သတင်းဆောင်းပါး အခန်းဆက်များ အောင်ဒင်

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (၁၅)

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၃၉၊ မတ်လ ၂၈ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈/၃၂)

 မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (၁၅)

အောင်ဒင်၊ ဧပြီ ၃၊ ၂၀၁၃

အပိုင်း (၁၅) လွှတ်တော်ကိုယ်စားလှယ်များကို စောင့်ကြည့်လေ့လာခြင်း

လူထု၏ အခွင့်အရေး၊

ပြည်သူလူထုဟာ မိမိတို့ရဲ့ မဲဆန္ဒနယ်မြေကနေ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကို အများဆန္ဒနဲ့ ရွေးချယ်တင်မြှောက်ခွင့်ရှိသလို လူထုရဲ့ ဆန္ဒနဲ့ မကိုက်ညီတဲ့အခါမှာလဲ အဲဒီလွှတ်တော်ကိုယ်စားလှယ်ကို အများဆန္ဒနဲ့ ပြန်လည်ဖြုတ်ချခွင့် ရှိသင့်ပါတယ်၊ ပုံမှန်သက်တမ်းတစ်ခုပြီးတဲ့အထိစောင့်နေဖို့မလိုသင့်ပါ၊ ဒါပေမည့် အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကို ပြည်သူလူထုက ပြန်လည်ခေါ်ယူခွင့် (Recall) ပေးမထားပါ၊ အမေရိကန် ကွန်ဂရက်လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကို သက်ဆိုင်ရာ လွှတ်တော်ရဲ့ သုံးပုံ နှစ်ပုံထောက်ခံမဲနဲ့ပဲ လွှတ်တော်ကသာ ဖယ်ရှားနိုင် (Expulsion) ပါတယ်၊ ဒါကြောင့်အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်အမတ်တစ်ယောက်ဟာ သူကိုယ်တိုင် ရာထူးမှနှုတ်ထွက်တာ၊ သေဆုံးတာ၊ လွှတ်တော်မှ အရေးယူပြီး ဖယ်ရှားခံရတာမဟုတ်ရင် သတ်မှတ်ထားတဲ့ လွှတ်တော်သက်တမ်းအပြည့် တာဝန်ထမ်းဆောင်နိုင်ပါတယ်၊ အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်မှာ အောက်လွှတ်တော်သက်တမ်းက နှစ်နှစ်ဖြစ်ပြီး အထက်လွှတ်တော်သက်တမ်းက ၆ နှစ်ပါ၊

မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ ပုဒ်မ ၃၉၆ အရ လွှတ်တော်ကိုယ်စားလှယ်အား တာဝန်မှ ပြန်လည်ရုတ်သိမ်းခွင့်အာဏာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အပ်နှင်းထားပြီး ပြည်သူလူထုကိုတော့ ရွေးကောက်ပွဲကော်မရှင်ထံ တိုင်တန်းခွင့်ပေးထားပါတယ်၊ ဒီပြဋ္ဌန်းချက်အရ သက်ဆိုင်ရာမဲဆန္ဒနယ်ရဲ့ မူလမဲဆန္ဒရှင်များအနက်မှ အနည်းဆုံး တစ်ရာခိုင်နှုံးက သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်ကို ပြန်လည်ခေါ်ယူဖို့ ရွေးကောက်ပွဲကော်မရှင်ကို တိုင်တန်းရင် ကော်မရှင်က စုံစမ်းစစ်ဆေးပြီး စွပ်စွဲချက်တွေဟာ မှန်ကန်လို့ စွပ်စွဲခံရသူဟာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ရန် မသင့်ကြောင်း သဘောရရှိလျင် ဥပဒေနဲ့အညီ အရေးယူနိုင်တယ်လို့ ဆိုထားပါတယ်၊ တခါ ပုဒ်မ ၄၀၂ အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အဆုံးအဖြတ်ဟာ နောက်ထပ်အယူခံတက်ခွင့်မရှိတော့ပဲ အပြီးအပြတ်အတည်ဖြစ်စေရမည်လို့လဲ အာဏာကုန်ပေးထားပါသေးတယ်၊ ၂၀၁၂ ခုနှစ် မတ်လ ၁၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ “ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေ” မှာလဲ မဲဆန္ဒရှင် တစ်ရာခိုင်နှုံးရဲ့ တိုင်တန်းချက်ကို ကော်မရှင်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၆ (ဂ) (ဃ) (င) များအရ စုံစမ်းစစ်ဆေးအရေးယူရမယ် ဆိုတာကို ပုဒ်မ ၁၀ (ည) မှာ ပြဋ္ဌန်းထားပါတယ်၊ အဲဒီမှာ ကော်မရှင်က ဥပဒေနဲ့အညီ ဆောင်ရွက်ရမှာဖြစ်ပေမည့် လိုအပ်တဲ့ “တာဝန်မှပြန်လည်ရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေ” ကို ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌန်းပေးရမှာပါ၊ ဒီကနေ့အထိတော့ အဲဒီ ဥပဒေကို ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌန်းတာ မတွေ့ရသေးပါ၊

ဘယ်လိုပဲ ဖြစ်ဖြစ် မြန်မာနိုင်ငံက ပြည်သူတွေမှာ လူထုရဲ့ ဆန္ဒသဘောထားနဲ့ မကိုက်ညီတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ဖယ်ရှားနိုင်ဖို့ အခွင့်အရေးတစ်ခုရှိနေတာဟာ ကောင်းမွန်တဲ့အချက်တစ်ခုပါ၊ ဒီအခွင့်အရေးကို မှန်မှန်ကန်ကန်အသုံးချနိုင်ဖို့ပဲလိုပါတယ်၊

လွှတ်တော်ကိုယ်စားလှယ်များကို စောင့်ကြည့်လေ့လာခြင်း၊

ဘယ်လောက်ပဲ ဖြောင့်မတ်မှန်ကန်တဲ့ လူတစ်ယောက်ဖြစ်ပါစေ၊ အာဏာရသွားပြီးတဲ့အခါ ဖောက်ပြန်တတ်တာအစဉ်အလာပါ၊ လူထုအကျိုးစီးပွါးကို အစွမ်းကုန်ဆောင်ရွက်မယ်လို့ ရွေးကောက်ပွဲမဲဆွယ်စဉ်ကာလမှာ ကတိတွေအလွန်အကျွံပေးခဲ့ပြီး ရွေးကောက်ပွဲမှာ အနိုင်ရပြီးတဲ့နောက် ကတိကဝတ်တွေကို အကောင်အထည်ဖော်ဖို့ပျက်ကွက်တဲ့၊ လူထုနဲ့အလှမ်းဝေးပြီး စီးပွါးရေးသမားတွေရဲ့ အိပ်ထဲရောက်သွားတဲ့ နိုင်ငံရေးသမားတွေအများကြီးရှိခဲ့ဘူးပါတယ်၊ ရှိလဲရှိနေပါတယ်၊ ဒီလို လူထုရဲ့ အကျိုးစီးပွါးကို မဆောင်ရွက်နိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တာဝန်မှ ဖယ်ရှားနိုင်ဖို့ ဆိုတာ လူထုကိုယ်တိုင်က လွှတ်တော်ကိုယ်စားလှယ်များကို မျက်ခြေမပြတ်စောင့်ကြပ်လေ့လာနေမှဖြစ်မှာပါ၊

အဲဒီလို လေ့လာရင်းနဲ့ ကောင်းတာ၊ မှန်တာလုပ်ရင် ထောက်ခံဖို့၊ မှားတာ၊ မဟုတ်တာလုပ်ရင် ဝေဘန်ဖို့၊ အမှားတွေများသထက်များလာရင်၊ ကိုယ်ကျင့်တရားပျက်တာတွေအခိုင်အမာတွေ့ရှိလာရင် မဲဆန္ဒရှင် တစ်ရာခိုင်နှုံးကို ရအောင်စည်းရုံးပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တိုင်တန်းသင့်ပါတယ်၊

အဲဒီလို လွှတ်တော်ကိုယ်စားလှယ်တွေကိုလေ့လာစောင့်ကြည့်တာကို မြို့နယ်တိုင်းမှာ လူလေး၊ငါးယောက်လောက်နဲ့ လက်ဘက်ရည်ဆိုင်တစ်ခုကို အခြေပြုပြီး စတင်နိုင်ပါတယ်၊ ရန်ပုံငွေမလိုပါ၊ ဘယ်နိုင်ငံရေးပါတီကမှ ဦးဆောင်ဖို့မလိုပါ၊ ရုံးခန်းမလိုပါ၊ မဲဆန္ဒရှင်ပြည်သူများရဲ့ မိမိတို့ မြို့နယ်က လွှတ်တော်ကိုယ်စားလှယ်နဲ့ပါတ်သက်ပြီး၊ မိမိတို့မြို့နယ်ရဲ့လိုအပ်ချက်တွေနဲ့ပါတ်သက်ပြီး လွတ်လပ်စွာ စုဝေးဆွေးနွေးကြခြင်းပါ၊ နိုင်ငံရေးအပေါ် စိတ်ဝင်စားမှုနဲ့ လွှတ်တော်စံနစ်ပေါ်မျှော်လင့်ချက် ထားတတ်ဖို့တော့လိုပါလိမ့်မယ်၊ အဲဒီလို အစုအဖွဲ့လေးတွေက သက်ဆိုင်ရာမြို့နယ်ရဲ့ လွှတ်တော်ကိုယ်စားလှယ် သုံးယောက်ကို စောင့်ကြည့်လေ့လာရမှာပါ၊ သုံးယောက်ဆိုတာက မြို့နယ်တိုင်းမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ယောက် နဲ့ ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ယောက်စီ ရှိတာမို့ပါ၊

ဘာတွေကို လေ့လာကြမှာလဲ

လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကို လေ့လာသုံးသပ်တဲ့အခါ အောက်ပါအချက်များကို အခြေခံ လေ့လာသုံးသပ်သင့်ပါတယ်၊

(၁)ပစ္စည်းဥစ္စာပိုင်ဆိုင်မှုဟာ အရေးကြီးပါတယ်၊ ချမ်းသာတာအပြစ်မဟုတ်ပါ၊ ဒါပေမည့် တရားမျှတသောနည်းနဲ့ ချမ်းသာဖို့လိုပါတယ်၊ အာဏာပိုင်တွေနဲ့ပေါင်းသင်းလို့ အထူးအခွင့်အရေးတွေရပြီး ပြိုင်သူကင်းစီးပွါးရှာနိုင်သူတွေ၊ ပြည်သူလူထုကို ဆင်းရဲတွင်းထဲနက်အောင် တွန်းပို့ခဲ့ကြသူတွေ ဟာ လွှတ်တော်ကိုယ်စားလှယ်မဖြစ်သင့်ပါ၊ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ရဲ့ လစာဟာ ကျပ် သုံးသိန်း သတ်မှတ်ထားတာမို့ တစ်နှစ်ကို ကျပ် ၃၆သိန်း ရပါလိမ့်မယ်၊ ခရီးစားရိတ်နဲ့ အစည်းအဝေးစားရိတ်တွေပေါင်းရင် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဟာ တစ်နှစ်ကို ကျပ် ၄၅သိန်းလောက်ရပါလိမ့်မယ်၊ ဒီတော့ သူတို့နေတဲ့ အိမ်၊ သူတို့စီးတဲ့ကား၊ သူတို့ပိုင်တဲ့ပစ္စည်းတွေကို ကြည့်ရင် သူ့တို့ဝင်ငွေနဲ့ လိုက်လျောညီထွေမှု ရှိမရှိ သိနိုင်ပါတယ်၊ အခြားကိုယ်ပိုင်ရင်းနှီးမြှုတ်နှံမှုများ၊ စီးပွါးရေးလုပ်ငန်းများက ဝင်ငွေတွေရတယ် ဆိုရင်လဲ အဲဒီလုပ်ငန်းများဟာ သန့်ရှင်းစင်ကြယ်တဲ့လုပ်ငန်းများဟုတ်မဟုတ်၊ လူထုဘဝကိုနစ်နာစေတဲ့ လုပ်ငန်းများဟုတ်မဟုတ် လေ့လာကြည့်သင့်ပါတယ်၊

(၂)မိသားစုဟာလဲ အရေးကြီးပါတယ်၊ တကယ်တော့ လာဘ်ငွေ ဆိုတာ တာဝန်ရှိသူဆီ တိုက်ရိုက်လာတာမဟုတ်ပဲ နောက်ဖေးပေါက်ကဝင်တာပါ၊ တာဝန်ရှိသူတွေရဲ့ အိမ်ထောင်ဘက်တွေ၊ သားသမီး၊ သားမက်၊ ချွေးမတွေဟာ လာဘ်ငွေလက်ခံရာ တံခါးပေါက်ကြီးများ ဖြစ်တတ်ကြပါတယ်၊ ဒီတော့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ မိသားစုဝင်များကိုလဲ လေ့လာသင့်ပါတယ်၊ လာဘ်ယူခြင်းတင်မက  လွှတ်တော်ကိုယ်စားလှယ်ရဲ့ အရှိန်အဝါကိုသုံးပြီး ဒီမိသားစုဝင်တွေက လူထုအပေါ်မောက်မာရိုင်းပျတာ၊ အထူးအခွင့်အရေးတွေ ရယူနေတာ ရှိမရှိကိုလဲ လေ့လာရမှာပါ၊

(၃) ကိုယ်စားပြုပါတီ ကလဲ အရေးကြီးပါတယ်၊ ၂၀၁၀ ရွေးကောက်ပွဲကာလမှာတုံးက လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ချို့ဟာ သက်ဆိုင်ရာပါတီက ရွေးချယ်တာဝန်ပေးလို့မဟုတ်ပဲ မှတ်ပုံတင်ကြေး ကျပ် ၅သိန်းဆောင်နိုင်လို့၊ ရွေးကောက်ပွဲကုန်ကျစားရိတ်တွေတတ်နိုင်လို့ ပါတီတွေနဲ့ နားလည်မှုရပြီး ရွေးကောက်ပွဲဝင်ခဲ့ကြတာရှိပါတယ်၊ ရွေးကောက်ပွဲမှာ အနိုင်ရပြီးတဲ့နောက် မိမိပါတီ အခြေအနေမကောင်းတော့တဲ့အချိန်မှာ ပါတီက နှုတ်ထွက်ပြီး အခြားပါတီတစ်ခုကို ကူးပြောင်းသွားသူများလဲ ရှိကြပါတယ်၊ ကိုယ်တိုင် ရွေးချယ်ပါဝင်တဲ့ ပါတီကိုတောင် သစ္စာမရှိသူဟာ မဲဆန္ဒရှင်များအပေါ်မှာလဲ သစ္စာရှိလိမ့်မယ်မထင်ပါ၊ ၂၀၁၅ ရွေးကောက်ပွဲမှာလဲ ပိုက်ဆံချမ်းသာသူတွေက နံမည်ကြီးပါတီကြီးတွေကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်ကြဦးမှာပါ၊

(၄) ကိုယ်ကျင့်တရားဟာလဲ အင်မတန်အရေးကြီးပါတယ်၊ သာမာန်လူတစ်ယောက်မဟုတ်ပဲ ပြည်သူကို ကိုယ်စားပြုမည့် လွှတ်တော်ကိုယ်စားလှယ်ဟာ ကိုယ်ကျင့်သိက္ခာမှာ ပြည်သူက စံထားရလောက်အောင် စင်ကြယ်သင့်ပါတယ်၊ လူဆိုတာ အမှားနဲ့မကင်းတတ်တာမို့ အနည်းဆုံးတော့ အမှားနည်းသူဖြစ်ဖို့လိုပါတယ်၊ လူငယ်ဘဝမှာ ကိုယ်ရေးကိုယ်တာ အမှားအယွင်းတွေရှိခဲ့ရင်တောင်မှ နိုင်ငံရေးနယ်ပယ်ထဲဝင်ရောက်ချိန်မှာ အတတ်နိုင်ဆုံးစင်ကြယ်သင့်ပါတယ်၊ အများအကျိုးပြုခဲ့တဲ့ စံနမူနာတွေရှိသင့်ပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဟာ အားနည်းသူတွေအပေါ် အင်အားသုံးအနိုင်ကျင့်တတ်တဲ့သူ၊ အိမ်ထောင်ဘက်တွေ တပြိုင်ထဲမှာ အများကြီးရှိတဲ့သူ၊ မကောင်းတဲ့လုပ်ငန်းတွေကို ကိုယ်တိုင်လုပ်ကိုင်နေသူ၊ မဖြစ်ဖို့လိုပါတယ်၊

(၅)ရွေးကောက်ပွဲကတိကဝတ်များနဲ့ အကောင်အထည်ဖော်မှုများကိုလဲ လေ့လာသင့်ပါတယ်၊ ရွေးကောက်ပွဲကာလမှာတုံးက သက်ဆိုင်ရာမဲဆန္ဒနယ်မှာ ၂၄ နာရီမီးလင်းစေရမယ်လို့ ကတိပေးခဲ့ပြီး လက်တွေ့အကောင်အထည်မဖော်ပေးနိုင်တာ၊ ရေတွင်းရေကန်တွေ တူးဖော်ပေးမယ်၊ စာသင်ကျောင်းမှာ ဆရာတွေခန့်ထားပေးမယ်၊ ဆေးရုံမှာ ဆရာဝန်နဲ့ ဆေးဝါးအလုံအလောက်ရှိစေရမယ်လို့ ကတိပေးပြီး အရွေးခံရပြီးတဲ့နောက် မသိချင်ယောင်ဆောင်နေတာ၊ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ အစွမ်းကုန်ညှိနှိုင်းဆောင်ရွက်မယ်လို့ ကတိပေးခဲ့ပြီး လွှတ်တော်ထဲရောက်တော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ရွှေလက်နဲ့ ခေါ်လို့မရရင် ကျည်ဆံနဲ့ခေါ်ရမယ်လို့ ကြိမ်းဝါးတာ၊ စသဖြင့် ကတိကဝတ်များဆိုင်ရာ လေ့လာသုံးသပ်ဖို့လဲလိုပါတယ်၊

(၆)ရွေးကောက်ပွဲကို ဘယ်လိုနိုင်ခဲ့သလဲ ဆိုတာလဲ လေ့လာသင့်ပါတယ်၊ ရိုးရိုးသားသား ပြိုင်ဆိုင်ပြီး ရိုးရိုးသားသား အနိုင်ရခဲ့သူတွေ ရှိသလို မဲရုံမှူးနဲ့ ရွေးကောက်ပွဲကော်မရှင်၊ ဒေသအာဏာပိုင်တွေနဲ့ပေါင်းပြီး မဲခိုးလို့၊ မတော်မရားလုပ်ပြီး အနိုင်ရသူလဲ ရှိတတ်ပါတယ်၊ တစ်ဦးတည်းသောပြိုင်ဘက်ကို အောက်လမ်းနည်းတွေနဲ့ ရွေးကောက်ပွဲက ထွက်သွားရအောင် ဖန်တီးပြီး အနိုင်ရသူတွေလဲ ရှိတတ်ပါတယ်၊ ကိုယ်တိုင်ဦးဆောင်တဲ့ ဒေသဆိုင်ရာ ပြည်သူ့စစ်လို လက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူတွေကို ခြိမ်းခြောက်အကြပ်ကိုင်ပြီး မဲရခဲ့သူတွေလဲ ရှိနိုင်ပါတယ်၊ မတရားရရှိထားတဲ့ ပိုက်ဆံတွေနဲ့ မဲဝယ်ပြီး အနိုင်ရခဲ့သူတွေလဲ ရှိနိုင်ပါတယ်၊

(၇)လွှတ်တော်ထဲမှာ ဘယ်လို ရပ်တည်သလဲ၊ ဘယ်လို ဥပဒေတွေကို တင်သွင်းခဲ့၊ ထောက်ခံခဲ့၊ ကန့်ကွက်ခဲ့သလဲ ဆိုတာကိုလဲ လေ့လာရမှာပါ၊ စစ်အစိုးရအဆက်ဆက်က ဒီမိုကရေစီလှုပ်ရှားသူတွေကို ချိုးနှိမ်ဖို့ရည်ရွယ်ပြဋ္ဌန်းခဲ့တဲ့ ဥပဒေတွေ၊ အမိန့်တွေကို ဖျက်သိမ်းဖို့ ဦးဆောင်အဆိုပြူရင်၊ အဆိုကို ထောက်ခံရင် ဒါလေးစားရမည့် လူထုကိုယ်စားလှယ်ပါ၊ မတရားတဲ့ဥပဒေတွေ ဆက်လက်ရှင်သန်ရေးဘက်ကရပ်တည်ရင်၊ ဘာမှဝင်မပြောရဲလို့ ကြားနေရင်တော့ လေးစားလောက်သူမဟုတ်နိုင်ပါ၊ လူထုရဲ့ အခြေခံအခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေကို ကန့်သတ်တဲ့၊ ပိတ်ပင်ဟန့်တားတဲ့ ဥပဒေတွေကို ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌန်းပြီ ဆိုရင် မိမိတို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်က ဘယ်ဘက်ကရပ်တည်သလဲဆိုတာ လေ့လာသုံးသပ်ဖို့အရေးကြီးပါတယ်၊

(၈) လွှတ်တော်ထဲမှာ မိမိတို့ဒေသအကျိုးစီးပွါးအတွက် မိမိတို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်က ဘာတွေဆောင်ရွက်ပေးခဲ့သလဲဆိုတာလဲ လေ့လာရမှာပါ၊ လွှတ်တော်ကိုယ်စားလှယ်ရဲ့ စွမ်းဆောင်မှုကြောင့် မဲဆန္ဒနယ်အတွင်းမှာ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ ဘယ်လို၊ ဘယ်လောက် ဖြစ်ထွန်းခဲ့သလဲ၊ မီးရရှိမှု၊ ရေရရှိမှု၊ စာသင်ကျောင်းတွေမှာ ဆရာ နဲ့ အထောက်အကူပစ္စည်းအလုံအလောက်ရှိမှု၊ ဆေးရုံမှာ ဆေးဝါးနဲ့ ဆရာဝန်၊ သူနာပြုတွေ အလုံအလောက်ရှိမှု၊ လမ်းတွေကောင်းလာသလား၊ တံတားတွေခိုင်ခန့်လာသလား၊ စီးပွါးရေးတိုးတက်မှု၊ အလုပ်လက်မဲ့အခြေအနေ စသဖြင့် ဒေသဆိုင်ရာစံနှုံးများနဲ့ တိုင်းတာလေ့လာသင့်ပါတယ်၊

(၉) လွှတ်တော်ကိုယ်စားလှယ်နဲ့ မဲဆန္ဒရှင်ပြည်သူများရဲ့ ဆက်ဆံရေးကိုလဲ လေ့လာရမှာပါ၊ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဟာ မိမိရဲ့ မဲဆန္ဒနယ်အတွင်းက ပြည်သူများကို အဆင့်အတန်းမခွဲခြားပဲ ဆက်ဆံဖို့၊ ကူညီဖို့တာဝန်ရှိပါတယ်၊ မိမိကို မဲပေးသူ၊ ရန်ပုံငွေထည့်သူနဲ့ မဲမပေးသူဆိုပြီး ခွဲခြားဆက်ဆံလို့မရပါ၊ မဲဆန္ဒရှင်များက မိမိထံလာရောက်နိုင်ဖို့ မိမိရဲ့ ရုံးတံခါးကို (ရုံးချိန်အတွင်း) အမြဲဖွင့်ထားဖို့လိုအပ်သလို မိမိထံမလာရောက်နိုင်တဲ့ မဲဆန္ဒရှင်များထံကိုလဲ ကိုယ်တိုင်ကိုယ်ကျ သွားရောက်တွေ့ဆုံပြီး သူတို့အသံကို နားထောင်ဖို့၊ သူတို့ပြဿနာကို ကူညီဖြေရှင်းပေးဖို့လိုပါတယ်၊ ဝေဘန်မှုများကိုလဲ လေးလေးစားစားလက်ခံဖို့လိုပါတယ်၊ သဘောထားကွဲလွဲမှုတွေကိုလဲ လေးလေးစားစားဖြေရှင်းပြနိုင်ရပါမယ်၊

အပြုသဘောဆောင်၍ချဉ်းကပ်ပါ၊ အမှားများရင် တိုင်တန်းပါ၊

လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကို မဲဆန္ဒရှင်များက စောင့်ကြည့်လေ့လာရာမှာ အထက်မှာဖော်ပြခဲ့တဲ့ အချက် ၉ ချက်ကို အနည်းဆုံးအခြေခံလေ့လာသင့်ပါတယ်၊ အဲဒီလို စောင့်ကြည့်လေ့လာရာမှာ အပြုသဘောဆောင်ဖို့လိုပါတယ်၊ ရန်သဘောမဆောင်သင့်ပါ၊ လွှတ်တော်ကိုယ်စားလှယ်ရဲ့ ဆောင်ရွက်ချက်တွေအပေါ်မှာ မျှမျှတတဝေဘန်ဖို့လိုပါတယ်၊ အမှားအယွင်းအနည်းငယ်တွေ့ရင် (ဒါမှမဟုတ်) မှားတယ်လို့ထင်ရင်  လွှတ်တော်ကိုယ်စားလှယ်နဲ့ တိုက်ရိုက်တွေ့ဆုံခွင့်ရဖို့ ကြိုးစားပြီး မိမိတို့ရဲ့စိုးရိမ်မှုကို ဖော်ထုတ်သင့်ပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်ကိုလဲ ဖြေရှင်းခွင့်ပေးသင့်ပါတယ်၊ မှန်တာတွေလုပ်ရင်လဲ အများသိအောင် ထောက်ခံအားပေးသင့်ပါတယ်၊

လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဟာ ရွေးကောက်ပွဲကာလမှာရော၊ ရွေးကောက်ပွဲအနိုင်ရလို့ လွှတ်တော်တာဝန်တွေကို ထမ်းဆောင်နေချိန်မှာရော မိမိရဲ့ မဲဆန္ဒရှင်ပြည်သူများနဲ့ တိုင်းပြည်အပေါ်မှာ တာဝန်ရှိပါတယ်၊ မဲဆန္ဒရှင်ပြည်သူများအနေနဲ့လဲ ရွေးကောက်ပွဲမှာ မဲပေးရုံနဲ့တင်မပြီးပဲ လွှတ်တော်ကိုယ်စားလှယ်က မဲဆန္ဒရှင်များကို လွှတ်တော်ထဲမှာ အမှန်တကယ်ကိုယ်စားပြုမပြု အစဉ်မပြတ် စောင့်ကြည့်လေ့လာဖို့လိုပါတယ်၊ အမှားအယွင်းတွေတွေ့ပြီး အပြုသဘောထောက်ပြဝေဘန်လို့မှ လွှတ်တော်ကိုယ်စားလှယ်က ပြင်ဆင်ခြင်းမရှိရင်ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကပေးထားတဲ့ မဲဆန္ဒရှင်များရဲ့ အခွင့်အရေးကို ထိထိရောက်ရောက်အသုံးချပြီး၊ မဲဆန္ဒရှင် အနည်းဆုံး တစ်ရာခိုင်နှုံးကို စည်းရုံးလို့ ရွေးကောက်ပွဲကော်မရှင်ကို တိုင်တန်းကြဖို့ ဖြစ်ပါတယ်၊ ရွေးကောက်ပွဲကော်မရှင်က ဒီကိုယ်စားလှယ်ကို မဖယ်ရှားနိုင်ရင်တောင်မှ နောက်လာမည့် ရွေးကောက်ပွဲမှာ မဲမပေးခြင်းဖြင့် ပြည်သူ့ကိုယ်စားလှယ်အဖြစ်မထိုက်တန်သူကို ပြည်သူများကိုယ်တိုင်က ဖယ်ရှားနိုင်မှာပါ၊

ဒီလိုနဲ့  မြို့နယ်အသီးသီးမှာ  လွှတ်တော်ကိုယ်စားလှယ်စောင့်ကြပ်လေ့လာရေးအစုအဖွဲ့ကလေးတွေ ပေါ်ပေါက်လာပြီး လွှတ်တော်ကိုယ်စားလှယ်နဲ့ မဲဆန္ဒရှင်ပြည်သူများအကြား အပေါင်းလက္ခဏာဆောင်တဲ့ ဆက်ဆံရေးကို ဖန်တီးတည်ဆောက်နိုင်မယ်ဆိုရင် မဲဆန္ဒနယ်များအတွက်ရော၊ တိုင်းပြည်အတွက်ပါ အကျိုးရှိမှာဖြစ်တဲ့အပြင် ပိုပြီးသန့်စင်ပြီး ပိုပြီးအားကိုးရတဲ့ ပြည်သူတွေရဲ့ လွှတ်တော်ကြီးဖြစ်လာမှာပါ၊

လေးစားစွာ

အောင်ဒင်
ဖေဖော်ဝါရီ ၂၆၊ ၂၀၁၃


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts