နှစ်တိုင်းထုတ်သင့်တာပေါ့။ ဘာသာရေးအသိ၊ ဘာသာရေးအမြင် ကျယ်ပြန့်အောင် ဘက်ပေါင်းစုံက လုပ်ကြဖို့လိုတယ်ကွ။ စွဲစွဲမြဲမြဲ ရိုးတွင်းချင်ဆီထဲအထိ စိမ့်ဝင်နေအောင် ဒီထက်ပိုပြီး လုပ်ကြဖို့ လိုနေပြီကွ။ ဘုန်းတော်ကြီးတွေ ဟောတာလဲ ဟောတာပေါ့ကွာ။ လူကြီးတွေ ပြောတာလဲ ပြောတာပေါ့ကွာ။ မင်းတို့ လူငယ်အချင်းချင်းက တပ်လှန့်ပြီး လုပ်ဖို့လဲ လိုနေပြီကွ။
ဟုတ်ကဲပါ ဦးလေး …

ပန်းချီဆရာကြီး ဦးဘကြည် (၁၉၁၂ – ၂၀၀၀) ၏ အင်္ဂုလိမာလ



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts