ရသဆောင်းပါးစုံ ဇော်အောင် (မုံရွာ) ဖြစ်ရပ်များ၊ အမှတ်တရများ

ဆရာမကြီး လူထုဒေါ်အမာ၊ မောရစ်ကောလစ်၊ ချင်းတွင်းမှ ပင်လယ်သို့

ဆရာမကြီး လူထုဒေါ်အမာ၊ မောရစ်ကောလစ်၊ ချင်းတွင်းမှ ပင်လယ်သို့

ဇော်အောင် (မုံရွာ)၊ ဧပြီ ၁၄၊ ၂၀၁၃

လူထုဒေါ်အမာရေးတဲ့ ချင်းတွင်းမှပင်လယ်သို့ စာအုပ် ၁၉၈၅ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။ ၂၀၀၂မှာ ထပ်မံထုတ်ဝေခဲ့ပါတယ်။

မောရစ်ကောလစ် နဲ့ လူထုဒေါ်အမာ တစ်သားထဲဖြစ်ခဲ့ပါတယ်။ မောရစ်ကောလစ်ဟာ မြိတ်မှာ၂နှစ်ခွဲတာဝန်ထမ်းဆောင်ပြီး၊ ခွင့်ရက်ရှည် အင်္ဂလန်ပြန်ချိန်မှာ Samuel White စာအုပ်ကို ရေးသားထုတ်ဝေရင်း၊ အောင်မြင်ခဲ့တာကြောင့် ပြန်မလာတော့ပဲ အလုပ်ကထွက်ပါတယ်။ စာရေးဆရာဘ၀ကို ခြေစုံပစ်ဝင်ခဲ့ပါတယ်။ နောက် ဒုတိယစာအုပ် Trial was a Queen, တတိယစာအုပ်ကတော့ မြန်မာပြည်ကို အမှတ်တရ Trials in Burma စာအုပ်ဖြစ်ပါတယ်။

လူထုဒေါ်အမာ အသက်၂၃နှစ်အရွယ်မှာ ဘာသာပြန်ပြီး လုံးချင်းစာအုပ်ထုတ်ခဲ့တာ၊ တခဏတွင်းမှာ တတိယအကြိမ်အထိ ထုတ်ဝေနိုင်ခဲ့ပါတယ်။ ‘မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ’ စာအုပ်ကို တတိယအကြိမ်ထုတ်မှာ “Trial of Burma (Myanmar)” လို့ ထိုစဉ်က စာပေစီစစ်ရေးက Myanmar စာလုံးကို သုံးခိုင်းပါတယ်။ လူထုဒေါ်အမာလည်း ဒုတိယ လုံးချင်းစာအုပ်ဟာ မောရစ်ကောလစ်ရဲ့ စာအုပ်  စန္တမာလာ ဖြစ်ပါတယ်။  လူထုဒေါ်အမာလည်း နိုင်ငံသိ စာရေးဆရာမဘ၀ကို ရောက်သွားပါတယ်။

လူထုဒေါ်အမာရဲ့ ခင်ပွန်း လူထုဦးလှ မြန်မာသတင်းစာဆရာများနဲ့ အင်္ဂလန်သွားတဲ့ ၁၉၅၈ခုနှစ်မှာ ဆရာမကြီးလူထုဒေါ်အမာက နှုတ်ဆက်လက်ဆောင်၊ မြန်မာလုံချည်တစ်ထည်၊ လွယ်အိတ်တစ်လုံးနဲ့ ရှမ်းဒါးမြောင်ကလေးတစ်ချောင်း ပေးခဲ့ပါတယ်။ ဆရာကြီး မောရစ်ကောလစ်ဟာ လက်ဆောင်များကို ကြည့်ရင်း၊ အခုချိန်ခါမှာ သူ့စာများကို မြန်မာပြည်မှာ ဖတ်ကြသေးသလား… လို့မေးပါတယ်။ ၁၉၃၈ခုနှစ်ကတည်းက မြိတ်မြို့ကို လည်ဖို့အကြံ  အနှစ်၄၀ကျော်မှ လူထုဒေါ်အမာ မြိတ်ကိုရောက်ရှိပြီး၊ မောရစ်ကောလစ် နေထိုင်၊လှုပ်ရှားခဲ့ပုံများကို ခြေရာလိုက်ခံ၊ ကြည့်ရှုခဲ့ကြောင်း … ၁၅မျက်နှာ အမှတ်တရ ရေးခဲ့ပါတယ်။

Trials in Burma စာအုပ်မှာ မြန်မာပြည်အရေးကြီးတဲ့ အမှု၃ခု သူစစ်ဆေးခဲ့တဲ့အကြောင်း တွေပါတယ်။ တစ်မှုက စတီးလ်ဘရားသားမှာ အလုပ်လုပ်ခဲ့တဲ့ မျက်နှာဖြူတစ်ယောက်က သူ့လက်ကြယ်သီးပျောက်လို့တဲ့။ သူ့အစေခံ မြန်မာလူငယ်တစ်ယောက်ကို သူ့အခန်းထဲခေါ်ပြီး စစ်မေးတယ်။ ဒီအစေခံက သူမယူပါဘူး ငြင်းတယ်။ နောက်တော့ အစေခံက စစ်နေတဲ့ အခန်းပြတင်းပေါက်ကနေ အောက်ကိုထိုးကျပြီး သေသွားတယ်။ အခင်းဖြစ်ပွားရာနေရာက ရန်ကုန်မြို့ အလံပြဘုရားလမ်းက၊ စတီးလ်ချန်မာရီ ခေါ်တဲ့ စတီးဘရားသား အမှုထမ်း မျက်နှာဖြူတွေ နေတဲ့ လူပျိုဆောင်၊ သုံးထပ်တိုက်ကြီး၊ ဒီအမှုက မြန်မာနဲ့အင်္ဂလိပ် လူမျိုးရေးဖက်တဲ့ ရာဇ၀တ်မှု။

နောက်တစ်ခုကတော့ ခွဲရေး၊တွဲရေး ခေတ်ကာလမှာ ကလကတ္တားမြို့တော်ဝန်၊ ဆင်ဂုပတား ရန်ကုန်လာပြီး ဟောပြောပွဲတစ်ခု ကြုံလို့ လုပ်သွားတယ်။ အဲဒီ ဟောပြောမှုမှာ ဗြိတိသျှအစိုးရကို အကြည်ညိုပျက်စေတဲ့ ဟောပြောချက်တွေ ပါတယ်ဆိုပြီး၊ ဗြိတိသျှအစိုးရက ဆင်ဂုပတားကို အရေးယူတယ်။ ယူပုံက ကလကတ္တား သွားပြီး၊ မြို့တော်ဝန်ကို ရန်ကုန်ဖမ်းခေါ်လာပြီး အစစ်ခံစေတာပါ။ ဒီအမှုက နိုင်ငံရေးအမှုပါ။

နောက်တစ်မှုကတော့ ရန်ကုန်မှာရှိတဲ့ မျက်နှာဖြူစစ်တပ် ကင်မရွန်းတပ်က စစ်ဗိုလ်ကလးတစ်ယောက် ကလပ်မှာ မူးပြီးကားနဲ့မောင်းအပြန်အလာမှာ အခြားကားကို သူကလမ်းမှားပြီး တိုက်လို့ တခြားကားပေါ်က လူတွေ ဒဏ်ရာပြင်းထန်စွာရတယ်။ စစ်ရေး၊ လူမှုရေး ရောစပ်တဲ့ ရာဇ၀တ်မှုပါ။

ဒီအမှုတွေကို ကိုင်တွယ်ရတော့ မစတာကောလစ်က အင်ပါယာကြီးရှင်နဲ့ ဗြိတိသျှအုပ်စိုးရေး ယန္တယားဟာ တရားဥပဒေနဲ့ အုပ်စိုးတာ၊ ဥပဒေအတိုင်း ဘာမဆိုဖြစ်စေရမယ် ဆိုတာကို ပြသမှ အယူအဆနဲ့ သူက တရားဥပဒေနဲ့အညီ စီရင်ချက်တွေချတယ်။ နို့ပေမဲ့ မြန်မာနိုင်ငံမှာလာပြီး အုပ်စိုးချယ်လှယ်နေတဲ့ ဗြိတိသျှ ဗျူရိုကရက်တွေနဲ့ ဗြိတိသျှကုန်သည်ပိုင်း အရင်းရှင်တွေက ဒီစီရင်ချက်မျိုးကို လက်မခံဘူး။ မှားမှားမှန်မှန် ကိုယ့်လူမျိုးဖက်ကို ငဲ့ပြီး စီရင်ရမယ်လို့ ဆိုတယ်။ ဒါကြောင့် ကောလစ်ကို ၀ိုင်းပြီး အမျက်သိုကြတယ်။…

ဆရာမကြီးလူထုဒေါ်အမာ ရေးသားထားချက်အချို့ ဖြစ်ပါတယ်။

ချင်းတွင်းမှပင်လယ်သို့ .. စာအုပ်မှာ ဆောင်းပါးများတွင်၊ မုံရွာ၊ လက်ပံတောင်းတောင်၊ ဖိုးဝင်းတောင်၊ ချင်းတွင်းမြစ်ခရီး မုံရွာမှမော်လိုက်ထိ ၁၈၃မိုင် မော်တော်ယာဉ်ဖြင့် အစုန်၊ဆန်ခရီး  အလုံ၊ယိုဒေါင်၊ ကနီ၊ ကင်း၊ သင်းတော၊ မောကတော်၊ မင်းကင်း၊ ချောင်းဝ၊ ကလေးဝ၊ မစိန်၊ မော်လိုက် စသည့်မြစ်ကမ်းမြို့များ၊ ၀ါးဖောင်လုပ်ငန်း၊ ၀ါးနှင့်သင်လုပ်ငန်း၊ သစ်မွှေးလုပ်ငန်း၊ ရေနံလုပ်ငန်းစသည်တို့ကို ရေးသားထားပါတယ်။ သစ်မွှေးအကြောင်း ရေးထားတဲ့အခါမှာ ဈေးကောင်းရတဲ့ မြန်မာ့သစ်မွှေးဆိုတာ ခရစ်တော် သခင်ယေရှုမွေးဖွားချိန် ပညာရှိကြီး ၃ပါးလာရောက်ပူဇော်တဲ့ ရွှေ၊ ငွေ၊ လောဗန်၊ မုရန် ဆိုတဲ့ လက်ဆောင်များက မုရန်ဆိုတာ သစ်မွှေးကိုခေါ်ကြောင်း၊ အာရပ်နိုင်ငံများက အလွန်ဈေးကြီးပေးပြီး ၀ယ်ယူကြောင်း ဗဟုသုတရပါတယ်။

သစ်မွှေး

မြန်မာလို အကျော်ဟု ခေါ်ပြီး။ ကျမ်းစာတွင် မုရန်ဟု ခေါ်သည်။ တစ်ကီလိုကို ဒေါ်လာ ၄သောင်းကျော် အာရပ်လူမျိုးများ ၀ယ်ယူသုံးစွဲကြသည်။ စာအုပ် စာမျက်နှာ ၄၀-၄၆ တွင်ရေးထားသည်မှာ ချင်းတွင်းဖြစ် နာမည်ကြီးထွက်ကုန်တခု၊ ၁၉၇၀လောက်က တစ်ပိသာ ကပ်၇၀၀ခန့် ဈေးတက်သွားသည်။ အာရပ်များ ဘာသုံးကြသလဲ လူထုဒေါ်အမာလည်း မသိ၊ အမွှေးအဖြစ် သုံးသည်သာ ကြားရသည်။ မှောင်ခိုသမားများလည် သစ်ပင်ခုတ်လှဲပြီး အလွှာလိုက် လှီးဖြက်ရှာသည်။ ရသူများ ချမ်းသာသွားပြီး၊ မရသူများလည်း ရှိသည်။ သစ်တောသုတေသန အလိုအ၇၊ ပင်စည်ထဲတွင် သစ်စားပိုးတမျိုးဝင်၊ ထိုပိုးအကြွင်းကျန်များ သစ်ပင်တွင်း ကျန်ရစ်ခြင်းဖြစ်သည် ဟုဆိုသည်။ သစ်မွှေးကို လိုချင်သောကြောင့် အကျော်ပင်များကို အရမ်းလှဲခုတ်ကြရာ .. ရသူလဲရ၊ မရသူလဲမရ။ လူထောင်နဲ့ချီပြီး အုပ်စုလိုက် ရှာဖွေပြီး၊ ၀ယ်ခြမ်းသူများက ခနီး၊္တ မြစ်ကြီးနား၊ ဟုမ္မလင်း၊ စသည့်မြို့များတွင် စောင့်ဝယ်သည်။ သစ်မွှေးများကို မုံရွာ၊မန္တလေး နည်းမျိုးစုံ သယ်ယူလာပြီး၊ အိန္နိယသို့ ခိုးထုတ်ရောင်းချကြသည်။ မြန်မာသစ်တောများတွင် ၀င်ရောက်ခုတ်ထစ်သောကြောင့် ပဲခူးရိုးမတိုင်ရောက်နေပြီဟု သိရာသည်။

(၁၉၈၀) လူထုဦးလှက ဟံသာဝတီသတင်းစာတွင် ၁၉၇၃ဇွန်၅ရက်က တောပြုန်တီးတော့မည်ကို ရေးခဲ့သော်လည်း မထူးခြားပါ။ ယခုအခါ သစ်မွှေး၊ ကျွန်းသစ်မက သစ်မာ၊သစ်ပျော့ အားလုံးကုန်လေပြီ။ သစ်မွှေးပင်များကို လွန်ခဲ့သော၁၀နှစ်ကျော်မှ မြန်မာနိုင်ငံ အထူးသဖြင့် ကချင်ပြည်တွင် စိုက်ပျိုးနေကြသည်။ သို့သော် သစ်မွှေးပင်ထဲသို့ ပိုးကောင်အကြွင်းကျန်များမှ အမွှေးနံ့သာကျန်ရစ်ခြင်းဖြစ်သည်ဟု ဆိုသည်။ မည်ကဲ့သို့ ထိုပိုးကောင်ကို မွေးမည်နည်း။

ပင်လယ်ခရီး ထားဝယ်၊ မြိတ် ခရီးစဉ်တွင်လည်း ထားဝယ်သတ္တုလုပ်ငန်း၊ ဓနိနဲ့ထန်း၊ ပလောပီနံ၊ ပုလဲမွေးမြူခြင်း၊ ရာဘာ၊ ငါးပုဇွန်ဖမ်းခြင်း၊ ငါးမန်းဖမ်းခြင်း၊ ငှက်သိုက်လုပ်ငန်း၊ ထိုစဉ် ၁၉၈၀နောက်ပိုင်း မှောင်ခိုကုန်လုပ်ငန်းများ၊  စသည့် စီးပွားလုပ်ငန်းများကို ရေးသားထားပါတယ်။ ထို့အပြင် နာမည်ကျော် မီးဗုံးပျံဦးကျော်ရင်၊ ကနုကမာစီဆရာကြီး ဦးထူးခိုင်၊ ပန်းချီဆရာကြီးဦးငွေကိုင်၊ တို့အကြောင်း၊ အတူသွားလာခဲ့သော ခင်ပွန်းသည်လူထုဦးလှ၊ ဆရာဦးသုခ နှင့် ဒေသခံမိတ်ဆွေများ၊ စာပေ၊ ဓမ္မမိတ်ဆွေများအကြောင်းများ ဗဟုသုတနှင့်ရသ များစွာရရှိပါတယ်။ အလွန်ထူးချွန်သော စာရေးဆရာမကြီးဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးလောကနှင့်စာပေလောကသားများအထုးရိုသေလေးစားကြသော စာရေးဆရာမကြီး လူထုဒေါ်အမာ (၉၃) နှစ်သည် ဒီနေ့ (၇/ဧပြီ/၂၀၀၈)မနက် ၈နာရီ ၃၇မိနစ်၊ မန္တလေးမြို့တွင် လူကြီးရောဂါဖြင့်ကွယ်လွန်သွားပါတယ်။ သူတို့ဇနီးမောင်နှ၏ နိုင်ငံအကျိုးပြု စာပေများကို မန္တလေးမြို့သူ၊မြို့သားများက ပြတိုက်အဖြစ် ထိန်သိမ်းထားမည်ဟု မျှော်လင့်ပါကြောင်း။ဇော်အောင်  ၁၂ ဧပြီ ၂၀၁၃
ကွယ်လွန်ခြင်း ၅နှစ်မြောက်အမှတ်တရ

စာညွှန်း။

၁။ တစ်ချိန်က မြိတ်မြို့ ရေနက်ဆိပ်ကမ်း ၊ မောရစ်ကောလစ် နှင့် ယိုးဒယားဝှိုက်။  စောသက်လင်း
http://www.mingalarpar.org/2011/02/blog-post_05.html


၂။ မြန် မာ့သစ်မွှေးရတနာ  ACMV
http://acmv.org/forum/viewtopic.php?f=38&t=1212

၃။  ပြင်၍ မှားသော အမှားများ ထိန်လင်း
http://moemaka.com/?p=13848


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts